ဆက်သွယ်ရေး တင်ဒါအကြံပေး လျှောက်ထားမှု ပြည်ပကုမ္မဏီများပြား

ဆက်သွယ်ရေး တင်ဒါအကြံပေး လျှောက်ထားမှု ပြည်ပကုမ္မဏီများပြား
by -
မဇ္စျိမ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေးနှင့် ပတ်သက်သည့် တင်ဒါများ ခေါ်ယူသည့် အခါ တင်ဒါအကြံပေး လုပ်ငန်းများ လုပ်ကိုင်ရန် လျှောက်ထားသူများတွင် နိုင်ငံခြား ကုမ္ပဏီများ ပိုမိုများပြားကြောင်း သိရသည်။

သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထား၍ လာရောက်လျှောက်ထားကြသည့် ကုမ္ပဏီပေါင်း ၆၄ ခုထဲတွင် ပြည်ပကုမ္ပဏီ က အများစုဖြစ်နေကာ စိစစ်ရွေးချယ်နေပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တဦးက ပြော သည်။

“ပြည်ပအဖွဲွှအစည်းတွေက တင်ဒါ ဘယ်လိုခေါ် ရတယ်၊ ဘယ်လိုရေးရတယ်၊ ဘယ်ပုံဘယ်နည်း  ရွေးပုံရွေးနည်းတွေက အစ သူတို့က နားလည်တယ်။ ဒါကြောင့် အတိုင်ပင်ခံ ခေါ်တာပါ။ သူတို့က တင်ဒါ ခေါ်တာနဲ့ ပတ်သက်ပြီး အစအဆုံး လုပ်ပေးရမှာပါ” ဟု ဆိုသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု ကဏ္ဍ လျှင်မြန်စွာ တိုးတက်ရန်အတွက်လည်း ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန််ကြီးဦးသိန််းထွန်းက သြဂုတ်လ ၁ဝ ရက်နေ့တွင် ကျင်းပသည့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အသေးစိတ်ညှိိနှို်င်း အစည်းအဝေးတခုတွင် “ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် အမြဲတမ်း လမ်းကြောင်းမှန်ပေါ် ရှိနေစေရန် ဆောင်ရွက်နေသည်” ဟု ဝန်ကြီးက ပြောသည်။ 

ဆက်သွယ်ရေး လုပ်ငန််းများတွင် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်း မိုဘိုင်းဖုန်း လုပ်ငန်းရှင် တဦးကလည်း “ ဆက်သွယ်ရေး လုပ်ငန်းတွေကို ပုဂ္ဂလိက ပေးမယ်ဆိုရင်၊ လုပ်ငန််းပိုင်းမှာ လုပ်နည်းလုပ်ဟန်တွေကို ပြောင်းချင်တယ်ဆိုရင် ဆက်သွယ်ရေး အနေနဲ့ ကိုင်ထားတာတွေ သိပ်မလုပ်ဘဲ လိုချင်တဲ့ ကုမ္ပဏီကို အကောင်းဆုံး လုပ်နိုင်တယ်ဆိုရင် ယှဉ်ပြိုင်ပြီး အကောင်းဆုံး ပေးလိုက်တာ ကောင်းပါတယ်။ လုပ်ငန်းရှင် ရင်းနှီးမြှုပ်နှံချင်သလောက် ရင်းနှီးမြှပ်နှံခွင့် ပေးလိုက်မယ်ဆိုရင် ကောင်းပါတယ်။ သူတို့ နည်းပညာပိုင်းကို ဘယ်လောက် လုပ်ပေးနိုင်သလဲ၊ ဘာတွေ ကောင်းအောင် လုပ်ပေးနိုင်သလဲ။ ဒါတွေကို ကြည့်ပြီး လုပ်ကိုင်ခွင့် ပေးမယ်ဆိုရင် ကောင်းပါတယ်” ဟု သုံးသပ်ပြောသွားသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရန်အတွက် တင်ဒါခေါ်ယူ လျက်ရှိရာ GSM SIM ကတ်  ငါးသိန်းကျော်နှင့် WCDMA SIM ကတ် နှစ်သန်းခွဲကျော် ဝယ်ယူမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တဦးက ပြောဆိုထားသည်။

ကျပ်ငွေဖြင့် ဝယ်ယူမည့် တင်ဒါခေါ်ယူခြင်းကို သြဂုတ်လ ၂ ရက်နေ့မှ စတင်ခဲ့ပြီး ၁၇ ရက်နေ့ နောက်ဆုံးထား၍ တင်ဒါ သိမ်းမည် ဖြစ်ကြောင်း သိရသည်။

Most read this week