ဟိန္ဒူမိသားစု ၁၈ စု စစ်တွေမြို့ထဲသို့ ပြောင်းရွေ့

ဟိန္ဒူမိသားစု ၁၈ စု စစ်တွေမြို့ထဲသို့ ပြောင်းရွေ့
by -
နိရဥ္စရာ

စစ်တွေ သဲချောင်း စခန်းတွင် မွတ်ဆလင် ဒုက္ခသည်များနှင့် အတူ ခိုလုံနေသည့် ဟိန္ဒူမိသားစု ၁၈ စုကို ယမန်နေ့က စစ်တွေမြို့ထဲရှိ ဟိန္ဒူ ဘုရားရှိခိုးကျောင်း တစ်ကျောင်းသို့ ပြောင်းရွှေ့လိုက်သည်ဟု သိရသည်။

“ နေ့လည် တစ်နာရီမှာ လုံထိန်း ကားနှစ်စီးနဲ့ အတူ သဲချောင်း ဒုက္ခသည် စခန်းကနေ မင်းဗာကြီးလမ်းမှာ ရှိနေတဲ့ ဟိန္ဒူ ဘုရားကျောင်းကို ပြောင်းရွှေ့ပေးလိုက်တာ ဖြစ်ပါတယ်” ဟု ၀ံလက် ဖေါင်ဒေရှင်းမှ ကိုခိုင်ကောင်းစံက ပြောသည်။

ယခု မြို့ထဲသို့ ပြောင်းရွှေ့လာသူ ဟိန္ဒူမိသားစု ၁၈ စုတွင်  လူဦးရေ ၉၈ ဦးပါ၀င်ကြောင်း သိရသည်။

ယခင်သူတို့မှာ နာဇီရပ်ကွက်တွင် ရခိုင်၊ မာရာမာကြီး၊ မွတ်ဆလင် လူမျိုးများနှင့် ရောနှောနေထိုင်ခဲ့ပြီး ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ် အတွင်း နာဇီရပ်ကွက် မီးရှို့ခံခဲ့ရသဖြင့် မွတ်ဆလင်များနှင့် အတူ သဲချောင်းသို့ ပြောင်းရွှေ့ခံခဲ့ရသည်။

“ ဟိုမှာ နေရတာက ဘာသာ မတူဘူး။ စာရေးသောက်ရေးက အစ ပြဿနာ ရှိတယ်လို့ သူတို့က ပြောပါတယ်။ ဒါနဲ့ အထက် အာဏာပိုင်တွေကို သူတို့ရဲ့ အခက်အခဲတွေကို တင်ပြတော့ အာဏာပိုင်တွေက လိုလိုလားလားနဲ့ မြို့ထဲက ဘုရားကျောင်းကို ပြောင်းရွေ့ပေးလိုက်တာ ဖြစ်ပါတယ်” ဟု ကိုခိုင်ကောင်းစံက ပြောသည်။

သဲချောင်း ဒုက္ခသည် စခန်းတွင် လူတစ်ဦးအား တစ််နေ့ ဆန် ၂ ဗူးကျ ထုတ်ပေးပြီး တစ်ခြား မီးဖိုချောင်သုံး ပစ္စည်းများအားလည်း အခါအားလျော်စွာ ထောက်ပံ့ကူညီသည်ဟု ဆိုသည်။

သို့သော်လည်း သဲချောင်းရှိ မွတ်ဆလင် ဒုက္ခသည် စခန်းများတွင် လူမူရေးအရ ခြိမ်းခြောက် ကျူးလွန်မူများ ရှိနေသဖြင့် သမီးပျိုရှိသူ မိသားစုများ အနေဖြင့် စခန်းထဲတွင်ပင် မိသားစု အလိုက်ကင်းစောင့်၍ အိပ်ရသည်ဟု သိရသည်။

ယခုအခါ စစ်တွေတွင် အခြေအနေ တည်ငြိမ် အေးချမ်းလာပြီ ဖြစ်သဖြင့် ကာဗျူးကိုလည်း ယခင် ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ ရှိခဲ့ရာကနေ အခုအခါ ညနေ ရ နာရီမှ ၅ နာရီထိ ၂ နာရီ လျှော့ချလိုက်သည်ဟု ကိုခိုင်ကောင်းစံက ပြောသည်။

ကျောင်းများ၊ စျေးများကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း GTC နည်းပညာကောလိပ်သို့ ကြိုပို့နေသော ကျောင်းကားများတွင် ရဲအစောင့်အရှောက်များ လိုက်ပါနေကြရတုန်း ဖြစ်ကြောင်း သိရသည်။

Most read this week