ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအား ဒုတိယ သမ္မတ အဖြစ်တင်မြှောက်လိုက်သည့် အပေါ် ရခိုင်ပါတီနှစ်ခုက ကြိုဆို

ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအား ဒုတိယ သမ္မတ အဖြစ်တင်မြှောက်လိုက်သည့် အပေါ် ရခိုင်ပါတီနှစ်ခုက ကြိုဆို
by -
နိရဥ္စရာ

တပ်မတော်ရေ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း အား ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည့် အပေါ် ရခိုင်ပါတီနှစ်ခု ဖြစ်သည့် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ကြိုဆိုလိုက်သည်။

NyanTun

ဒုတိယ သမ္မတ အဖြစ် ရေတပ်ဗိုလ်ချုပ်ကြီးကို ဉာဏ်ထွန်းကို တင်မြှောက်လိုက်ခြင်းကို  ကြိုဆိုကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက် ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က နိရဥ္စရာသို့ ပြောသည်။

“ ပင်လယ်ပြင်တွေ အများကြီးရှိတဲ့ ပြည်နယ်တစ်ခုက လွှတ်တော်အမတ် တစ်ဦးရဲ့ ဆန္ဒကတော့ ပင်လယ်ပြင် ဆိုင်ရာနဲ့ တာဝန်ယူ လုပ်ဆောင်ခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ကို ဒု သမ္မတ တင်မြှောက်လိုက်တာကို  ကြိုဆိုပါတယ်။ ဖွဲ့စည်းပုံ အရ   ရေတပ် တာဝန် အကြီးမားဆုံး ထမ်းဆောင်ခဲ့သူ တယောက် ခုလို  ဒုတိယ သမ္မတဖြစ် လာတဲ့ အတွက် ၀မ်းသာ  ကြိုဆိုပါတယ်”  ဟု ဆိုသည်။

ယခု ရွေးချယ်လိုက်သော ဒုတိယ သမ္မတ နေရာမှာ ဘယ်သူကိုဘဲ ရွေးရွေး တိုင်းပြည်အပြောင်းအလဲ ဖြစ်အောင် လုပ် ဆောင်မည့်သူ ဆိုပါက ကြိုဆိုရမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

“ ဘကြီးတို့အနေနဲ့ ဒုတိယသမ္မတကို ဘယ်သူကိုဘဲ ရွေးရွေး ပြည်သူတွေရဲ့ ဘဝ လုံခြံုရေး အခြေအနေဟာ အေးအေး ချမ်းချမ််းနဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်ဆောင်မယ် ဆိုရင် ကြိုဆိုရမှာပါ။ အဲဒါကြောင့် ယခုအချိန်မှာ ဘာမှာ ပြောဆိုစရာ မရှိပါဘူး။”

သဘောထားတင်းမာသူဟု သတ်မှတ်ခံထားရသူ ယခင် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အကြောင်းပြချက်ဖြင့် ရာထူးမှ နုတ်ထွက်စာကို သမ္မတရုံးသို့ ဇူလိုင်လ ၂ ရက်နေ့တွင်တင်ခဲ့သည်။

ဦးတင်အောင်မြင့်ဦး ဒုတိယသမ္မတအဖြစ်မှ နှုတ်ထွက်စာတင်ပြီး လစ်လပ်နေသော သူ့နေရာအတွက် ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဌ ဦးမြင့်ဆွေကို စစ်တပ်က ကိုယ်စားလှယ်များက အမည် စာရင်း တင်သွင်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမှာ သူ၏ သားမက်ဖြစ်သူက သြစတေးလျနိုင်ငံသားဖြစ်နေ သောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ အရည်အချင်းနှင့် ဆိုင်သော ပြဌာန်းချက်များနှင့် ညှိစွန်းနေသဖြင့် နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအား အမည်စာရင်း တင်သွင်းခဲ့သည်။

တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသော တပ်မတော်သား လွှတ်တော်အမတ်များ၏ အဆိုတင်သွင်းမှုကို လွှတ်တော်က အတည်ပြုလိုက်သဖြင့် ဒုသမ္မတဖြစ်လာခြင်း ဖြစ်သည်။

ဒုတိယ သမ္မတ ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းမှာ စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ကျောင်းဆင်း တဦးဖြစ် သည်ဟု သိရသည်။

လစ်လပ်နေသော ဒုတိယသမ္မတ ရာထူးအတွက် တခြား ထင်ကြေးပေး ခံနေရသူများဖြစ်သည့် ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ကာကွယ်ရေး ဝန်ကြီး ဌာနက ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ ဖြစ်ကြပြီး ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းသည် သူတို့ (၃) ဦးကို ကျော်ဖြတ်ပြီး ဒုတိယ သမ္မတ ဖြစ်လာသည်။

Most read this week