ယခုနှစ် အာရှနိုင်ငံတကာ ကလေးများရုပ်ရှင်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမှ လူငယ် ဒါရိုက်တာများကို ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ထုတ်ပြန်ချက်တရပ် က ဆိုသည်။
အသက် ၁၂နှစ်မှ ၁၈နှစ်အတွင်းရှိ ခေါင်းဆောင် တဦး အပါအဝင် စုစုပေါင်း ၁၀ ဦးကို “သင့်အတွက်ဘဝ” (Meaning of Life for you) ဖြင့် လာမည့် နိုဝင်ဘာ ၂၄ရက် တွင် ဂျပန်နိုင်ငံ မီနာမိအာဝဂျိမြို့မှာ ကျင်းပမည့် ရုပ်ရှင်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
ယင်းခေါင်းစဉ်ဖြင့် ၃ မိနစ်စာ အတိအကျ ဇာတ်လမ်းတို ပုံဖော်ရာတွင် ခင်မင်ရင်းနှီးမှုနှင့် ဝါသနာ၊ သဘာဝပတ်ဝန်းကျင်ပြဿနာများနှင့် ငလျင် အစရှိသော သဘာဝ ဘေးအန္တရာယ်များ၊ စစ်ပွဲများ အစရှိသည့် မိမိနှင့် အနီးတစ်ဝိုက်တွင် ရှိနေသော ကဏ္ဍများမှတစ်ဆင့် ကမ္ဘာကြီးနဲ့ ဆက်စပ်တဲ့ အကြောင်းအရာမျိုးအထိ အိမ်သုံး ဗီဒီယိုကင်မရာဖြင့် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ် ရိုက်ကူးစေလိုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းရုပ်ရှင် ပွဲတော်တွင် တင်ပြရမည့် ဇာတ်လမ်းတို အရေအတွက်မှာ နိုင်ငံတစ်နိုင်ငံလျှင် စိစစ်ရွေးချယ်ပြီး ဇာတ်လမ်း တို အများဆုံး သုံးကားဖြစ်ပြီး ဇာတ်လမ်းများကို တဦးတယောက်ချင်းသော် လည်းကောင်း၊ အများစုပေါင်း လုပ်ဆောင်ခြင်းသော် လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရှိသည်။
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဇာတ်လမ်းတိုများကို လက်ခံနေပြီး
ဖြစ်သည်။ ယင်းအစည်းအရုံးးက စီစစ်ရွေးချယ်၍ စက်တင်ဘာလ ရ ရက် (သောကြာနေ့) နောက်အကျဆုံး ထားပြီး ဂျပန်သံရုံးသို့ ပေးပိုသွားမည်။
ယှဉ်ပြိုင်လိုသူများသည် ဇာတ်လမ်းများကို ဒီဗီဒီတစ်ချပ်တွင် စုစည်းကာ ဇာတ်လမ်းတစ်ခုစီအလိုက် ခေါင်းစဉ်၊ ရိုက်ကူးသူနှင့် တက်ရောက်နေသော ကျောင်းအမည်ကို ထည့်သွင်းဖေါ်ပြရမည်။