ရခိုင်ပါတီနှစ်ခုမှ ခေါင်းဆောင်များ နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံ

ရခိုင်ပါတီနှစ်ခုမှ ခေါင်းဆောင်များ နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် ရခိုင်ပါတီနှစ်ခုမှ ခေါင်းဆောင်များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖိတ်ခေါ် တွေ့ဆုံခဲ့သည်ဟု သတင်းရရှိသည်။

RNDP-ALD-political-parties

ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD မှ ခေါင်းဆောင်များသည် သြဂတ်လ ၈ ရက်နေ့က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးရာတွင် ပါ၀င်ခဲ့သူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က တွေ့ဆုံဆွေးနွေးခဲ့ သည့် အကြောင်းအရာများနှင့် ပတ်သက်၍ နိရဥ္စရာသို့ ပြောသည်။

“ ဘကြီးတို့နဲ့ နေ့လည် ၂ နာရီကနေ ၄ နာရီထိ ရွှေးကောက်ပွဲ ကော်မရှင်နဲ့တွေ့တယ်။ ၄ နာရီမှာ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ တယ်။  သမ္မတနဲ့ တွေ့တဲ့အခါမှာ အဓိက ရခိုင်ပြည်နယ် ပြဿနာကို တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ဖြစ်စေချင်တယ်။ အဲဒီလို ဖြစ်မှသာ နောက်ထပ် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ပြန်လည်တည်ဆောက်ရေး တွေကိုလုပ်နိုင်မယ်။ အဲဒီလို လုပ်တဲ့အခါမှာ နိုင်ငံရေး ပါတီတွေကပါ ၀ိုင်းဝန်း ပူးပေါင်းပြီးတော့ တည်ငြိမ်အောင် လုပ်ပေးဖို့အတွက် မေတ္တာရပ်ခံပါတယ်။ သမ္မတကိုလည်း တည်တည်ငြိမ်ငြိမ်ဖြစ်အောင် အားလုံးက ၀ိုင်း ကြိုးပမ်း ဆောင်ရွက်ပေးကြမယ်လို့ ပြောကြားခဲ့ပါတယ်” ဟုဆိုသည်။

ဆွေးနွေးပွဲသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီမှ ဥက္ကဌ ဦးအေးသာအောင်၊ ဒုဥက္ကဌ ဦးကျော်မြင့်၊ အတွင်း ရေး မှူး ဦးမျိုးကျော်၊ ဗဟိုကော်မီတီအဖွဲ့ဝင် ဦးထွန်းညို၊ ဦးလှမြင့်၊ ဦးထွန်းရွှေနှင့် ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီမှာ ဥက္ကဌ ဒေါက်တာအေးမောင်၊ ဦးဘရှိန်၊ ဦးဖေသန်း၊ ဦးထွန်းအောင်ကျော်တို့ တက်ရောက်ခဲ့သည်။

မြန်မာအစိုးရဖက်မှ ကော်မရှင် ဥက္ကဌ ဦးတင်အေး၊ ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ နယ် စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

Most read this week