စဂါပါကျေးရွာဒေသခံများနေအိမ်မှ ကျပ်သိန်း ၈၀ ခန့် အစိုးရတပ်များ လုယူသွား

စဂါပါကျေးရွာဒေသခံများနေအိမ်မှ ကျပ်သိန်း ၈၀ ခန့် အစိုးရတပ်များ လုယူသွား
by -
ကချင်သတင်းဌာန

မြန်မာအစိုးရစစ်တပ်ဖွဲ့များသည် ကချင်ပြည်နယ် ၀ုိင်းမော်မြို့ ဆဒုံးသွားလမ်း စဂါပါ (Saga Pa) ကျေးရွာတွင် ဒေသခံများနေအိမ်မှငွေများကို အသိမပေးပဲ စစ်သားများက နေအိမ်အသီးသီးတွင် အဓမ္မရှာဖွေ မွှေနှောက်ကာ ကျပ်သိန်း ၈၀ ခန့်ကို လုယူသွားခဲ့ကြောင်း ဒေသခံများပြောသည်။

sadung_600_400
သြဂုတ်လ ၁၁ ရက်နေ့တွင် စဂါပါကျေးရွာအနီး မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အစိုးရစစ်တပ်ဖွဲ့ အင်အား ၁၀၀ ကျော်ခန့်သည် ကျေးရွာအတွင်း ၀င်ရောက်လာကာ ရွာသားများကို ခေါ်၍  အိမ် ၅ အိမ်တွင် ခေါ်သွင်းထားပြီး ၄င်းတို့နေအိမ်များမှ ငွေများရှာဖွေ ယူသွားခဲ့ကြောင်း ဒေသခံတစ်ဦးပြောသည်။

“ရွာသားတွေကိုတော့ အိမ် ၅ အိမ်မှာ စုထားတယ်။ ပြီးတော့ တချို့ကစောင့်နေတယ်။ တချို့က အိမ်တိုင်းမှာ လိုက်ရှာယူကြတယ်။ အသင်းတော်က တရုတ်ငွေ ၂၁၀၀၀ ပါသွားတယ်။ ရွာကအိမ်ထဲကတော့ တစ်အိမ်က ၁ သိန်း ၂ သိန်းပါသွားကြတယ်။ သူတို့ရွာထဲဝင်လာတာက ၉ နာရီလောက်မှာ.. ပြန်သွားတာက ၂ နာရီလောက်မှ ပြန်သွားကြတယ်။ သူတို့ ပြန်ပြီးတဲ့အခါ အကုန်လုံးအိမ်ပြန်ကြည့်တော့ ရှိသမျှအကုန်ပါသွားပြီလေ။ သူတို့ကပြောတာပဲ နင်တို့တိုင်ချင်ရင် တိုင်ပါ ရတယ်တဲ့” ဟု စဂါပါ ဒေသခံတစ်ဦးကပြောသည်။

စဂါပါဒေသခံကျေးရွာသားများကို တခြားနေအိမ်များတွင် ခေါ်ယူစုထားပြီး ၄င်းတို့နေအိမ်များတွင် စစ်သားများက မွှေနှောက်ပြီး မိသားစုပိုင်ငွေများနှင့် ခရစ်ယာန်ဘုရားကျောင်းမှ အလှူငွေများကိုပါ အဓမ္မလိုက်လံရှာဖွေယူ ဆောင်သွားခြင်းကြောင့် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။

ထိုသို့ စဂါပါကျေးရွာတွင် အဓမ္မငွေများဝင်ရောက်ယူဆောင်သွားခဲ့သော အစိုးရတပ်ဖွဲ့များသည် တပ်မ ၈၈ လက်အောက်ခံတပ်ဖွဲ့များဖြစ်ကြောင်း သိရသည်။

ဒေသခံကျေးရွာသားများသည် အစိုးရတပ်ဖွဲ့မှ ယူဆောင်သွားသော ငွေကြေးတန်ဖိုးများကို စာရင်းပြုစု၍ ပြန်လည်ရယူနိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များထံ စာဖြင့်တောင်းဆိုသွားရန်ပြင်ဆင်ထားသည်ဟု သိရသည်။

အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှစ်ဖက် တင်းမာမှုရှိနေချိန်တွင် တိုက်ပွဲများဖြစ်ပွားနေချိန် ကာလများတွင် အစိုးရစစ်သားများသည်  ရိက္ခာပြတ်လပ်မှုပြဿနာများရင်ဆိုင်နေရခြင်းကြောင့် ဒေသခံရွာသားများထံမှ တောင်းရမ်းစားသောက်ခြင်း၊ စိုက်ခင်းများ မှအသီးအနှံများကို ခူးယူစားသောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများပြောသည်။

Most read this week