ကျောင်းကုန်း ရေဘေး အကူအညီများစွာ လိုအပ်နေ

ကျောင်းကုန်း ရေဘေး အကူအညီများစွာ လိုအပ်နေ
by -
မဇ္စျိမ

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်အတွင်း ရပ်ကွက် သုံးခုနှင့် ရွာပေါင်း ၁၈ ရွာတွင် ရေကြီး နစ်မြုပ်လျက်ရှိရာ ထိုဒေသတွင်းရှိ ရေဘေးသင့် ပြည်သူ များအတွက် ဆန်အပါအဝင် ဆေးဝါးများ အကူအညီ လိုအပ်လျက်ရှိသည်ဟု ရေဘေး ကယ်ဆယ်ရေး တာဝန်ယူထားသည့် တပ်မတော် အရာရှိကြီး တဦးက ပြောသည်။

ဒါးက မြစ်ရေ မြင့်တက်ခြင်းကြောင့် ရေကြီးလျက်ရှိသည့် ဧရာဝတီတိုုင်း၊ ကျောင်းကုန်းမြို့ မြို့မစျေးတွင် စျေးဝယ်လာသူများကို သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - သိင်္ဂီထွန်း၊ မဇ္ဈိမ)

“ဆန်ကိုတော့ တနေ့ကို တယောက် နှစ်ဗူးနှုန်းနဲ့ ပေးနေတယ်။ ထမင်းက အဓိကဆိုတော့ ဆန်ကိုပဲ ပေးတယ်။ အဝတ်အစားတို့ ဘာတို့ကတော့ သူတို့ဘာသာ ယူလာကြပေါ့။ တခြားဆီတို့ ဘာတို့တော့ မလုပ်ပေးနိုင်သေးဘူး။ အလှူရှင်တွေကတော့ အများကြီးလိုနေသေးတယ်” ဟု တပ်ရင်းမှူး ဗိုလ်မှူးကြီး ဇော်မင်းက မဇ္ဈိမကို ပြောသည်။ 

လက်ရှိအချိန်တွင် ကျောင်းကုန်းမြို့ပေါ် ကယ်ဆယ်ရေးစခန်း ရှစ်ခုရှိ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၃,၃ဝဝ မှ လူဦးရေ ၁၃,ဝဝဝ ကျော်အတွက်သာ ဆန်အကူအညီ ပေးနိုင်သေးပြီး ရွာ ၁၈ ရွာမှ ရေးဘေးသင့် ပြည်သူများကိုမူ အကူအညီပေးနိုင်ခြင်း မရှိသေးပေသည်။

ကယ်ဆယ်ရေးစခန်းများကို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် အားကစားရုံတွင် ပြုလုပ်ထားသည်။ စခန်းချ စာသင်ကျောင်းများလည်း ပိတ်ထားရပြီး အထက်တန်းကျောင်း တကျောင်းသာဖွင့်၍ ကိုးတန်း၊ ဆယ်တန်းကဲ့သို့ အတန်းကြီးများသာ ကျောင်းတက်ရသည်။

မြို့ပေါ် ကယ်ဆယ်ရေး စခန်းများအတွင်း ဖွင့်လှစ်ပေးထားသည့် ဆေးခန်း ခုနှစ်ခုသို့ ဒေသခံ ဆရာဝန်များက အလှည့်ကျသွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရသည်ဟုလည်း တိုင်းကျန်းမာရေး ဦးစီးဌာနမှ
ဒေါက်တာရဲဝင်း က ပြောသည်။

ဒုက္ခသည်များအတွက် အိမ်သာခွက် ၃၀၀ ကို ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ဝေပေးပြီး ဖြစ်သော်လည်း ရေပြန်ကျ သွားပြီး ပြန်လည်ဆောက်လုပ်ပါက လုံလောက်မှုမရှိဘဲ လိုအပ်နေဦးမည် ဖြစ်သည်။

“ဘယ် လောက်နိုင်ပါ့မလဲ။ အိမ်ထောင်စုကို တွက်လိုက်ရင်ပဲ အခု ထပ်တိုးလာတာနဲ့ဆိုရင် မလောက်နိုင်ဘူး။ ၃၀၀ ဆိုတော့ အရမ်းကွာတယ်လေ။ အိမ်သာတွေ အားလုံးကလည်းအခု ရေမြုပ်နေေတော့ လိုအပ် ရင်ထပ်တောင်းရမှာ” ဟု ဒေါက်တာရဲဝင်း က ပြောသည်။

ရေဘေးသင့်သူများ နေရာရွှေ့ပြောင်းပေးမှု၊ သန့်ရှင်းရေး၊ ဆန်ပေးဝေရေး၊ တည်းခိုစခန်း အမိုးအကာများ ပြုလုပ်ပေးခြင်းများကို ပုသိမ် အမြောက်တပ် ရ မှ တာဝန်ယူ လုပ်ဆောင်ပေးလျက် ရှိသည်ဟုလည်း စခန်း ၁ တာဝန်ခံ ဦးအုန်းမြင့်က ပြောသည်။

ကျောင်းကုန်းမြို့ ကမ်းနားလမ်းရှိ အမှတ် ၂ စျေးမှာလည်း ခေါင်မိုးသာ မြင်ရလောက်အောင် ရေနစ်မြုပ်နေ၍ မိုးလုံလေလုံ အားကစားကွင်း ရှေ့တွင် ယာယီစျေးအဖြစ် ထားရှိ ရောင်းချလျက်ရှိသည်။

ကျောင်းကုန်မြို့တွင် နှစ်စဉ်ရေကြီးလေ့ ရှိသော်လည်း ယခုနှစ်တွင် နေအိမ်တွင် နေမရတော့သဖြင့် ကယ်ဆယ်ရေး စခန်းသို့ လာရောက်ခိုလှုံရသူ အသက် ၃၅ နှစ်အရွယ်ရှိ မသီတာလွင်က “အိမ်က စုန်းစုန်းကို မြုပ်နေတာ။ အိမ်ပေါ်မှာ တင် ခါးလောက် ရောက်တယ်” ဟု မဇ္စျိမကို ပြောသည်။

ငဝန်မြစ်၏ မြစ်လက်တက်တခု ဖြစ်သည့် ဒါးက မြစ်ရေသည် ဇူလိုင်လ ပထမပတ်အတွင်း စတင်မြင့်တက် လာခြင်းဖြစ်သည်။ မြို့အတွင်း ကယ်ဆယ်ရေးစခန်းများကို သြဂုတ်လ ၂ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ပြီး ၅ ရက်နေ့တွင် ရေဘေးသင့်သူများကို ပြောင်းရွှေ့ နေထိုင်စေခဲ့ရသည်။

မြို့နယ်အတွင်းရှိ စပါးစိုက်ဧက ၁၆,၀၀၀ အတွက် စပါးပျိုးခင်းများလည်း ရေနစ်မြုပ်ကာ ရေပြန်မကျပါက မျိုးစပါး တင်းပေါင်း ၄,၀၀၀ ခန့်အတွက် ကျပ်ငွေ သိန်း ၂၀၀ ဆုံးရှုံးသွားနိုင်ခြေ ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဌာန တာဝန်ရှိသူ တဦးက ခန့်မှန်း ပြောဆိုထားသည်။