နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံပြီး RNDP ပါတီတွင်းရှင်းလင်း

နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံပြီး RNDP ပါတီတွင်းရှင်းလင်း
by -
မဇ္စျိမ

သမ္မတ ဦးသိန်းစိန် အပါအဝင် ထိပ်တန်း အာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည် များကို ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ခေါင်းဆောင်များက အင်္ဂါနေ့တွင် ပါတီတွင်း အရေးပေါ် အစည်းအဝေး ခေါ်ယူ၍ ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၈ ရက်နေ့က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ် သိန်းဌေးတို့အပြင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး တို့နှင့် RNDP ခေါင်းဆောင်များ ဖြစ်ကြသည့်ဒေါက်တာအေးမောင်၊ ဦးဘရှင်၊ ဦးထွန်းအောင်ကျော်နှင့် ဦးဖေသန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြ သည်များကို ပါတီတွင်း ပြန်လည် ဆွေးနွေးကြခြင်း ဖြစ်ကြောင်း စစ်တွေမြို့နယ် RNDP အတွင်းရေးမှူး ဦးအောင်မြကျော် က ပြောသည်။

“အဓိကကတော့ ကျနော်တို့ရဲ့ ပါတီတွင်း ဆွေးနွေးမှုတွေပါပဲ။ အကြမ်းဖျဉ်း ပြောမယ်ဆို သမ္မတနဲ့ တွေ့တာတွေနဲ့ ပါတ်သက်ပြီး အကုန်လုံး ခြံုငုံပြီး ကျနော်တို့ပါတီနဲ့ ပါတ်သက်တဲ့ မြို့နယ်တိုင်း၊ မြို့နယ်တိုင်းက စည်းရုံးရေးမှူးတွေကို ခေါ်ပြီး လိုအပ်တဲ့ဟာတွေ အစည်းအဝေးထိုင်တဲ့ သဘောပါပဲ။ ပြီးရင် ဥက္ကဋ္ဌတို့ အတွင်းရေးမှူး တို့ရဲ့ ညွှန်ကြားချက်ပေးတဲ့ သဘောပါ” ဟု မဇ္စျိမကို ပြောသည်။

စစ်တွေမြို့ ပါတီရုံးတွင် ပြုလုပ်ခဲ့သည့် အဆိုပါ အစည်းအဝေးသို့ RNDP ဗဟို ခေါင်းဆောင်များအပြင် ရခိုင်ပြည်နယ်၊ မြို့နယ်ခေါင်းဆောင် ၄၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသည့် ပဋိပက္ခများ ရပ်တန့်စေရန်နှင့် ရခိုင် လူထုအား စည်းရုံးဖြောင် းဖြရန် သမ္မတ ဦးသိန်းစိန် က RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ကို သြဂုတ်လ ၈ ရက်နေ့က တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်ကြီး လှမင်းက ရခိုင်ပြည်နယ် ပြဿနာတွင် RNDP ပါဝင်ပတ်သက်မှုများရှိသည် ဟု စွပ်စွဲ ပြောဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။

ပါတီတွင်း ပြန်လည်ဆွေးနွေးချက်များကို သတင်းထုတ်ပြန်သွားမည် မဟုတ်ကြောင်းလည်း ဦးအောင်မြကျော် က ပြောသည်။

ရခိုင်ပြည်နယ် ပြန်လည်တည်ငြိမ်ရေးအတွက် “plan (အစီအမံ)ချမယ့်အပိုင်းက အစိုးရနဲ့ အများကြီး သက်ဆိုင်မှာပါ။ ကျနော်တို့ပါတီကတော့ follow လိုက်ပေးရမှာပါ” ဟု ၎င်းက ဆိုသည်။

လူမျိုးရေး အဓိကရုဏ်များကြောင့် RNDP ပါတီဝင်များအား ဖမ်းဆီး အရေးယူခံထားရမှု မရှိဘဲ ဇွန်လ ၃ ရက်နေ့က စစ်တွေမြို့ စျေးခွန်အရေးအခင်းတွင် အမှတ် ၁ ရဲစခန်းအား လူအုတ်ဖြင့် ဝိုင်းမှုကြောင့် အရေးယူခံရသူများထဲတွင်မူ ၎င်းတို့ ပါတီဝင်အချို့ ပါဝင်သည်ဟု ဦးအောင်မြတ်ကျော် က ပြောဆိုသွားသည်။

Most read this week