သြဂတ်(စ်) ၁၃ စစ်တွေ ဆန္ဒပြဿနာနေ့ ဘင်္ဂလာဒေချ့်နှင့် ထိုင်းနိုင်ငံတွင် ကျင်းပ

သြဂတ်(စ်) ၁၃ စစ်တွေ ဆန္ဒပြဿနာနေ့ ဘင်္ဂလာဒေချ့်နှင့် ထိုင်းနိုင်ငံတွင် ကျင်းပ
by -
နိရဥ္စရာ

သြဂတ်စ်လ ၁၃ ရက်နေ့ ယနေ့တွင် ကျရောက်သော ၄၅နှစ်မြောက် ၁၃သြဂတ်(စ်) စစ်တွေ ဆန်ပြဿနာနေ့ အထိမ်းအမှတ် အခမ်းအနားကို ဘင်္ဂလာဒေချ့် နိုင်ငံ ကော့စ်ဘဇားမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု သတင်း ရရှိသည်။

Arakanese-celebrate
လုံခြံုရေး အခြေအနေကြောင့် အခမ်းအနားအား ကျယ်ကျယ်ဝန်းဝန်း မကျင်းပနိုင်ခဲ့သော်လည်း လူပေါင်း ၂၀ ကျော် တက်ရောက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အခမ်းအနား စီစဉ်ဆောင်ရွက်သူ တဦးဖြစ်သည့် ဦးဖိုးလှက နိရဥ္စရာသို့ ယခုလိုပြော သည်။

“ဒီနေ့ကျရောက်တဲ့ ၁၃သြဂတ်စ်ဟာ ရခိုင်တမျိုးသားလုံးအတွက် မေ့ပျောက် မရနိုင်တဲ့ သမိုင်းဝင်  နေ့တစ်နေ့ ဖြစ်တဲ့အတွက် နောင်လာ နောင်သား တွေအမြဲ သတိရစေဖို့ရယ်၊ အဲဒီဆန်ပြဿနာ အရေးအခင်း အတွင်း လူပေါင်း ၄၀၀ ခန့် ၀န်းကျင် ကို စစ်အစိုးရက ရက်ရက်စက်စက် သတ်ဖြတ် ခဲ့တဲ့ အတွက် ဒီနေ့ကို ရခိုင်တမျိုးသားလုံးက အစဉ်အမြဲ သတိရဖို့ရယ်၊ နောက်တစ်ခုက ကျွန်ဖြစ် နေတဲ့ ကျွန်တော်တို့ လူမျိုး ကျွန်အဖြစ်မှ လွတ်မြောက်အောင် အမြဲတစေ ကြိုးစားဖို့ရယ်တို့ အတွက် ရည်ရွယ်ပြီး ကျင်းပရတာ ဖြစ်ပါတယ်” ဟုပြောသည်။

၄၅ နှစ်မြောက် စစ်တွေ ဆန်ပြဿနာ နေ့အား ကော့စ်ဘဇားမြို့ ( ဖလောင်းချိတ်) တောကျောင်း ဘုန်းတော်ကြီး ကျောင်းတွင် ပြုလုပ်ခဲ့သည်။ ဆွမ်းကျွေး၊ ရေ စက်ချ၊ အမျှဝေ၊ အခမ်းအနားကို မွန်လွဲ ၁နာရီကျော်တွင် စတင်ခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသူ ပုဂ္ဂိုလ်အသီးသီးမှလည်း ၁၃သြဂတ်စ်နေ့ အကြောင်းနှင့်  ပတ်သက်ပြီး ပြောကြားခဲ့ကြသည်။

ဆန်ပြဿနာနေ့ အခမ်း အနား ပြီးဆုံးသည့် နောက်ပိုင်းတွင် သြဂတ်စ် ၁၄ ရက်နေ့တွင် ကျရောက်မည့် စစ်တွေထောင်ထဲတွင် ကွယ်လွန်ခဲ့သော ဆရာကြီး ဦးသာထွန်းအား ရည်စူးပြီး  ကြိုတင် ပူဇော်ကန်တော့ပွဲ တစ်ခုကိုလည်း ပြုလုပ်ခဲ့ကြသည်။

ရှစ်ဆယ်ရှစ် မျိုးဆက် ကိုနိုင်နိုင်မှ ဆရာကြီး ဦးဦးသာထွန်နေ့ အတွက် ဆရာကြီး ဓါတ်ပုံများအား ခန်းနားလှပစွာ ပြင်ဆင် ထားသည့် အခမ်းအနားတွင် တက်ရောက်သူများက တမိနစ်ခန့်ကြာ ငြိမ်သက်စွာ အလေးပြုခဲ့ကြသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း အလားတူ ၁၃သြဂတ်စ် ဆန်ပြဿနာနေ့ အခမ်း အနားအား ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနား သို့တက်ရောက်ခွင့်ရသူ လုံခြံုရေးအရအ မည်မဖေါ်လိုသည့် ပြည်ထဲမှ လူငယ်တဦးက သူ့ခံစားချက်ကို နိရဥ္စရာသို့ ယခုလိုပြောသည်။

“ပြည်ပမှာ ပြုလုပ်တဲ့ အခုလိုအခမ်းအနားကို တက်ရောက်ခွင့် ရတဲ့အတွက် ကျွန်တော် အရမ်း ၀မ်းသာမိပါ တယ်။ မိမိတို့ လူမျိုးတွေဟာ ရောက်တဲ့နိုင်ငံမှာ ကိုယ့်အမျိုးသားတွေထဲက ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုပြီး အမျိုးဘာသာ သာ နာကိုတန်ဖိုးကြတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်”

၎င်းပြင်သူက “ဒါပေမဲ့  ပြည်ထဲမှာဆိုတော့ နှစ်ပေါင်းများစွာ စစ်အစိုးရ အပါအဝင် အစိုးရ အဆက်ဆက်က ဖိနှိပ် အုပ်ချုပ်မှုတွေကြောင့် တချို့လူငယ်တွေဆိုရင် မိမိလူမျိုး ခေါင်းဆောင်တွေနဲ့ ရခိုင်အမျိုးသားတွေရဲ့ နေ့ထူးနေ့မြတ် စတာတွေကို မသိတဲ့ သူတွေ များလာတယ်။ အဲဒါ ကြောင့် ဒီလို အခမ်းအနား တွေကို စဉ်ဆက်မပြတ် ပြုလုပ်ပြီး မျိုးဆက်သစ် လူငယ် တွေ မမေ့ပျောက်အောင် လက်ဆင့်ကမ်း လုပ်သွားဖို့ လိုပါတယ်” ဟုပြောသည်။

စစ်တွေ ဆန်ပြဿာနေ့သည် ၁၉၆၇-ခုနှစ် သြဂတ်စ်လ ၁၃ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံကို အုပ်ချုပ်နေသော ဗိုလ်နေဝင်း ဦးဆောင်သော တော်လှန်ရေး ကောင်စီ အစိုးရသည်  ရခိုင်ပြည်မှ ဆန်များကို ပြည်ပနိုင်ငံများသို့ ထုတ်ရောင်းသောကြောင့် ရခိုင်ပြည်နယ်တွင် ဆန်အကြီးအကျယ် ရှားပါးခဲ့ပြီး အငတ်ဘေးကျရောက်ခဲ့သည်။ အငတ်ဘေး ကျရောက်နေသော ရခိုင်လူထုသည် စစ်တွေမြို့ လမ်းမများပေါ်တွင် ဆန် ရရှိရေး အတွက် ချီတက် တောင်းဆို ဆန္ဒပြကြရာ စစ်တပ်မှ သေနတ်ဖြင့် ပစ်ခတ် ဖြိုခွင်းခဲ့သည်။ သို့အတွက် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရပြီး ထောင်ချီပြီး ပျောက်ဆုံးခဲ့ရသည်။

ထိုကဲ့သို့ ကျဆုံးခဲ့ကြရသူများကို သြဂတ်စ်လ ၁၃ ရက် ရောက်တိုင်း ရခိုင်အမျိုးသားများက ရောက်သည့် နေရာတိုင်းတွင် အောက်မေ့ဖွယ် အခမ်းအနားများကျင်းပပြီး ကျဆုံးခဲ့ကြသူများကို ဂုဏ်ပြုကြသည်။

Most read this week