ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ လယ်သမား ၂,၂၀၀ ၏ လယ်မြေဧက ၁၆,၀၀၀ တွင် စိုက်ပျိုးမည့် စပါးပျိုးခင်းများ မြစ်ရေကြီး၍ နစ်မြုပ်လျက်ရှိပြီး ပျက်စီးနိုင်ဖွယ်ရှိသည်ဟု ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးခင်ဋ္ဌေး က ပြောသည်။
ငဝန်မြစ်၏ လက်တက်တခုဖြစ်သည့် ဒါးက မြစ်ရေမှာ ကျောက်ကုန်းမြို့နယ်နှင့် ကပ်လျက် စီးဆင်းနေပြီး သြဂုတ်လ ၂ ရက်နေ့မှ စတင်မြင့်တက်လာခြင်းကြောင့် ထိုကဲ့သို့ စပါးပျိုးခင်းများ ရေနစ်မြုပ်ကုန်ရခြင်း ဖြစ်သည်။
“ရေမြုပ်တဲ့ လယ်မြေက နှစ်ပတ်အတွင်း ပြန်မကျရင် ပျိုးထောင်ထားတဲ့ လယ်မြေတွေ ပျက်စီးနိုင်ပါတယ်” ဟု ဦးခင်ဌေး က မဇ္စျိမကို ပြောသည်။
တဧက စိုက်ပျိုးရန်အတွက် မျိုးစပါး လေးတင်း ကုန်ကျပြီး စပါး တင်းပေါင်း ၄,၀၀၀ ခန့် ပျက်စီးမည့် အခြေအနေနှင့် လယ်သမားတို့ ကြံုနေကြရခြင်းဖြစ်သည်။ မျိုးစပါး တတင်းလျှင် ကျပ် ၄,၀၀၀ မှသည် ကျပ် ၅,၀၀၀ အထိရှိသည့် အတွက် ကျပ်ငွေ သိန်း ၂၀၀ ခန့်အထိ ဆုံးရှုံးနိုင်မည် ဖြစ်သည်။
“တရက်ကို နှစ်လက်မလောက် ရေက ဆက်တိုးနေပါတယ်။ ရေကျဖို့ကလည်း မမြင်တော့ ရေကျရင် ပြန်စိုက်ဖို့ အမြင့်ပိုင်းတွေမှာ ပျိုးထောင်ထားလို့လည်း မဖြစ်ပါဘူး” ဟု နဂျီကုန်းရွာမှ လယ်သမားကြီး ဦးထွန်းအောင် က ခန့်မှန်းပြောဆိုသည်။
၎င်းပိုင် လယ် ၁၇ ဧကအပြင် ရွာထဲရှိ နေအိမ်ပါ ရေနစ်မြုပ်သွား၍ တာရိုးပေါ်သို့ ပြောင်းရွှေ့နေထိုင်နေရသော ဦးထွန်းအောင် က “ဒီနှစ်က ၀မ်းစပါးတောင် ပြန်ရဖို့ မမြင်ပါဘူး။ မနှစ်က ၁၇ ဧကစိုက်တာ စပါး တင်း ၃၀၀ လောက်ပြန်ရပါသေးတယ်” ဟု ဆက်လက်ပြောဆိုသည်။
မိုးစပါး စိုက်ပျိုးစရိတ်မှာ လယ်တဧကလျှင် ကျပ် ၁၅၀,၀၀၀ ခန့် ရှိပြီး စိုက်ပျိုးရေး ဖွံ့ဖြိုးမှုဘဏ်က တဧကလျှင် ကျပ် ၅၀,၀၀၀ ဖြင့် ချေးပေး၍ ကျန်အရင်းအနှီးများကို လယ်သမားများက ငွေတိုးချေးသူများထံမှ အတိုးနှုန်း တလလျှင် ၁၀၀ ကို ၅ ကျပ်၊ ၁၀ ကျပ် စသည်ဖြင့် ယူကြရကြောင်း နဂျီကုန်းရွာမှ လယ်သမားများက ပြောသည်။
“ဒီနှစ် စိုက်ဘဏ်က ချေးငွေကလည်း မရသေးပါဘူး။ ပျက်သွားတဲ့လယ်တွေ ပြန်စိုက်နိုင်ဖို့ ရာသီမီပါစေပဲ ဆုတောင်းနေရတယ်” ဟု ဦးထွန်းအောင်က ပြောသည်။
ကျောင်းကုန်းမြို့နယ်တွင် မိုးစပါး စိုက်ပျိုးမြေဧက ၁၁၈,၀၁၆ ရှိသည့်အနက် ၁၀၁,၁၇၅ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းများအရ သိရသည်။ ကျောင်းကုန်းမြို့နယ်တွင် တဧက စပါးအထွက်နှုန်း ရ၈ တင်းရှိသည်။
မြစ်ရေမြင့်တက်မှုကြောင့် ကျောင်းကုန်းမြို့အတွင်း မြို့ပေါ်ရပ်ကွက် အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်နှင့် ကျုံဖားရိုး၊ အိုးဘို၊ မန်ကျည်းပင်ကွမ်း၊ ကွမ်ခြံကုန်း၊ စံပယ်ရုံ၊ သစ်ဆိမ့်ကုန်း၊ ထောက်ရှား၊ ကျောင်းအိုင်၊ လှေကွဲသဟာ၊ ဒေါင့်ကွေး စသည်ရွာပေါင်း ၁၈ ရွာ ရေနစ်မြုပ်လျက်ရှိသည်ဟု တနင်္လာနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြထားသည်။ အဆိုပါ ရေကြီးမှုကြောင့် အိမ်ထောင်စုပေါင်း ၃,၀၁၁ စု၊ လူပေါင်း ၁၂,၀၀၀ ခန့် ရေဘေးသင့်နေကြောင်းလည်း ပါရှိသည်။
ထို့အပြင် ပုသိမ်ခရိုင် ၊ကန်ကြီးထောင့်မြို့ အမှတ် ၁ ရပ်ကွက်တွင်လည်း မြစ်ရေကြီးလျက်ရှိပြီး ရေဘေးသင့် အိမ်ထောင်စု ၃၉ စုရှိနေသည်ဟု စနေနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြထားသည်။
ပြီးခဲ့သည့်နှစ်အတွင်း ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကန်ကြီးတိုက်နယ်မှ လယ်သမားများလည်း တဧကလျှင် စိုက်ပျိုးစရိတ် ကျပ် ၂၀,၀၀၀ ခန့် အရှုံးပေါ်ခဲ့သည်။