တူရကီ နိုင်ငံခြားရေး ၀န်ကြီးမှ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်အောင် နေထိုင်ရန် မွတ်ဆလင် ခေါင်းဆောင်များကို မှာကြား

တူရကီ နိုင်ငံခြားရေး ၀န်ကြီးမှ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်အောင် နေထိုင်ရန် မွတ်ဆလင် ခေါင်းဆောင်များကို မှာကြား
by -
နိရဥ္စရာ

စစ်တွေမြို့ကို ယမန်နေ့က လာရောက် လည်ပတ်ခဲ့တဲ့ တူရကီ နိုင်ငံခြားရေး ၀န်ကြီးဟာ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တွေကို ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် နေထိုင်ကြဖို့ မှာကြား ခဲ့တယ်လို့ သိရပါတယ်။

စစ်တွေမြို့ မင်းဘာကြီးလမ်းရှိ အင်ပါလာ (ခေါ်) အောင်မင်္ဂလာရပ်ကွက်သို့ ယမန်နေ့ နေ့လည်ကသွား ရောက်ပြီး ဗလီဆရာများ၊ မွတ်ဆလင် ခေါင်းဆောင်များနဲ့ တွေဆုံစဉ်မှာ  တူရကီနိုင်ငံခြားရေးဝန်ကြီးက ယခုလို မှာကြား ခဲ့တယ်လို့ အဲဒီနေရာကို လိုက်ပါခွင့်ရခဲ့တဲ့ အမည်မဖေါ်လိုသူ အစိုးရ အရာရှိ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တူရကီ နိုင်ငံခြားရေး ၀န်ကြီးက  နိုင်ငံတော်က သတ်မှတ်ထားတဲ့ စည်းကမ်း စည်းမျဉ်းများ အတိုင်း နေထိုင်ကြဖို့၊ ပတ်ဝန်ကျင် ဒေသခံပြည်သူ လူထုနဲ့ ကောင်းမွန်စွာ ဆက်ဆံ နေထိုင်ကြဖို့၊  အေးချမ်းစွာ လုပ်ကိုင် စားသောက် နေထိုင်နိုင်ဖို့နဲ့ တစ်ယောက်နဲ့ တစ်ယောက် အကြားမှာ သံသယ ကင်းစွာ ဆက်ဆံ နေထိုင်ကြဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းတွေကို မိန့်မှာ သွားခဲ့တယ်လို့ ပြောပါတယ်။

တူရကီ နိုင်ငံခြားရေး ၀န်ကြီးဟာ မနေ့က စစ်တွေမြို့ကို ရောက်လျှင် ရောက်ချင်း မွတ်ဆလင် ဒုက္ခသည် စခန်း တစ်ခုဖြစ်တဲ့  သဲချောင်းကျေးရွာက ဘုတပ (ဘောတူပ) ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီစခန်းမှာ မီးဖိုးချောင်သုံး  အိုးခွက်တွေ အပါအဝင် အိမ်အသုံး အဆောင် ပစ္စည်းတွေ၊  တူရကီ နိုင်ငံထုတ် နိုင်ငံခြား အစားအသောက်တွေကိုလည်း ပေးအပ် လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် ရခိုင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတိုက်  တစ်ခု ဖြစ်တဲ့ စစ်တွေမြို့ အနောက် စံပြရပ်ကွက် ဆုတောင်းပြည့် တပ်ဦး ကျောင်းတိုက်သို့  နံနက်ပိုင်းမှာ သွားရောက်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ စခန်းမှာလည်း  ဒုက္ခသည်တွေကို မီးဖိုချောင်းသုံး အိုးခွက်ပန်ကန် အစုံ(၅၀)ခန့်နဲ့ တူရကီ နိုင်ငံထုတ် အစားအသောက်များ ပေးအပ်လှူဒါန်းခဲ့ကြောင့် ကျောင်းထိုင်ဆရာတော်မိန့်ကြားပါတယ်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီး ကတော်ဟာ အောင်မင်္ဂလာ ရပ်ကွက်မှာ ရှိနေစဉ်  အိမ်တစ်အိမ်မှာ မွတ်ဆလင် ကျောင်းသူလေးတွေ အမျိုးသမီးတွေ ဒုက္ခသည်တွေ သူတို့နဲ့တွေ့ ဆုံခဲ့တယ်လို့ ပြောပါတယ်။

တူရကီ နိုင်ငံခြားရေး ၀န်ကြီးနဲ့ အဖွဲ့ဟာ ညနေ  ၆:၃၀ နာရီမှာ စစ်တွေကနေ ရန်ကုန်သို့ ပြန်လည် ထွက်ခွာ သွားခဲ့ကြပါတယ်။

တူရကီ နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်နယ်က ဒုက္ခသည် အားလုံးအတွက် မြန်မာအစိုးရကို မနေ့က အမေရိ ကန် ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့ပါတယ်။

Most read this week