ကချင်အဆိုတော် အဘားဒီးနဲ့ Make in Kachin တေးစီးရီး

ကချင်အဆိုတော် အဘားဒီးနဲ့ Make in Kachin တေးစီးရီး
by -
ကချင်သတင်းဌာန

Made in Kachin တေးစီးရီး Single Album ထုတ်လုပ်နိုင်ရန် ကြိုးစားနေသူ ကချင်အဆိုတော် အဘားဒီးနှင့် ခဏတာ တွေ့ဆုံချိန် သူ၏ အနုပညာ ဂီတ ရေစီးကြောင်းကို KNG ကချင်သတင်းဌာနမှ အိန်ရော် မေးမြန်းချက်များကို ကောက်နုတ်ဖော်ပြလိုက်သည်။

အဘားဒီးနဲ့အတူ မိသားစု
အဘားဒီး ဂီတ နယ်ပယ်ထဲ စပြီး ဝင်ရောက်လာ…. ။ အဘားဒီးဆိုတဲ့ နာမည်ကို ဘယ်လိုပေးဖြစ်တာ။
ကျွန်တော်က ၂၀၀၅ ခုနှစ်မှာ စီးရီး စလုပ်ဖြစ်တယ်။ အဆောင်နေ သူငယ်ချင်းက အနုပညာမှာ အရမ်း Crazy ဖြစ်တယ်။ ကျွန်တော်လည်း Crazy ဖြစ်နေတော့ အခွေထုတ်မယ်ကွာဆိုတာနဲ့ ထုတ်ဖြစ်တာ။ တစ်ယောက်နဲ့ တစ်ယောက်တိုင်ပင်ပြီး လုပ်ဖြစ်သွားတာ။ ၂၀၀၅ ခုနှစ်ကတည်းက အနုပညာလိုင်းထဲကို စဝင်ဖြစ်တာ။

အဘားဒီးဆိုတဲ့ နာမည်ကတော့ အိမ်က ချစ်စနိုးနဲ့ ခေါ်တဲ့နာမည်ပေ့ါ။ တစ်ရပ်ကွက်လုံး၊ တစ်မိသားစုလုံးက အဲ့လို ခေါ်တော့ ကျွန်တော်လည်း အဲ့နာမည်ကြိုက်တော့ အဘားဒီးလို့ပဲ စပြီး ပေးဖြစ်ခဲ့တာပါ။

အခု အနုပညာမှာ လှုပ်ရှားနေတဲ့
ကျွန်တော်က သီချင်းရေးတယ်။ သီချင်းဆိုတယ်။ အဓိကတော့ သီချင်းဆိုတာပေ့ါ။ ကိုယ်နိုင်သလောက်၊ တတ်သလောက် သီချင်းတွေရေးပေးတယ်။ ခုတော့ သူငယ်ချင်းတွေရဲ့ သီးချင်းတစ်ချို့ကို VCD ရိုက်ပေးနေတယ်။ ရိုက်ကူးရေးဘက်မှာလည်း Professional တော့ မဟုတ်ဘူး။ အပျော်တမ်း၊ အကူအညီတောင်းလာလို့ရှိရင် ကိုယ်နဲ့လည်း အကြောင်းသက်ဆိုင်တယ်။ ဆန္ဒတိုက်ဆိုင်ရင် လုပ်ပေးလိုက်တာပေ့ါ။

ဘယ်လိုမျိုး သီချင်းတွေကို ရေးဖြစ်တာလဲ။ သီချင်းတွေက နည်းနည်းထူးဆန်းနေတယ်နော။ လူမျိုးရေးအစွဲ သီချင်းတွေများနေလားလို့။
အချစ်သီချင်းတွေ ပိုရေးဖြစ်ပါတယ်။ God Song သီချင်းတွေလည်း ရေးဖြစ်ပါတယ်။ ကျွန်တော်ရေးတဲ့ သီချင်းတွေက ကျွန်တော်တို့ ပရိသတ်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို၊ မြင်တာတွေ၊ လူငယ်တွေ ဘာဖြစ်နေတယ်ဆိုတာကို မြင်တာလေးတွေ ရေးထားတာပါ။

စီးရီး ဘယ်နှစ် ခွေ ထွက်ပြီလဲ..။
၂၀၀၅ ခုနှစ်မှာ သူငယ်ချင်းနဲ့ သီချင်းခွေတစ်ခွေ လုပ်တယ်။ ၂၀၀၇ ခုနှစ်မှာ တစ်ခွေ၊ ၂၀၀၉ ခုနှစ်မှာ တစ်ခွေ။

နောက်ထပ် ဂီတနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။
ခုကျွန်တော် VCD ရိုက်နေတယ်။ နောက် ကျွန်တော့် Single Album စလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ခု ရှိုးတွေလည်း ဆိုဖြစ်နေတယ်။

ကျွန်တော့် Single Album က လောလောဆယ်တော့ ကျွန်တော်ရေးထားတဲ့ သီချင်းတွေ ဖြစ်နေတယ်။ ဖောကိုင်၊ မရမ်နောနီ၊ ဝေါခရုန်း၊ တွေ ရေးတဲ့ သီချင်းတွေပါတယ်။ ကျွန်တော် နောက်နှစ်လောက်မှ ထွက်ဖြစ်မယ်ထင်တယ်။ ခေါင်းစဉ်ကတော့ ကျွန်တော် လောလောဆယ် ရွေးထားတာရှိတယ်။ အတည်ဖြစ်မဖြစ်တော့ မသိဘူး။

Made In KACHIN လို့ ရွေးထားတယ်။ အဲ့ အကြောင်းအရောကို ချပြချင်တာပေ့ါ။

ကျွန်တော် ခံစားရတာပေ့ါ။ ဘာပဲ သုံးသုံး Made in Myanmar ဆိုတာတောင် သိပ်မရှိဘူး။ အကုန်လုံးက made in China အခြားအခြား တွေပဲ ဖြစ်နေတယ်။ ကိုယ် ခံစားရတယ်။ ကိုယ့်ဆီက ဘာမှ Product ဘာမှ မရှိဘူးလေ။ ကျွန်တော်တို့လည်း အားငယ်လာတယ်။ သုံးလည်း သုံးချင်လာတယ်။ အမြတ်တနိုး သုံးချင်တယ်။ သိမ်းထားချင်တယ်။ Made in Kachin ဆိုပြီးမှ တစ်ခုုခုပေ့ါ။ ဘာပဲဖြစ်ဖြစ်။ ကိုယ်က ဝမ်းနည်းလာတယ်။ ဘာလိုနေလို့လဲ။ ပညာမတတ်လို့လား။ အဲ့တာကြောင့် Made in Kachin လို့ နာမည်ရွေးထားတယ်။ ကျွန်တော်တို့ ကချင်တွေ မကြာခင်၊ တစ်နေ့နေ့တော့ Made in Kachin လုပ်နိုင်လာလိမ့်မယ်။ တစ်နေ့တော့ ။ ငါတို့ စီးနေတဲ့ ကားတွေ၊ တိုက်ခန်းတွေ၊ ဆိုင်ကယ်တွေ၊ Generator ငါတို့ အသုံးပြု နေတဲ့ အရာတွေကို ကျွန်တော်တို့ ကချင်တွေ လုပ်နိုင်လာလိမ့်မယ်ဆိုတာနဲ့ ဒီခေါင်းစဉ်ကို ရွေးထားမိတာပါ။

အဘားဒီးလို့ နာမည်ကြားတာနဲ့ ပရိသတ်တွေက ဘယ်သီချင်းတွေကို တွဲမြင်ကြလဲ။
ကျွန်တော်က တစ်ခွေနဲ့ တစ်ခွေမတူဘူး။ ပထမခွေမှာက Ngai N Tsawm ၊ နောက် ဒုတိယ ခွေမှာတော့ Aw Le Le နဲ့ Na Majaw Yawng ဆိုတဲ့ သီချင်းတွေနဲ့ တွဲမြင်ကြတယ်။ သူငယ်ချင်းတွေက ကျွန်တော်လာရင် Aw Le Le လို့ ခေါ်ကြတယ်။ နောက်ကြတာပေ့ါ။ တတိယအခွေထွက်တော့ Naw Hpu သီချင်းနဲ့ တွဲ သိကြတယ်။

ပရိသတ်တွေဆီ ထိထိမိမိ ရောက်သွားတဲ့ သီချင်းရှိတာလေးတွေ ပြောပြပေးပါ။
ကျွန်တော်ထင်တယ်။ လူငယ်တွေက တစ်မျိုး ၊ လူကြီးတွေက တစ်မျိုးပေ့ါ။ ပိုပြီး ထိမိတာက လူငယ်တွေက အများအားဖြစ် Majan (စစ်ပွဲ) ဆိုတဲ့ သီချင်းကို ပိုကြိုက်ကြတယ်။ သူတို့စိတ်ထဲမှာ တစ်ခုုခု ကြောက်စိတ် ဝင်နေကြတယ်။ ဘာလို့လဲဆိုတော့ အဲ့သီချင်းထဲမှာ မူးယစ်ဆေးဝါးနဲ့ ကျဆုံးနေတဲ့အကြောင်းပါတယ်။ နောက်ပြီးတော့ ရိုက်တဲ့အချိန်မှာလည်း သချိုင်္င်း မှာ ရိုက်ထားတာကိုး။ နံပါတ် ဖိုးထိုးတာတို့၊ ရောင်းတာတို့ ပြထားတယ်။

Nye a Mying Labang Awng Di ဆိုတဲ့ သီချင်းထဲမှာ အဘားဒီးက မျက်လုံးတွေ အရောင်ဆိုးတယ်၊ ပြီးတော့ ဖက်ရှင်ကလည်း တစ်မျိုးထူးဆန်းနေတယ်။ အဲ့တာ ဘယ်လို အိုင်ဒီယာမျိုးနဲ့ ဖန်တီးထားတာလဲ။
အဲ့တာကျွန်တော် စဉ်းစားတာပေ့ါ။ ကျွန်တော် အဲ့အကြောင်း အရမ်းပြောချင်တယ်။ တစ်ချို့လူတွေကြည့်ရင် မသိရင် တစ်မျိုးဖြစ်နေတယ်ပေ့ါနော။ ကျွန်တော့် အမြင်ကတော့ ဒီနေ့ လူငယ်တွေ ဘယ်လိုပဲနေနေ မျိုးချစ်စိတ်ရှိတယ်ဆိုတဲ့ ပုံစံနဲ့ ရိုက်ထားတယ်။ ခု တစ်ချို့ လူကြီးတွေက ဆကပ်တို ဝတ်ရင် မကောင်းတဲ့ အလုပ်လုပ်စားတယ်အဲ့လိုပဲမြင်ကြတယ်။ ယောက်ကျားတွေဆိုလဲ ဆံပင်ရှည်တာတို့၊ နားကပ်၊ နားကွင်း တပ်တာ၊ တက်တူးထိုးတာ ဘာတို့ ဆိုရင် လူမိုက်လို့ထင်တယ်။ တကယ်တော့ အဲ့လိုမဟုတ်ဘူး။ လူငယ်တွေ ဘယ်လိုပြင်ပြင်၊ ဘယ်လိုနေနေ မျိုးချစ်စိတ်ဆိုတာ လူတိုင်းမှာရှိတယ်ဆိုတာကို ရိုက်ဖြစ်သွားတာ။

လူတစ်ယောက်မှာ ဖက်ရှင်က ဘယ်လောက်အရေးကြီးတယ်လို့ ထင်လဲ။
ဖက်ရှင်က ကျွန်တော်ကြိုက်တယ်။ ဒါမယ့် ကျွန်တော်တို့ အတိုင်းအတာအရဆိုရင် ကျွန်တော်ခံစားရတာတော့ အကြီးကြီးလုပ်နေရင် လျှောက်လုပ်နေသလို ခံစားရတယ်။ ဒါမို့ ကျွန်တော် ရိုးရိုးလေးပဲ.. ရိုးရိုးလေးဆိုပေမယ့် ပရိသာတ်ကို မလေးမစား စုတ်ပျက်သပ်တော့ မလုပ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သီချင်းဆိုတော့မယ်ဆိုရင် အသစ် တစ်စုံတော့ ဝယ်ဖြစ်ပါတယ်။ ဒီဇိုင်နာ ငှားဖို့လည်း ပိုက်ဆံမရှိဘူး (ရယ်လျှက်)။ ဖက်ရှင်က အရေးကြီးတယ်။ ကိုယ်မလုပ်နိုုင်သေးတာပေ့ါ။

ခုဂီတနဲ့ ခေတ်နှောင်းဂီတာ ကွာဟမှုက။
အရင်တုန်းကနဲ့စာရင် အရင်က Instrument  နှင့် ခု Instrument တွေက အရမ်းကွာတယ်။ အဲ့တုန်းက Studio နဲ့ ခု Studio တွေက သီးခြားဆီဖြစ်သွားတယ်။ အရင်တုန်းကတော့ ရှိတာလေးတွေနဲ့ လုပ်ကြတယ်။ ခုဆို အင်တာနက်က ကိရိယာတွေ ဝယ်လို့ရတယ်။ ဂီတာတွေလည်း ဘယ်ဟာကြိုက်လဲ တကယ့်အကောင်းတွေ ကိုင်နိုင်လာတယ်။ ကွာဟ မှုတွေက အရမ်းများတယ်။ ကျွန်တော်တို့ သူငယ်ချင်းနဲ့ စလုပ်တဲ့ Handphone တွေ နဲ့ ခု Handphone တွေ အရမ်းကွာသွားပြီ။ Microphone တွေလည်း ခုတော့ ဘယ်ကာလာ ကြိုက်လဲပေ့ါ။

ပြီးတော့ သီချင်းစာသားတွေလည်း ပြောင်းသွားပြီ။ အရင်တုန်းက အဘိုး၊ အဖေ ခောတ်တုန်းက သီချင်းကို တည့်ဆိုကြတယ်။ ခုတော့ နည်းနည်း ကဗျာဆန်ဆန် စာသားလေးတွေ သုံးလာတယ်။

ခေတ်သစ်လွှာနဲ့ ပတ်သက်ပြီး အမြင်။
ခေတ်သစ်အလွှာက ကောင်းပါတယ်။ လူငယ်တွေရဲ့ ခံစားကြက သူတို့တွေပဲ ပိုခံစားရတယ်။ လူကြီးတွေလည်း အရင်တုန်းက ခေတ်ဦး၊ ခေတ်နှောင်း မြန်မာသံတွေက သူတို့လုပ်တဲ့ သူတွေ ပိုပြီးတော့ Feeling ရှိတယ်။ ကိုယ်တိုင် ခံစားတယ်။ ကိုယ်ကိုတိုင် နားလည်တယ်.. ဆိုတော့ အဲ့လို အလွှာ လုပ်ပေးထားတာ ပိုကောင်းတယ်။ ကျွန်တော်ကတော့ ခေတ်သစ်အလွှာကို ကြိုက်တယ်။

ခိုးကူးခွေနဲ့ ပတ်သက်ပြီး ..။   
ကိုဒေါင်လွဏ်း ခိုးကူးခွေ ထုတ်တဲ့လူကို လိုက်ဖမ်းတာ ကောင်းပါတယ်။ လုပ်နိုင်တဲ့လူတွေ လုပ်တာကောင်းတယ်။ ကိုယ်တွေက မလုပ်ရဲဘူး။ ကိုယ်တွေ ဆီမှာ လိုအပ်တာ အများကြီးလိုတယ်။ ခု ကျွန်တော်တို့ ကချင်ခွေတွေကို ဘယ်မှာ ဆင်ဆာ တင်ရမှန်းကို ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ တင်ချင်တယ်။ တင်လိုက်ရင်လည်း ဆင်ဆာတင်ခြင်းအားဖြင့် ကိုယ့်ရဲ့ သီချင်း ခိုးကူးခွေတွေကို ကာကွယ်ပေးနိ်ုင်တယ်ဆိုရင် တင်တာပေ့ါ။ ကျွန်တော်တို့က ဘာမှ မဟုတ်တော့ မတင်ကြဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ ကချင်ခွေ ခိုးကူးခွေတွေကို လိုက်ဖမ်းလို့လဲ မရဘူး။ လိုက်ဖမ်းမယ်ဆိုရင်လည်း ကိုယ်ပဲ ခံရမှာ။ Feedback ပြန်ကန်လာမှာ။

ကိုဒေါင်လွဏ်းတို့က သေချာ စည်းစနစ်နဲ့ လုပ်ထားတယ်။ Professional ပေ့ါ။ ဆင်ဆာရှိတယ်။ ထုတ်လုပ်ရေး လက်မှတ် အကုန်လုံးရှိတယ်။ သူတို့က လုပ်လို့ရတယ်။ သူတို့လုပ်တာကို အပြစ်ပြောလို့ မရဘူး။ ကျွန်တော်ဆိုလည်း လုပ်မှာပဲ။

ဂီတနဲ့ အနာဂတ်။
အဲ့တာပြောရင် ကျွန်တော် ငိုချင်တယ်။ အိမ်ကလည်း ဒါကြီးကို ဟိုအရင်ကတည်းက မလုပ်စေချင်တာ။ ကျွန်တော်က ဒီတစ်ခါ နောက်ဆုံးနော၊ နောက်ဆုံးနော ဆိုပြီး လုပ်ဖြစ်နေတာ.. ကျွန်တော် နောက်ဆုံးက အသက်ဆုံုးထိ လုပ်ဖြစ်မယ်ထင်တယ်။ ခုချိန်ထိ ကျွန်တော်စဉ်းစားတာ ဒီအနုပညာကို ဘယ်တော့မှ စွန့်လွတ်မှာ မဟုတ်ဘူး။ ကျွန်တော် လုပ်နိုင်တဲ့ထိ လုပ်သွားမှာပါ။ အဲ့တာကြောင့် အိမ်က လူတွေကို ပြောတယ် ကျွန်တော့ကိုသာ မလုပ်ခိုင်းရင် ကျွန်တော့ကို သတ်တာလား၊ သေလိုက်လို့ ပြောနေတာလား။ အဲ့လိုကြားက လုပ်နေရတာ။ ကျွန်တော်ကတော့ လျှော့မယ့်လူတော့ မဟုတ်ဘူး။
…………………..။

Most read this week