မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ်ခမ်းမြို့ နယ်စပ်တဖက်ခြမ်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် နောင်တောင်းခရိုင် ၊(ရွှေလီနယ်စပ်) ၌ ၀င်ရောက်ခိုလှုံနေသော ကချင်စစ်ပြေးဒုက္ခသည် တသောင်းခန့်များ အား ယခုသြဂုတ်လအကုန်ပိုင်းတွင် မြန်မာနိုင်ငံဖက်ခြမ်းသို့ အပြီး ပြောင်းရွေ့ပေးရမည်ဟု တရုတ်အာဏာ ပိုင်များက ဖိအားပေးလျှက်ရှိကြောင်း ဒုက္ခသည် စ ခန်းတာဝန်ခံ တစ်ဦးကပြောပါသည်။
“ပြောင်းရွေ့ဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်နေ့မှာ တကြိမ်၊ ပြီးတော့ ဇူလိုင်လ (၂၀) ရက်နေ့မှာတကြိမ် နှစ်ကြိမ်တိုင် သူတို့ လာပြောခဲ့ပြီးပြီး။ ကျနော်တို့ကလည်း ကချင်ပြည်နယ်ဖက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတယ်။ စိုးရိမ်စရာ အခြေအနေ လည်းရှိနေတယ်။ ဒါကြောင့် တရုတ်ကအတင်းဖိအားပေး ရွှေ့ခိုင်းရင်တောင် ကျမတို့ ရွှေ့မှာမဟုတ်ဘူး။ ဒါကတော့ တရုတ် အာဏာပိုင်တွေကို မလေးစားလို့ မဟုတ်ပါဘူး။ တကယ့်အခြေအနေက မပေးလို့ပါ”ဟု ဆိုပါသည်။
ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် ထိုဒုက္ခသည်များကို ပြောင်းရွှေရန် လိုလားသော်လည်း လက်တွေ့၌အစိုး ရ တပ်ဖွဲ့များသည် လိုင်ဇာ ရှေ့တန်းဌာနချုပ် စခန်းကို ပြင်းထန်စွာ စစ်ဆင်နေသည့်အတွက် လောလောဆယ်၌ တာဝန်မယူ နိုင်သေးဟုဆိုပါသည်။ တိုက်ပွဲများသည် ဇူလိုင်လ (၇၊၈၊၉) ရက်နေ့ သုံးရက်အတွင်း၌ တိုက်ပွဲပေါင်း (၁၂) ကြိမ် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသည်။ ဤသို့ ကြောင့် KIO အနေဖြင့် ဒုက္ခသည်အရေးကို မစဉ်းစားနိုင်ခြင်းဖြစ်ပါသည်။
ကချင်ဒုက္ခသည်များကို နေရပ်ရင်းပြန်ပို့ရန် တရုတ်အာဏာပိုင်များက လိုလားနေဟန် ရှိပါသည်။ အစိုးရတပ်ဖွဲ့များ၏ စစ် ဆင်မှုသည်လည်း ဤလအကုန်ပိုင်း၌ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုစခန်းကို သိမ်းပိုက်နိုင်လိမ့်မည်ဟု တရုတ်ဖက်က တွက်ဆဖွယ် ရှိပါသည်။ ဤကဲ့သို့ သိမ်းပိုက် နိုင်ခဲ့လျှင် ဒုက္ခသည်များအား နေရပ်ရင်းပြန်ရေး အစီစဉ်ကို အချိန်တိုအတွင်း အကောင်အထည်ဖေါ်နိုင်ရန် ဒုက္ခသည်များအား အဆင်သင့်ဖြစ်နေစေရေးကို ရည်ရွယ်ပြီး ကြိုတင်ဖိအား ပေးထားဟန်ရှိနေကြောင်း ဒုက္ခသည်စခန်း တာဝန်ခံများက ယူဆပါသည်။
“ ဒါကတော့ မြန်မာအစိုးရနဲ့ တရုတ်အစိုးရက ညှိနှိုင်းထားပုံ ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒုက္ခသည်ရှိနေရင် အမေ ရိကန်နဲ့ UNHCR က ၀င်လာမယ်လေ။ ဒါကိုနှစ်နိုင်ငံစလုံးက လိုလားပုံ မရှိပါဘူး။ ဒီတော့ KIO ဗဟိုအမြန်ပြုတ်အောင် ဗမာ ဖက်က စစ်ဆင်နေပုံရပါတယ်” ဟု ဆိုပါသည်။
အစိုးရသည် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ဇွန်လကတည်းက KIO ကို စစ်ဆင်လာခဲ့ပါသည်။ စစ်ရေးအခြေအနေ ကြောင့် ကချင် လူထုများသည် စစ်ဘေးကိုရှောင်တိန်းရင်း ဒုက္ခသည် (၇) သောင်း ခန့်ဖြစ်သွားခဲ့ပါသည်။ UNHCR သည်လည်း ကချင်ဒုက္ခသည်များကို ကူညီမည်ဟု ညှိနှိုင်းခဲ့သော်လည်း ယနေ့အထိ အကောင်အထည် မတွေ့ရ သေးပေ။