ရခိုင်ပြည်နယ် ပဋိပက္ခ တိုင်းရင်းသားချင်း ပြောရန် သမ္မတ တိုက်တွန်း

ရခိုင်ပြည်နယ် ပဋိပက္ခ တိုင်းရင်းသားချင်း ပြောရန် သမ္မတ တိုက်တွန်း
by -
မဇ္စျိမ

ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများ ရပ်တန့်စေရန်နှင့် ရခိုင်ပြည်သူလူထုကို တိုင်းရင်းသားအချင်းချင်း စည်းရုံးဖြောင်းဖြရန် သမ္မတဦးသိန်းစိန်က ရခိုင်ပါတီနှစ်ခုကို တိုက်တွန်းလိုက်ကြောင်း အဆိုပါ ပါတီများ၏ ခေါင်းဆောင်များက ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP တို့အား ဗုဒ္ဓဟူးနေ့ တွေ့ဆုံရာတွင် သမ္မတ က ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ALD ဥက္ကဋ္ဌ ဦးအေးသာအောင် က မဇ္ဈိမကို ပြောသည်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အဓိက ပြောဖြစ်တာပေါ့။ သမ္မတ က ပြောတယ်၊ တိုင်းရင်းသားကိစ္စတွေကို ဗမာတွေ ပြောတာထက်စာရင် တိုင်းရင်းသားအချင်းချင်း ပြောတာက ပိုအဆင်ပြေမယ်တဲ့။ ရခိုင်ပြည်သူတွေက ရခိုင်ပါတီတွေနဲ့ ပိုနီးစပ်တယ်လေ” ဟု ပြောသည်။

သမ္မတနှင့် တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အဓိကထား ပြောဆိုသွားသည်ဟုလည်း RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က မဇ္ဈိမကို ပြောသည်။

“တည်ငြိမ်အေးချမ်းရေး အခြေအနေတွေကိုပဲ ပြောဖြစ်ကြတယ်။ လက်ရှိဖြစ်နေတဲ့ ကိစ္စတွေမှာ ကျနော်တို့ပါတီတွေက ပူးပေါင်းပါဝင်ပေးဖို့ပေါ့။ ပါတီတွေရဲ့ အကြံဉာဏ်တွေလည်း တောင်းတာပေါ့” ဟု ပြောသည်။

တွေဆုံပွဲသို့ ALD ပါတီမှ ဦးအေးသာအောင်၊ ဒု-ဥက္ကဋ္ဌ ဦးကျော်မြင့်၊ ဦးသန်းဝင်း၊ ဦးညိုထွန်း၊ ဦးမျိုးကျော်တို့ ပါဝင်ပြီး RNDP မှ ဒေါက်တာအေးမောင်၊ ဦးဘရှင်၊ ဦးထွန်းအောင်ကျော်နှင့် ဦးဖေသန်းတို့ ပါဝင်ခဲ့ကြောင်း ကျောက်ဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြောသည်။

ဇွန်လဆန်းပိုင်း ကတည်းက စတင်ဖြစ်ပွားသည့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ကိုင်တွယ် ဖြေရှင်းရာတွင် မြန်မာ အစိုးရအနေနှင့် အချိန်မီ တားဆီးခွင့်ရှိပါလျက်နှင့် တားဆီးဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) က ယခုလ ၁ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတခုတွင် ဖော်ပြခဲ့သည်။

အာရှမှ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့အပါအဝင် အခြား မူဆလင်နိုင်ငံများမှ ဘာသာရေး အခြေခံ အဖွဲ့များနှင့် NGO အချို့က ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မူဆလင်များ ထောင်နှင့်ချီ၍ သတ်ဖြတ်ခံနေရကာ လုံခြံုရေးတပ်ဖွဲ့ဝင်များကလည်း ၎င်းတို့အပေါ် တရားလက်လွတ် ပြုကျင့်နေကြကြောင်း စွပ်စွဲမှုများ ရှိနေသည်။

ထိုကဲ့သို့ စွပ်စွဲပြောဆိုမှုများမှာ မှားယွင်းနေပြီး လုံခြံုရေး လျှော့ချရန်လည်း မဖြစ်နိုင်သေးကြောင်း ဦးဘရှိန် က ပြောသည်။

“ရခိုင်ပြည်နယ် တည်ငြိမ်ရေးအတွက် လုပ်စရာတွေအများကြီး လုပ်ရမယ်။ ပြင်ပက လူတွေက ရခိုင်ပြည်နယ်အတွင်း ဥပဒေချိုးဖောက်ပြီး ဝင်ရောက်လာတယ်။ တခါတည်း ရောက်ပြီးသားဆိုပြီး တိုင်းရင်းသား အခွင့်အရေး တန်းပေးလိုက် ရမလို၊ ရခိုင်တွေအဖို့ ကိုယ့်နိုင်ငံမှာ ကိုယ်ပိုင် အခွင့်အရေးတောင် မရှိရတော့သလို၊ ကျနော်ကတော့ လက်မခံနိုင်ဘူး။ ရခိုင်ကို အစ္စရေး၊ ကွန်ဂို၊ ကိုဆိုဗို အဖြစ်မခံနိုင်ဘူး။ လုံခြံုရေးကို လျှော့ချလိုက်ရင် ထိခိုက်မှုတွေ အများကြီး ဖြစ်လာ
နိုင်တယ်” ဟု မဇ္စျိမကို ပြောသည်။

ရှမ်းပြည်နယ် အကျယ်အဝန်းခန့်သာရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လွတ်လပ်ရေး ရပြီးကာစ (၁၉၆၂)က လူဦးရေ သန်း ၆ဝ ခန့်သာရှိခဲ့ရာမှ ယခုအခါ သန်း ၁၆ဝ ခန့် ရှိလာခဲ့ပြီး ထိုနိုင်ငံမှ ဝင်ရောက်လာသူများသည် အိမ်ရှင်ယဉ်ကျေးမှု၊ ဓလေ့ ထုံတမ်းများကို လေးစား လိုက်နာရမည်ဟု ဦးဘရှိန် က ပြောသည်။

ထို့ပြင် မြန်မာအစိုးရ အဆက်ဆက်ကလည်း ရခိုင်တိုင်းရင်းသားများအပေါ် စောင့်ရှောက်မှု အားနည်းခဲ့၍ ရခိုင်ဒေသ မလုံခြံုဖြစ်ခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်ဒေသများတွင် ရခိုင်တိုင်းရင်းသား ၂ ရာခိုင်နှုန်းသာရှိပြီး ဘင်္ဂါလီလူမျိုး ၉၈ ရာခိုင်နှုန်း ရှိနေသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ အရေအတွက် ရှစ်သိန်းကျော်ရှိမည် ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ခန့်မှန်းထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနားသည် ဇူလိုင်လ
နောက်ဆုံးပတ်က ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာခဲ့ပြီး ကမ္ဘာ့အစ္စလာမ်အဖွဲ့ကြီးဖြစ်သည့် OIC မှ ကိုယ်စားလှယ်အဖြစ် တူရကီ နိုင်ငံခြားရေးဝန်ကြီးသည်လည်း သြဂုတ်လ ၁ဝ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်သွားရောက် လေ့လာသည်။

Most read this week