ရှစ်လေးလုံး အထိမ်းအမှတ်ကို KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် ကျောင်းသား တပ်မတော်မှ ကျင်းပ

ရှစ်လေးလုံး အထိမ်းအမှတ်ကို KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် ကျောင်းသား တပ်မတော်မှ ကျင်းပ
by -
ကချင်သတင်းဌာန

ယနေ့ ရှစ်လေးလုံးအရေးတော်ပုံကြီး (၂၄) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ကို ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာ လခွမ်းဘွမ် (Lahkum Bum) တွင် ၈၈ မျိုးဆက် လက်နက်ကိုင်တော်လှန်ရေး ကျောင်းသားတပ်မတော် (ABSDF မြောက်ပိုင်း)မှ ဦးဆောင်ပြီး ကျင်းပခဲ့ကြောင်း သိရသည်။

8888-kio-laiza_600_400
သြဂုတ် ၈ ရက်နေ့ ကျရောက်သည့် ရှစ်လေးလုံး (၂၄) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို လိုင်ဇာရှိ ကျောင်းသားတပ်မတော်များမှ ဦးဆောင်ပြီး ရည်ရွယ်ချက် ၂ ခုဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု လက်ရှိ နိုင်ငံရေးနှင့် စည်းရုံးရေးတာဝန်ခံ ၈၈ မျိုးဆက် လက်နက်ကိုင်တော်လှန်ရေး ကျောင်းသားခေါင်းဆောင် ဗိုလ်ကြီး ကျော်ကျော်ကပြောသည်။

“ပထမရည်ရွယ်ချက်ကတော့ သမိုင်းဝင် အရေးတော်ပုံကြီးကနေပြီးတော့ရရှိခဲ့တဲ့ သမိုင်းဝင်သင်ခန်းစာတွေကို အလေးအနက်ပြုဖို့နဲ့ နောက် ၈ လေးလုံး အရေးတော်ပုံကြီး ကနေပြီး တိကျတဲ့နိဂုံုးချုပ်များထုတ်ယူနိုင်ရေး ရည်ရွယ်ချက်ပေါ့နော်။ နောက်တချက်က ကျနော်တို့ ယနေ့ ကာလမှာရှိနေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို ဝေဖန်သုံးသပ်ပြီးတော့ အနာဂတ်မှာ မှန်ကန်တဲ့နိုင်ငံရေး လမ်းစဉ်နဲ့ စီးပွားရေးလုပ်ငန်းစဉ်တွေကို ပြင်ဆင် ချမှတ်နိုင်ရန်အတွက်ပေါ့နော်။ အဲဒီရည်မှန်းချက် ၂ ခုနဲ့ ကျနော်တို့ ၈ လေးလုံးကို ပြုလုပ်ရတာဖြစ်ပါတယ်” ဟု ဗိုလ်ကြီးကျော်ကျော်ကပြောသည်။

အစီအစဉ်တွင် ခရစ်ယာန်ဘာသာအရ ဆုတောင်း၍ ကျောင်းသားတပ်မတော် ဥက္ကဌ လဆိုင်းမှ လက်ရှိ နိုင်ငံရေးအခြေအနေပြောကြားခြင်း၊ ၈၈ မျိုးဆက် လက်နက်ကိုင်တော်လှန်ရေး ကျောင်းသားခေါင်းဆောင် ဗိုလ်ကြီး ကျော်ကျော်မှ ရည်ရွယ်ချက်များကိုရှင်းပြခြင်းနှင့် KIO ခေါင်းဆောင်များက ရှစ် လေးလုံးနှင့် ပတ်သက်၍ အမှတ်တရစကားများကိုပြောကြားကာ ကမ္ဘာမကြေသီချင်း သီဆိုအဆုံးသတ်ခဲ့ကြောင်း တက်ရောက်ခဲ့သူတစ်ဦးပြောသည်။
8888-kio-laiza2_600_400
ရှစ်လေးလုံးအထိမ်းအမှတ်အခမ်းအနားကို ယခင်နှစ်များတွင် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ပြုလုပ်ပြီး ယခုနှစ်တွင်မူ ကျောင်းသားတပ်မတော်များရှိရာ လခွမ်းဘွမ် (Lahkum Bum) ဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သော ၂၄ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားတွင် KIO မဟာမိတ်ခေါင်းဆောင်များ၊ ရခိုင်တပ်မတော်၊ ချင်းတပ်မတော်၊ ပအို့တပ်မတော်၊ လူငယ်အစည်းအရုံးများနှင့် အမျိုးသမီးအစည်းအရုံးများ ၂၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျောင်းသားတပ်မတော်တပ်ကို အစိုးရနှင့် KIO တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်တွင်း ပြန်လည် ဖွဲ့စည်းခဲ့ပြီး ၈၈ မျိုးဆက် လက်နက်ကိုင်တော်လှန်ရေး ကျောင်းသား ၅ ဦးမှ ဦးစီးကာ ကျောင်းသားတပ်မ တော် တပ်သား ၂၀၀ ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း ကချင်ကျောင်းသားနှင့်လူငယ်သမဂ္ဂ (AKSYU) အဖွဲ့ဝင်များပါ၀င်၍ မြန်မာနိုင်ငံ ကျောင်းသားနှင့်လူငယ်များ ကွန်ဂရက် (SYCB) အဖွဲ့နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) က စုပေါင်းပြုလုပ်ကျင်းပခဲ့ကြောင်း ပါ၀င်တက်ရောက်သူ ကချင်ကျောင်းသားလူငယ်များပြောသည်။

Most read this week