တရုတ်နိုင်ငံတွင်း ခိုလုံနေသော စစ်ပြေးဒုက္ခသည်များ စတင်ပြောင်းရွှေ့နေရ

တရုတ်နိုင်ငံတွင်း ခိုလုံနေသော စစ်ပြေးဒုက္ခသည်များ စတင်ပြောင်းရွှေ့နေရ
by -
ကချင်သတင်းဌာန

တရုတ်နိုင်ငံ နောင်တောင်းခရိုင် (Nongdao district) အတွင်း ခိုလုံနေသော ကချင်စစ်ပြေးဒုက္ခသည်များအား ပြောင်းရွှေ့ပေးရန် တရုတ်အစိုးရမှ ထပ်မံပြောဆိုခဲ့ခြင်းကြောင့် ဒုက္ခသည်အချို့မှာ မိမိနေရပ်ရင်းနှင့် နီးစပ်ရာ ဒေသများသို့ ပြောင်းရွှေ့နေကြပြီဖြစ်ကြောင်း နောင်တောင်း (Nongdao) ဒုက္ခသည်များ ကူညီရေးကော်မတီမှ တာဝန်ခံ ဆရာခွန်ထွန်း က ပြောသည်။

ယူနန်ပြည်နယ် ရွှေလီမြို့နယ် အာဏာပိုင်များက နယ်စပ်ဒေသ တရုတ်နယ်မြေသို့ ထွက်ပြေးခိုလုံနေသော ဒုက္ခသည်များကို ပြောင်းရွှေ့ပေးရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အရာရှိများထံပြောဆိုထားသောကြောင့် KIA တပ်မဟာ (၅) နယ်မြေ လနာ့ဇွပ် (Lana Zup) သို့ ပြောင်းရွှေ့ရန် စီစဉ်ထားခြင်းလည်းဖြစ်ကြောင်း KIO ဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆာ (Salang Kaba Doi Pyi Sa) က ပြောသည်။

KIO ဘက်မှ တရားဝင်ပြောဆိုမှုမရှိသေးသော်လည်း ပြောင်းရွှေ့ခိုင်းသည့် သတင်းများ ထွက်ပေါ်နေသဖြင့် ဒုက္ခသည်များအချို့သည် ၄င်းတို့အတွက် ပြင်ဆင်ထားသည့် လနာ့ဇွပ်စခန်း (Lana Zup dabang) သို့့ မပြောင်းပဲ ယခင် မူရင်း နေအိမ်နှင့် နီးသောနေရာသို့ ပြောင်းရွှေ့သွားကြဟု သိရသည်။

တရုတ်ပြည်နယ် နောင်တောင်းခရိုင် (Nongdao district) တွင် ခိုလုံလျက်ရှိသော လော့ဖိုင် (Law Hpai) ဒုက္ခသည်စခန်းရှိ အိမ်ထောင်စု ၁၂၃ ထဲမှ  အိမ်ထောင်စု ၂၀ ပြောင်းရွှေ့သွားခဲ့ကြောင်း ဆရာခွန်ထွန်း ကပြောသည်။

“ဒီလော့ဖိုင်စခန်းမှာက ပြီးခဲ့တဲ့ပတ် ကြာသပတေးနေ့က ပြောင်းကြတယ်။ တချို့က မံဝိန်းဘက်ကိုပြန် သွားတယ်။ တစ်ချို့ကတော့ နီးတဲ့ဒေသတွေမှာ သွားခိုလှုံကြတယ်။ ပိုပြီးတော့ အသက်ကြီးတဲ့သူ ရှိတဲ့သူတွေ ပိုပြောင်းကြတယ်” ဟု ဆရာခွန်ထွန်းကပြောသည်။

ယခုလိုပြောင်းရွှေ့ရာတွင် ဒုက္ခသည်စခန်းကျောင်းသားများအတွက် ကျောင်းပြောင်းသည့်နေရာမှာ ကျောင်း ထွက်လက်မှတ်နှင့် ထောက်ခံစားများ မရှိသောကြောင့် အခက်အခဲများဖြစ်နေကြောင့် နောင်တောင်း ဒုက္ခသည်စခန်းရှိ ကျောင်းသားပေါင်း ၈၀၀ ကျော်သည် ထပ်မံ ပြောင်းရွှေ့ရမည်ဆိုပါက ကလေးများ၏ ပညာရေး ထိခိုက်မည် စိုးရိမ်စရာဖြစ်ကြောင်း ဆရာခွန်ထွန်းပြောသည်။

ယူနန်ပြည်နယ် ရွှေလီမြို့အာဏာပိုင်များက ဇူလိုင်လ ၉ ရက်နေ့တွင် KIO အရှေ့ပိုင်းတိုင်း အုပ်ချုပ်ရေး အရာရှိများအား ခေါ်ယူ၍ တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံလာသော ကချင်ဒုက္ခသည်များအား ပြောင်းရွှေ့ ပေးရန် ပြောဆိုခဲ့ပြီးနောက် ၎င်းအရာရှိများသည် KIO ဗဟိုကော်မတီသို့ တင်ပြပြီး အကြောင်းပြန်မည်ဟု ပြောထားခဲ့ကြောင်း KIO အရှေ့ပိုင်းတိုင်း အုပ်ချုပ်ရေးအရာရှိ ဆလန်ကဘား ဆို်င်းလီ (Salang Kaba Seng Li) က ပြောသည်။

ထို့နောက် KIO ဗဟိုကော်မတီကိုတင်ပြရာ ဗဟိုမှ တရုတ်အစိုးရ ထိုသို့ပြောလာပါက အရှေ့ပိုင်းတိုင်း အရပ်ဘက်အုပ်ချုပ်ရေး ကော်မတီများမှ ဆွေးနွေးကာ ခေါ်ယူရန် ညွန်ကြားခဲ့ခြင်းကြောင့် ဇူလိုင်လ ၂၀ ရက်နေ့ တစ်ကြိမ် တရုတ်အာဏာပိုင်များမှ ခေါ်ယူရန်ပြောဆိုရာတွင် ၎င်းတို့ပြောင်းရွှေ့နေထိုင်ရန် နေရာစီစဉ်ပြီးမှ ပြောင်းရွှေ့ပေးမည်ဟု ဆိုခဲ့ကြောင်း ဆလန်ကဘား ဆိုင်းလီကပြောသည်။

“သူတို့က တရုတ်ပြည်မှာ စစ်ပြေးတွေနဲ့ပတ်သက်ပြီး တရားဝင် လက်မခံဘူးတဲ့။ ဒါပေမဲ့ လူသားချင်းစာနာ ထောက်ထားပြီး လက်ခံတာ တစ်နှစ်ကျော်ပြီဖြစ်တဲ့အတွက် ကူညီတာလည်း အဲဒါဖြစ်ပြီ လို့ပြောတဲ့ သဘော ပေါ့။ သူတို့က ပြန်အပ်လာတာပေါ့။ သူတို့က နင်တို့မခေါ်ရင် အစိုးရဆီကို ခေါ်သွားပေးမယ်လို့ဆိုတဲ့ အထိတောင် ပြောလာတာပေါ့။ အဲဒါကြောင့် ပြန်ခေါ်မယ် ဒါပေမဲ့ အခုချက်ချင်းတော့ မဟုတ်ဘူး။ နေစရာနေရာတွေ အရင်လုပ်မယ် အကုန်လုံးအဆင်သင့်ဖြစ်မှ ခေါ်ယူဖို့ပြောထားတယ်။ အဲဒါကြောင့် ဒီလပိုင်းမှာ နေစရာတွေပြီး အောင်လုပ်ပြီးမှပဲ စခန်းတိုင်းက ကော်မတီတွေနဲ့ အစည်းအဝေးလုပ်ပြီး ခေါ်ယူဖို့လုပ်နေတယ်။ အခုတော့ အဲလိုပဲထားထားတယ်။ ပြည်သူလူထုတွေကိုလည်း အသိ ပညာပေးပြီး သူတို့ဆုံးဖြတ်သလိုပဲ လိုက်ရမယ်လို့ပြောချင်တယ် ” ဟု အရာရှိ ဆိုင်းလီကပြောသည်။

KIO ထိန်းချုပ်နယ်မြေ လနာ့ဇွပ် (Lana Zup) ဘက်သို့ပြောင်းရွှေ့ရန် ကျောင်းများ နေရာအထိုင်အခင်းများ စီစဉ်နေသော်လည်း ဒုက္ခသည်များသည် ပြောင်းရွှေ့ရန် ဆန္ဒမရှိကြောင်း ပြောဆိုနေကြသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး အရာရှိ ဒွဲပီဆားမှ “လနားဇွပ်က နောင်တောင်းနဲ့ဝေးတယ်လေ။ သူတို့က အဲဒီနောင် တောင်းမှာနေပြီး သူတို့ဒေသနဲ့ အဝင်အထွက် သွားလာလို့ရတာပေါ့။ ပြောမယ်ဆိုရင် ဟင်းသီးဟင်းရွက် ကအစ ကိုယ့်ဒေသမှာသွားရှာစားလို့ရတယ် ဆိုတော့ အခုက လနားဇွပ်မှာဆိုရင်တော့ သူတို့အတွက် ဝေးသွားတာကြောင့် မပြောင်းရဲတာပေါ့” ဟုပြောသည်။

ယခု ဒုက္ခသည်များပြောင်းလာရန် ပြင်ဆင်ထားပေးသည့် လနာ့ဇွပ်သည် နောင်တောင်းဒုက္ခသည်စခန်းမှ ၁၆ မိုင်ခန့် အကွာဝေးတွင်ရှိပြီး တရုတ်ပြည်ဘက်ခြမ်းသို့ ထွက်ပြေးခိုလုံလာနေသော ကချင်စစ်ပြေးဒုက္ခသည်များ လူဦးရေ ၁၀၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း ဒွဲပီဆာကပြောသည်။

Most read this week