မောင်တောတွင် ဗုံးခွဲမည်ဆိုသော သတင်းကြောင့် အာဏာပိုင်များက လူစုလူဝေး မလုပ်ရန် ညွှန်ကြား

မောင်တောတွင် ဗုံးခွဲမည်ဆိုသော သတင်းကြောင့် အာဏာပိုင်များက လူစုလူဝေး မလုပ်ရန် ညွှန်ကြား
by -
နိရဥ္စရာ

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အကြမ်းဖက်သမားများက ဗုံးဖေါက်ခွဲမည် ဆိုသော သတင်းများကြောင့် အာဏာပို်င်များက ယနေ့တွင် စျေးဆိုင်တန်းများ၊ လမ်းဘေးစျေးများကို ပိတ်ခိုင်းထားကြောင်း သတင်း ရရှိသည်။

“ ဟုတ်တယ်။ ဗုံးသတင်းကြောင့် ဒီနေ့က စျေးဆိုင်တွေ၊ လမ်းဘေးစျေးတွေ အပါအဝင်၊ လူစုလူဝေး မလုပ်ဖို့ ညွှန်ကြားထားပါတယ်” ဟု အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။

မောင်တောမြို့တွင် စျေးကြီးကို အရေးအခင်း ဖြစ်ပွားသည့် အချိန်မှ ပိတ်ထားခဲ့ရာ ယခု အချိန်ထိ ပြန်မဖွင့်နိုင်သေးသော်လည်း လမ်းဘေး စျေးများနှင့် ပြင်ပ စျေးဆိုင်များကို ဖွင့်လှစ်ရောင်း ချနေကြောင်း သိရသည်။

ယနေ့တွင် အဆိုပါ စျေးများနှင့် စျေးဆိုင်များကို ဖွင့်လှစ် မရောင်းချရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း ဒေသခံ အမျိုးသမီးကြီး တစ်ဦးကလည်း  ပြောကြားသည်။

“အကြမ်းဖက်သမားတွေ ဗုံးဖေါက်ခွဲမယ်ဆိုပြီး မနေ့ကညနေပိုင်း ကနေ သတင်းတွေ ထွက်နေ ပါတယ်။ ဒီနေ့ လမ်းဘေးစျေးတွေ အားလုံး မနက် ၆နာရီကနေ ပိတ်လိုက်ပါပြီ။ လူတွေကိုလည်း အပြင် မသွားကြဖို့၊ ကိုယ်အိမ်မှာကိုယ်နေကြဖို့  မြို့နယ်နဲ့  ခရိုင်အုပ်ချုပ်ရေးမှူး တာဝန်ရှိသူတွေက ပြောထားပါတယ်” ဟု ပြောသည်။

အစိုးရ ရုံးအများအပြားလည်း ယနေ့တွင် ပိတ်ထားကြောင်း မျက်မြင် ဒေသခံ လူငယ် တစ်ဦးဖြစ်သူ ကိုမျိုးချစ်က ပြောသည်။

“ အစိုးရရုံးတွေလည်း ဖွင့်တာ မတွေ့ဘူး အစ်ကို။ မနက်ပိုင်းကတော့ အစိုးရ ဘဏ်နဲ့ ကမ္ဘောဇ ဘဏ်ကို ဖွင့်တာတော့ တွေ့လိုက်ရတယ်။ အခုတော့ ပိတ်သွားပြီ။ အထက်တန်းကျောင်းကတော့ အရေးအခင်း ဖြစ်ပြီးကတည်းက ပိတ်ထားတဲ့ အတွက် ကျောင်းက မဖွင့် ဖြစ်သေးပါဘူး။ အခုတော့ လူတွေ အကုန်လုံး အိမ်ထဲမှာနေကြပါတယ်။ လူငယ် တစ်ချို့ ဆိုင်ကယ်နဲ့ သွားလာ တာက လွဲပြီး လမ်းပေါ်မှာ လူမရှိဘူး အစ်ကို” ဟု ပြောသည်။

ဘင်္ဂလီ မွတ်ဆလင် လူမျိုးများမှာလည်း အပြင်ကို မထွက်ကြဘဲ အိမ်တွေတွင် နေထိုင်နေကြသည်ဟု ဆိုသည်။

“ လုံခြံုရေးတွေကတော့ နေရာတိုင်းမှာ ချထားတာကို တွေ့ရပါတယ်။ လမ်းဆုံ လမ်းခွတိုင်းမှာပါဘဲ။ မနေ့ကလည်း မောင်နီရွာဘက်ကို အာရ်အက်စ်အို လက်နက်ကိုင် အဖွဲ့တွေ ၀င်လာတယ်ဆိုပြီး သတင်းရတဲ့ အတွက် စစ်သားတွေ လိုက်သွားတယ်လို့ ကြားရပါတယ်။ ဒါကြောင့် မွတ်ဆလင် ဘင်္ဂလီတွေလည်း အိမ်ထဲမှာ နေနေကြတာကို တွေ့ရပါတယ်” ဟု ကိုမျိုးချစ်က ပြောသည်။

လုံထိန်း၊ ရဲ၊ စစ်တပ် နှင့် နစကတပ်ဖွဲ့ များကို မောင်တောမြို့နယ် ခန်းမဆောင်၊ အလိုတော် ပြည့်ကျောင်း၊ အထက် တန်းကျောင်း၊ စျေးရုံဝ၊ စျေးကြီးနှင့် မွတ်ဆလင်ရွာများ၌ တင်းကျပ်စွာ ဖြည့်တင်း ချထားသည်ဟု သိရသည်။

မောင်တောမြို့ပေါ်တွင်  နစကနဲ့ လုံထိန်း ကားများဖြင့် လှည့်လည်နေသည်မှ အပ အခြေအနေမှာ အေးဆေး ငြိမ်သက်နေပြီး  မုန်တိုင်းမတိုက်မှီ ငြိမ်သက်ခြင်းမျိုးဖြင့် ငြိမ်သက် တိတ်ဆိတ် နေကြောင်း သူက ပြောသည်။

Most read this week