ရွာတော်မြို့ ဗိုလ်မင်း အောင်ရွှေဖြူ ကွယ်လွန်

ရွာတော်မြို့ ဗိုလ်မင်း အောင်ရွှေဖြူ ကွယ်လွန်
by -
နိရဥ္စရာ

ဘင်္ဂလားဒေ့ချ်နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင်မြို့မှ  ၁၅ ဆက်မြှောက် ဗိုလ်မင်း အောင်ရွှေဖြူသည် လူကြီး ရောဂါဖြင့် ယနေ့ (သြဂုတ် ၈)ရက်နေ့တွင် ကွယ်လွန် အနိစ္စ ရောက်သွားကြောင်း သတင်းရရှိသည်။

Bandarban-raj-mela-Raj-boman
ဗိုလ်မင်း အောင်ရွှေဖြူမှာ ကွယ်လွန်ချိန်တွင် အသက် ၉၉နှစ် ရှိပြီ ဖြစ်ကြောင်းနှင့် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ယနေ့နံနက် ပိုင်းတွင် အသက်ဆုံးသွားကြောင်းနှင့် သူ့ရုပ်အလောင်းကို ရရက်တိတိထားပြီးမှ ပွဲလမ်းသဘင်များပြုလုပ်ကာ သဂြိုလ် မည် ဖြစ်ကြောင်း ဘင်ဒရိုဘင် (ရွာတော်)မှ  ဦးခိုင်အောင်ကျော်နှင့် ကိုစောဘထွီးက နိရဥ္စရာသို့ ပြောသည်။

“မနက် ၉နာရီခွဲက နိစ္စရောက်သွားတာပါ။ အသက်ကြီးပြီး လူကြီးရောဂါနဲ့ ကိုယ့်အိမ်မှာဘဲ ဆုံးသွားတာပါ” ဟုပြောသည်။

ဗိုလ်မင်း အောင်ရွှေဖြူမှာ ဇနီးအိမ်ရှင်မနှင့် အတူသား ၆ ယောက်နှင့် သမီး ၂ယောက်ကျန်ရစ် ခဲသည်ဟုသိရ သည်။

လက်ရှိ ဗိုလ် မင်းထောင်တွင် နေထိုင်သည့် ဗိုလ်မင်းနှင့် သူ၏ ဆွေမျိုးများသည်  ဟံသာဝတီဘုရင် တပင် ရွှေထီး သားတော် မောင်စောပျံနှင့် နောက်လိုက်များဖြစ်ကြောင်း ယနေ့တိုင် ခံယူလျှက်ရှိသည်ဟု သိရသည်။ သူတို့ အဆက် အနွယ်များအား ရခိုင်ဘုရင် မင်းရာဇာကြီးမှ ဟံသာဝတီကို အောင်မြင်ပြီး နောက် ယူဆောင်လာသည်ဟု ဆိုသည်။ ဗိုလ်မင်းထောင်ကို အပိုင်စားပေး ခဲ့ပြီး စစ်တကောင်း တောင်တန်းဒေသ ဗိုလ်မင်းထောင်ကို ၁၆၁၄ ခုနှစ် မောင်စောပျံ လက်ထက်မှ ယနေ့တိုင် အဆက်ဆက် အုပ်ချုပ်လျက်ရှိကြောင်း သူတို့ကပြောသည်။

 အဆိုပါ ဒေသကို အုပ်ချုပ်ခဲ့သော အင်္ဂလိပ်များ လက်ထက်တွင်လည်း သူတို့အား  စည်းမျဉ်းခံ အုပ်ချုပ်ရေးပုံစံ စနစ်ဖြင့်ထားရှိခဲ့ရာ ထိုစနစ်မှာ ယခုထက်တိုင် တည်တံ့လျှက်ရှိသည်။ ဗိုလ်မင်းသည် ၎င်းကို၎င်း ဗိုလ်မင်းထောင် (ဘင်ဒရိုင်ဘင် ခရိုင်)အား အပိုင် စားရသူ နယ်စား တစ်ဦးအဖြစ်သာ သဘောထားပြီး အခွန်ဘဏ္ဍာများကို နှစ်စဉ် အခွန်ဘဏ္ဍာ ဆက်သပွဲ ပြုလုပ်ကာ လက်ခံသည်။

အဆိုပါ ဘဏ္ဍာ ဆက်သပွဲကို ဒေသခံများက ပိုင်စရာပွဲဟု ခေါ်သည်။

၎င်းပွဲကို  နှစ်စဉ် ဆောင်းရာသီတွင် ကျင်းပလေ့ရှိသည်။ ပိုင်စရာပွဲတော်ကို ပျော်ပွဲ၊ ရွှင်ပွဲ မြောက်များစွာနှင့် ပြုလုပ်လေ့ရှိပြီး ထိုပွဲအတွင်း ဗိုလ်မင်းအုပ်ချုပ်သည့် နယ်အသီးသီးမှ လာရောက်သော ကာလာဘာရီ၊ ဟေရ်မန်နှင့် ရွာစားများ တို့၏  အခွန်ဘဏ္ဍာများကို လက်ခံယူသည်။

ပွဲကျင်းပစဉ်အတွင်း ဗိုလ်မင်း အောင်ရွှေဖြူသည် ရှေ့ခေတ် ရခိုင်- မြန်မာများ ၀တ်စားသည့် တောင်ရှည်ပုဆိုး နှင့် တိုက်ပုံ အကျင်္ ီကိုဝတ် ဆင်ပြီး ဓါးကိုင်  ကိုယ်ရံတော်များ ခြံရံလျှက် သူအုပ်ချုပ်ခွင့်ရသော ရွာတော်ခရိုင် ဗိုလ်မင်း ထောင်မှ ပြည်သူများ၏ ဂါရဝပြု ဘဏ္ဍာဆက်သခြင်းကို လက်ခံယူလေ့ရှိသည်။

ဗိုလ်မင်းထောင်တွင်  မာရမာ (ရခိုင်) ၊ မြို၊ မြံု၊ တရိပူရ၊ သက်၊ လင်းဂဲ၊ ဒိုင်းနက် စသည့် လူမျိုးပေါင်းစုံ နေထိုင်ကြသည်။

ဗိုလ်မင်းအောင်ရွှေဖြူ ကွယ်လွန်ပြီးနောက် နောက်ထပ် ဗိုလ်မင်း တစ်ဦးကို သူနှင့်ဆွေမျိုးတော်စပ်သူ တစ်ဦး ကို ရွှေးချယ်တင်မြှောက်ကြမည် ဖြစ်သည်။

Most read this week