ပူတာအိုခရိုင်တွင်း ဆန်ဝယ်ယူရန် အခဲဖြစ်နေဆဲ

ပူတာအိုခရိုင်တွင်း ဆန်ဝယ်ယူရန် အခဲဖြစ်နေဆဲ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြောက်ပိုင်းရှိ ပူတာအိုခရိုင်တွင် ဆန်ပြတ်လပ်မှုအခက်ခဲ ရင်ဆိုင်နေရသော ဒေသခံများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှတဆင့် ယနေ့ ဆန်များထုတ်ရောင်းပေးမည်ဟု ပြောဆိုထားသော်လည်း ရောင်းပေးခြင်း မရှိသောကြောင့် ဒေသခံများ သာ၍အခက်ခဲရင်ဆိုင်နေကြသည်။

ပူတာအိုမြို့ အစိုးရ ကြံ့ဖွံ့ပါတီရုံးရှေ့တွင် ဆန်ဝယ်ယူရန် စောင့်ဆိုင်းနေသော ဒေသခံပြည်သူများ။ဆန်ဝယ်ယူရန် ရပ်ဝေးမှဒေသခံများသည် နံနက်စောစောကတည်းက ကြိုးစားပမ်းစား သုံးဘီးကားများငှားကာ လာစောင့်ခဲ့သော်လည်း ထုတ်ပေးခဲ့ခြင်းမရှိခဲ့ကြောင်း ဒေသခံများပြောသည်။

ယခုလို နိုင်ငံတော်အစိုးရမှ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့များက ရောင်းပေးနေသော်လည်း ၀ယ်ယူသူများသည် ဆန်ပြတ်နေသူများ၏ ၄ ပုံ ၁ ပုံ ခန့်သာ ၀ယ်ယူရရှိခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် သြဂုတ် ၃ ရက်တွင်လည်း လေယာဉ်ဖြင့်သယ်လာသော ဆန်များကို ဒေသခံများအား တစ်ဦးလျင် ဆန်အနည်းငယ်စီ ရောင်းချပေးမည်ဟုပြောဆိုထားသောကြောင့် မျှော်လင့်ခြင်းများစွာဖြင့် ခရီးဝေးမှ ခက်ခဲမှုများကြား လာရောက်စောင့်ဆိုင်းခဲ့ရာ တင်္နလာနေ့ထုတ်ပေးမည်ဟု ပြန်လည်ချိန်းဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆန်များဝယ်ယူရန် ရောက်လာသော ဒေသခံများ အယောက် ၂၀၀ ကျော်အား မိမိရွာသို့ ပြန်သွားရန် ပြောဆိုခြင်းကြောင့် အကြိမ်ကြိမ်လာတိုးသော ဒေသခံများအတွက် ဒုက္ခရင်ဆိုင်နေရကြောင်း ပူတာအိုဒေသခံတစ်ဦး ပြောသည်။

“ဘာဖြစ်လို့မထုတ်ပေးတာ ဆိုတာကျွန်တော်လည်း ဘာမှမသိရဘူး။ သူတို့က ဘယ်နေ့ထုတ်ပေးမယ်ဆိုတာ ပြန်ပြောတာလဲမရှိဘူး။ ဆန်တွေပြတ်လပ်တာက အထူးသဖြင့် ဒီဒေသမှာ အစိုးရက ဆည်မြောင်းတာတမံ ကောင်းကောင်း လုပ်ပေးတာလည်းမရှိဘူး။ တောင်သူလယ်သမားတွေက ဖြစ်သလို တတ်နိုင်တဲ့ဘက်ကနေ လုပ်နေတော့ ရတဲ့ဆန်လေးတွေကိုလည်း ဒေသခံတွေလည်းစားတယ်။ အောက်ပြည်ကတက်လာတဲ့ စီးပွားရေးသမားတွေ အစိုးရဝန်ထမ်းတွေ.. တပ်တွေကလည်းတိုးချဲ့လာတော့ တပ်ကပိုများလာ ဆန်အိတ်က ဝင်တာမရှိဘူး။ အဲတာကြောင့်ပဲဖြစ်တယ်” ဟု ပြောသည်။

ယခုချိန်တွင် ဒေသခံကျေးရွာများတွင် ဆန်ပြတ်နေသောကြောင့် တောတောင်ထဲရှိ ၀ါးမြစ်များ၊ ပိန်းဥ၊ ပြောင်းဖူးနှင့် တောထွက် အသီးအရွက် သစ်မြစ်ဥများကို မှီခို ရှာဖွေစားသောက်နေရကြောင်း ဒေသခံများပြောသည်။

ဆန်ပြတ်လပ်မှုကြောင့် အဓိကအစားအစာမဟုတ်သော တောထွက် ဝါးမြစ်များကိုသာ စားသုံးနေပြီး တချို့ကျမ်းမာရေး အဟာရမပြည့်ဝသည့် ဒေသခံများတွင် ကျန်းမာရေးထိခိုက်ကာ သေဆုံးသူရှိလာကြောင်း သိရသည်။

ပူတာအိုတွင် ဆန်ပြတ်လပ်မှုသည် ပြီးခဲ့သည့် ဇူလိုင်လမှစ၍ အခြေအနေဆိုးဝါးလာခြင်းဖြစ်ပြီး ဆန်နို့ဆီဗူး ၁ ဗူးတွင် ကျပ် ၁၀၀၀ ထိထိုးတက်ခဲ့ပြီး ယခုချိန်တွင်မူ ရောင်းမည့်သူပင်မရှိတော့ပဲ ပူတာအိုကျေးရွာ ၁၀ ရွာကျော်တွင် ဆန်များလုံးဝပြတ်လတ်လျက်ရှိကြောင်းသိရသည်

Most read this week