ကရင်အမျိုးသား အစည်းအရုံး KNU အနေနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများသို့ လှမ်းနိုင်ရန်အတွက် အပစ်အခတ် ရပ်စဲရေး ခိုင်မာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး အကျိုး ဆောင်အဖွဲ့နှင့် တွေ့ဆုံပွဲ အပြီး၌ KNU ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက မဇ္စျိမကို ပြောကြားလိုက်သည်။
“ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ရဖို့ ကျမတို့ လုပ်နေတာပါ။ ပြည်ထောင်စု အဆင့်ကို ခြေလှမ်းနိုင်ဖို့အတွက် အပစ်အခတ် ရပ်စဲရေး ခိုင်မာဖို့ လိုတယ်” ဟု သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့နှင့် KNU တို့၏ တွေ့ဆုံပွဲကို သြဂုတ်လ ၅ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့၌ နံနက် ၁၀ နာရီခန့်မှ နေ့လည် ၂ နာရီ ခွဲအထိ ကျင်းပခဲ့သည်။
မြန်မာ အစိုးရ၏ ကိုယ်စားလှယ်များအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ လဝက ၀န်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့ ပါ၀င် တက်ရောက် ခဲ့ကြသည်။ KNU ဘက်မှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်၍ နော်မေဦး၊ ပဒို သောသီဘွဲ၊ စောအောင်ဝင်းရွှေတို့ တက်ရောက်ခဲ့ကြသည်။
KNU ဘက်မှ ပြည်ထောင်စုအဆင့် ဆွေးနွေးနိုင်ရန်အတွက် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ကပင် ၁၁ ချက် ပါဝင်သည့် တောင်းဆိုချက်ကို ပေးအပ်ထားခဲ့ပြီး ဦးအောင်မင်း မှလည်း အချက်အားလုံးကို မူအားဖြင့် သဘောတူသည်ဟု ပြောကြားထားသည်။
တနင်္ဂနွေနေ့ ဆွေးနွေးပွဲသည် ဘားအံမြို့၌ ပြုလုပ်မည့် အစိုးရနှင့် KNU တို့၏ တတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခရီးစဉ်အတွက် ပဏာမ သဘောဖြင့် ဆွေးနွေးကြမည့် အချက်အလက်များအား ကြိုတင်ညှိနှိုင်း
ဆွေးနွေးကြခြင်းလည်း ဖြစ်သည်။
သို့သော်လည်း အနှစ် ၆၀ ကျော် ပြည်တွင်းစစ် ရပ်ဆိုင်းနိုင်ရန်အတွက် အောက်ခြေတပ်များအကြား ပဋိပက္ခများ ရှိနေဆဲ ဖြစ်ကြောင်း မနော်မေဦး က ပြောသည်။
“ပြီးခဲ့တဲ့ ဂျုလိုင်လ အတွင်းမှာ ခိုသာခို ရွာမှာ အင်ဥ သွားရှာတဲ့ ကရင်ရွာသား တယောက် တပ်စခန်း အနီး ရောက်သွားတော့ ဟိုက ရန်သူ ထင်ပြီး ပစ်လိုက်တယ်။ အဲလို အလားတူ ပြဿနာတွေလည်း အများကြီး ရှိပါသေးတယ်။ ၆၄ နှစ်တာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် ရပ်ဆိုင်းနိုင်ဖို့အတွက် အောက်ခြေမှာ ပြဿနာတွေ အများကြီး ရှိပါသေးတယ်” ဟု ဆိုသည်။
ကရင်ပြည်နယ်အတွင်း၌ အစိုးရတပ်များ လွှမ်းမိုးထားမှု၊ နေရာ ချထားမှု အများအပြား ရှိနေသေးကြောင်း ၎င်းဆွေးနွေးပွဲ၌ ထောက်ပြခဲ့ပြီး နှစ်ဦးနှစ်ဘက် လက်နက်ကိုင် တပ်များအကြား လိုက်နာရမည့် ကျင့်ဝတ်များနှင့် ပဋိပက္ခများ နည်းနိုင်သမျှ နည်းအောင် ညှိနှိုင်းလုပ်ဆောင် ကြရေးကို ဆွေးနွေးခဲ့ကြသည်။
အစိုးရနှင့် KNU တို့အကြား၌ နယ်မြေ ပဋိပက္ခများ ဖြစ်ပွားနေကြဆဲ ကာလ၌ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို လည်း လက်မခံလိုသေးကြောင်း KNU ဘက်မှ အဆိုပြု ထားသည်။
KNU အနေနှင့် မြဝတီမြို့၌ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် လျာထားမှု ရှိသော်လည်း ဖွင့်လှစ်မည့် နေ့ရက် အတိအကျကို မသိရှိ ရသေးကြောင်း မနော်မေဦး က ပြောသည်။
KNU သည် အချက် ၄ ချက် အခြေခံဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့ ဇွဲကပင် ဟိုတယ် ဆွေးနွေးပွဲ၌ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို ပြည်နယ်အစိုးရနှင့် ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။