KIO နယ်မြေရှိ ဒုက္ခသည်စခန်းများတွင် ၀မ်းရောဂါဖြစ်ပွား

KIO နယ်မြေရှိ ဒုက္ခသည်စခန်းများတွင် ၀မ်းရောဂါဖြစ်ပွား
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်နယ်မြေတွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည် များ၌ မိုးရာသီချိန် မသန့်ရှင်းသော ရေကိုသောက်သုံးခြင်းကြောင့် ၀မ်းရောဂါ ဖြစ်ပွားနေကြောင်း KIO ဗဟို ကျန်းမာရေးဌာနမှ ပြောသည်။

hpyen-yen-ma
စစ်ပြေးဒုက္ခသည်စခန်းအတွင်း ဇူလိုင်လမှစ၍ ၁၅ နှစ်အောက်ကလေးများ၌ ၀မ်းလျှော၊ ၀မ်းပျက်ရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာခြင်းဖြစ်သည်ဟု KIO ဗဟို ကျန်းမာရေး အထွေထွေအတွင်းရေးမှူး အရာရှိ ဦးဟိန်းဝမ် (Hing Wang) က ပြောသည်။

“စခန်းတိုင်းဖြစ်တယ်.. ရေကြောင့်လေ ရေမသန့်ရှင်းလို့လေ။ ဇူလိုင်လ ကစပြီး ပိုဖြစ်လာတယ်.. အရမ်းဆိုး ၀ါးတာတော့ မရှိဘူးလေနော်။ နည်းနည်းပိုဖြစ်တဲ့့ လူတွေကိုတော့ ဆေးရုံကြီးကိုပို့တယ်။ တစ်အိမ်တက် တစ်အိမ်ဆင်းလည်း လိုက်ကြည့်ပေးနေတယ်” ဟု အရာရှိ ဦးဟိန်းဝမ်ပြောသည်။

၄င်းဒုက္ခသည်စခန်းများတွင် သောက်သုံးရေများအား တောင်ကျရေကိုသောက်သုံးခြင်းအားဖြင့် သော်လည်း ကောင်း၊ တချို့နေရာများတွင် မိုးရေများကိုသောက်သုံးနေရခြင်းနှင့် တချို့နေရာများတွင် ရေတွင်းရေကို သောက်သုံးခြင်းကြောင့် ၀မ်းရောဂါကူးစက်ပြန့်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

“တောင်ကျရေသုံးတဲ့ သူတွေက သိပ်မလိုဘူး။ အများပိုင်းက မိုးရာသီဖြစ်လို့ ရေကောင်းကောင်းမရဘူး လေနော်။ တချို့နေရာတွေမှာဆိုရင် နဂိုကတည်းကရေမထွက် မိုးရာသီမှ ထွက်တဲ့နေရာတွေဆိုရင် အဲဒါကို ပြန်သောက်သုံးဆိုရင် ရောဂါက ပိုဖြစ်တယ်လေ” ဟု ဦးဟိန်းဝမ်က ဆက်ပြောသည်။

ထို KIO ထိန်းချုပ်နယ်မြေများတွင်ရှိသော ဒုက္ခသည်စခန်းများတွင် KIO ကျန်းမာရေးဝန်ထမ်းများမှ ကြည့်ရှုကုသပေးနေသော်လည်း အထူးသဖြင့် အသက်ငယ်ပိုင်းများအတွက် ဆေးဝါးလုံလောက်မှုမရှိကြောင်း သိရသည်။

ယခုချိန်တွင် ဒုက္ခသည်စခန်းကူးစက်ပြန့်ပွားမှုမှရောဂါများ ကာကွယ်နိုင်ရန် ၄င်းတို့မှ ကျန်းမာရေးပညာပေး ဟောပြောပွဲများပြုလုပ်ကာ ရောဂါပိုးသတ်ဆေးဖြန်းပေးခြင်းများပြုလုပ်ပေးနေသော်လည်း တချို့နေရာများ တွင်မူ ဆေးဝါးမလုံလောက်မှုကြောင့် မပြုလုပ် နိုင်သေးကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရတပ်များတိုက်ပွဲဖြစ်ပွားပြီးနောက် KIO ထိန်းချုပ်နယ်မြေသို့ အများစုထွက်ပြေးတိမ်းရှောင်လာပြီး ဒုက္ခသည်စခန်းများ ၅၃ ခုရှိကာ လူဦးရေ ၆ သောင်းခန့်ခိုလှုံလျက်ရှိ သည်။

သြဂုတ်လ ၂ ရက် နေ့တွင် နောင်ကြိုးမဲ့ကွန်ယက်အဖွဲ့များမှ KIO ဗဟိုဌာနချူပ် လိုင်ဇာ (Laiza) သို့ ဆေးဝါးများနှင့် ရောက်ရှိလာပြီး ကျန်းမာရေးကော်မတီများနှင့် တွေ့ဆုံခဲ့ကာ ယနေ့တွင် KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် (Mai Ja Yang) ရှိ ဒုက္ခသည်စခန်းများသို့ ဆက်လက်လေ့လာ ကူညီထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

Most read this week