ကင်တေးနားခရီးစဉ် ရခိုင် အတွက် အကျိုး မရှိနိုင်ဟု တွေ့ဆုံခဲ့သူ ဦးအေးသာအောင်က ပြောကြား

ကင်တေးနားခရီးစဉ် ရခိုင် အတွက် အကျိုး မရှိနိုင်ဟု တွေ့ဆုံခဲ့သူ ဦးအေးသာအောင်က ပြောကြား
by -
နိရဥ္စရာ

“ ကင်တေးနား ပြောတဲ့စကားတွေ အပေါ်မှာ သုံးသပ်လိုက်ရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေကြတဲ့ ပြဿနာမှာ ရခိုင် ဒုက္ခသည် တွေ အပေါ်မှာ အာရုံမစိုက်ဘဲ ဘင်္ဂလီ ဒုက္ခသည်တွေ အပေါ်မှာဘဲ အာရုံ စိုက်တာကို တွေ့ရတယ်။

အဲဒါကြောင့် ကင်တေးနား လာတဲ့ ခရီးစဉ်အပေါ်မှာ ဘကြီးတို့ကတော့ ထူးထူးခြားခြား ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေကို အကျိုးပြုလိမ့်မယ်လို့ မထင်ဘူး”ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် ကင်တေးနားနဲ့ တွေ့ဆုံခွင့်ရခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင် က ပြောသည်။
Photo-of-U-Aye-tha-Aung-interview
ဦးအေးသာအောင်နှင့်  ကင်တေးနားတို့  ဇူလိုင်လ ၃၀ ရက်နေ့က  ရန်ကုန်မြို့တွင် တွေ့ဆုံပြီးခဲ့သည်။ သူ့နှင့် တွေ့ဆုံ ခဲ့ပြီးနောက် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေပေါ်မှာ ဘယ်လို မြင်ပါသလဲလို့ နိရဥ္စရာမှ မေးမြန်းရာမှာ ဦးအေးသာအောင်က အထက်ပါ အတိုင်း  ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး  ကိုယ်စားလှယ် မစ္စတာ ကင်တေးနားသည် ဦးအေးသာအောင် ယခု ဖြစ်နေသော ရခိုင်ပြည်နယ် ပြဿနာအား မည်ကဲ့သို့ ဖြေရှင်းလျှင် ကောင်းမည်နည်းဟု မေးမြန်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ မေးခွန်းကို ဦးအေးသာအောင်က သမ္မတကြီး ပြောကြားသည့်အတိုင်း ဖြေရှင်းသင့် ကြောင်း ဖြေကြားလိုက်သည်ဟု ဆိုသည်။

“တွေ့တာ သုံးလေးရက်ရှိပြီ၊ ရခိုင်ပြည်ကို မသွားခင်က  တွေ့တာဖြစ်ပါတယ်။  ဘကြီးက အကောင်းဆုံး ဖြေရှင်းနည်းကတော့ သမ္မတ ဦးသိန်းစိန်ပြောထားတဲ့အတိုင်း တဖက် နိုင်ငံက ခိုးဝင်လာတဲ့ သူတွေကို စစ်ဆေး အရေးယူရမယ်။ စခန်းတခုမှာ ထိန်းသိမ်းထားရမယ်လို့ ဖြေကြားလိုက်ပါတယ် ” ဟု ဆိုသည်။

ဦးအေးသာအောင်မှ မစ္စတာ ကင်တေးနားအား ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်းနှင့် လက်ရှိ အခြေအနေများကို အသေးစိတ် လေ့လာရန်လိုပြီး အခြေအနေမှန်ကို တိတိကျကျ သိမှ ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ဘကြီး အဓိကပြောတာက ပြဿနာ တစ်ခုကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အခါ  နောက်ခံ သမိုင်းတွေကို သိရှိအောင် ချဉ်းကပ် ကြိုးစားဖို့ လိုတယ်။ မဟုတ်ရင် အဖြေမှန်ကို ရမှာ မဟုတ်ဘူး။ အခု  ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လက်တွေ့အခြေအနေဟာ  နိုင်ငံတကာက အဖွဲ့အစည်းတွေ အပါအဝင် ကုလသမဂ္ဂ အမြင် တွေနဲ့  လုံးဝခြားနားနေတယ် ဆိုတဲ့ အကြောင်း၊  ရခိုင်ပြည်နယ် မောင်တောမြို့မှာ ရခိုင် လူမျိုးတွေဟာ ဘင်္ဂလီတွေရဲ့ မီးရှို့တာ၊ သတ်ဖြတ်တာကို ခံရတဲ့အကြောင်း၊ စစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တလျှောက်မှာတော့ခါ နှစ်ဖက် အပြန်အ လှန် မီးရှို့ဖျက်စီးမှုတွေ ရှိတဲ့ အကြောင်းကို ပြောပြလိုက်ပါတယ်” ဟုဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့ကနေ  စတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး တိကျ မှန်ကန်သော အစီရင်ခံစာမျိုး ထွက်လာပါမှ ကမ္ဘာပြည်သူများ အနေဖြင့် အဖြစ်မှန်ကို သိရှိကြမည် ဖြစ် သဖြင့်  ၎င်းကဲ့သို့ အစီရင်ခံမျိုးကို  ဘက်မလိုက်ဘဲ ရေးသားပေးရန် လိုအပ်ကြောင်း ဇူလိုင်လ ၃၀ ရက်နေ့ တွင် ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU က မစ္စတာ ကင်တားနားထံ စာရေးသား တောင်းဆိုခဲ့သည်။

Most read this week