မတရားဖမ်းဆီး၍ မတရားစီရင်ခဲ့ကြောင်း ကိုဖြိုးဝေအောင် ရှင်းလင်းမည်

မတရားဖမ်းဆီး၍ မတရားစီရင်ခဲ့ကြောင်း ကိုဖြိုးဝေအောင် ရှင်းလင်းမည်
by -
မဇ္စျိမ

မတရား ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ဖြစ်ကြောင်းကို သက်သေ အထောက်အထားများဖြင့် ရှင်းလင်းသွားမည်ဟု လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သောကြာနေ့က အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် က ပြောသည်။

ဗုံးဖောက်ခွဲသည်ဟု စွပ်စွဲကာ သေဒဏ်၊ တသက်တကျွန်းနှင့် ထောက်ဒဏ် ၁၉ နှစ် တပေါင်းတည်း ကျခံရန် စီရင်ခြင်း ခံရပြီး ဆိုးရွားလှသည့် ကျန်းမာရေး အခြေအနေကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် က ရန်ကုန်မြို့တွင် သတင်းထောက်များကို ပြောကြားလိုက်ခြင်း ဖြစ်သည်။

“X2O ဗုံးခွဲမှုမှာ ဖြိုးဝေအောင် ကျူးလွန်လား မကျူးလွန်ဘူးလား ဆိုတာကို တရားဝင် အမှုတွဲထဲက တရားလို သက်သေခံ အထောက်အထားတွေနဲ့ ရှင်းပြသွားမယ်” ဟု ကိုဖြိုးဝေအောင် က ပြောသည်။

၂ဝ၁ဝ ခုနှစ်၊ သင်္ကြန်အတွင်း X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သည်ဟု ၎င်းအား စွပ်စွဲခံခဲ့ရသည်။

ကိုဖြိုးဝေအောင်၏ အဆိုအရ သံသယတရားခံများ ထွက်ပြေးသွားပြီးနောက် ၎င်းကို အပြစ်ရှိသည်ဟု ဝန်ခံလာရန် စစ်ကြောသူများက နှိပ်စက်ညှဉ်းပမ်းခဲ့သည်ဟု ဆိုသည်။

“ပထမပိုင်းကတော့ မေးတယ်ရိုက်တယ်၊ မေးတယ်ရိုက်တယ်။ နောက်ပိုင်းကျတော့ ဝန်မခံ ရိုက်တယ်၊ ဝန်မခံ ရိုက်တယ်။ ဝန်မခံမခြင်း ရိုက်မယ်လို့ ကျနော့်ကို ပြောတယ်။ နောက်ဆုံး ကြိုက်တာယူလာခဲ့ လက်မှတ်ထိုးပေးမယ် ဆိုပြီး ထိုးပေးလိုက်ရတယ်” ဟု ကိုဖြိုးဝေအောင်က စစ်ကြောရေး အတွေ့အကြံုကို ပြန်ပြောပြသည်။

၎င်းအား မတရား စီရင်ခံရမှုကို အများပြည်သူ သိရှိစေရန်အတွက် သတင်းစာရှင်းလင်းပွဲ တရပ်ကိုလည်း လပိုင်း အတွင်း ပြုလုပ်ရန် စီစဉ်ထားကြောင်း ကိုဖြိုးဝေအောင်က ဆိုသည်။

ကိုဖြိုးဝေအောင် စွပ်စွဲခံခဲ့ရသော အမှုမှာ ၂ဝ၁ဝ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံး သုံးလုံး ပေါက်ကွဲသည်။ ထိုဗုံးခွဲမှု တရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ် တောတွင်းအခြေစိုက် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ (ယခု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး)က ထိုနှစ် မေလ ၆ ရက်နေ့နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ စွပ်စွဲခဲ့သည်။

ကိုဖြိုးဝေအောင် ကိုလည်း ဗုံးဖောက်ခွဲနိုင်ရေး စောင့်ကြည့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့ရုံမက VBSW အဖွဲ့ဝင်တဦး ဖြစ်သည် ဆိုသော ယူဆချက်ဖြင့် ၂ဝ၁၁ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ နေအိမ်သို့ လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ ၂ဝ၁၂ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် စီရင်ချက် ချမှတ်ခံခဲ့ရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် တွေ့ဆုံပြီး
လေးရက်မြောက် နေ့တွင် လွတ်မြောက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် အင်းစိန်မြို့နယ်ဆေးရုံ၌ တက်ရောက် ကုသခံနေရသော ကိုဖြိုးဝေအောင်တွင် အသည်း အကြိတ် (၆ စင်တီမီတာခန့်)ဖြစ်ပေါ်နေသည့် ဝေဒနာ ခံစားနေရပြီး လွန်ခဲ့သည် ရက် ၂ဝ ခန့်မှ စတင်၍ သူ၏ခါး အောက်ပိုင်း လှုပ်၍ မရတော့ကြောင်းလည်း ၎င်းက ပြောသည်။

ယခု ကိုဖြိုးဝေအောင် လွတ်မြောက်လာသည်မှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄ဝ၁ (၁)အရလွတ်မြောက် လာခြင်းဖြစ်သည်။

Most read this week