KIO မသင်္ကာမှုဖြင့် အစိုးရစစ်သားများ ဖမ်းဆီးစစ်ဆေးခံခဲ့ရသော ယိခူးရွာသားအလောင်း တွေ့ရှိ

KIO မသင်္ကာမှုဖြင့် အစိုးရစစ်သားများ ဖမ်းဆီးစစ်ဆေးခံခဲ့ရသော ယိခူးရွာသားအလောင်း တွေ့ရှိ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရစစ်တပ်မှ ပြန်လွတ်ပေးလိုက်ကြောင်း ပြောဆိုခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မြို့နယ် ယိခူးကျေးရွာမှ ကချင်လွပ်မြောက်ရေးအဖွဲ့ KIO နှင့် မသင်္ကာသူဖြင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရသော ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) သည် ရက်အတော်ကြာပျောက်ဆုံးနေရာမှ ဇူလိုင်လ ၂၂ ရက်နေ့တွင် ၄င်း၏အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

galau-bawm-yaw

အစိုးရစစ်တပ်များသည် ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) အား ဖမ်းဆီးခေါ်ဆောင်သွားစဉ် ရိုက်နှက်နှိပ်စက်မှု အမျိုးမျိုးပြုလုပ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယိခူးဒေသခံတစ်ဦးပြောသည်။

“မြုပ်ထားတဲ့နေရာက အရင်က စစ်တပ်ဟောင်း နောက်ဘက်က ကဒုတ်ကျင်းအရှည်ကြီး လုပ်ထားတယ်။ အဲဒီမှာပဲ.. နည်းနည်းပြန်တူးပြီး မြုပ်ထားတာ။ သူတို့ထမ်းလာတဲ့ ၀ါးတုတ်လည်း အဲဒီမှာ ဖြတ်ထည့်ထားတယ်။ ပေါက်ပြားလည်းထားထားတယ်။ ပလပ်စတိတ်နဲ့ပဲ လိပ်ပြီးမြုပ်ထားတယ်။ ခေါင်းပိုင်းတော့ အကုန်ပျက်နေပြီ။ ကိုယ်ပိုင်းတော့ ဖောင်းနေတယ်။ ညာဘက်ပေါင်မှာလည်း ရိုက်ချိုးထားတဲ့ အရာထင်နေတယ်။ ခြေတစ်လုံးတွေမှာလည်း ရိုက်ထားတဲ့ အရာတွေထင်နေတယ်။ ကိုယ်ပေါ်တွေမှာလည်း အရာတွေ အရမ်းထင်နေတယ်။ သွေးဥတွေ မဲတူးနေတာပဲ။ ပါစပ်လည်းအရမ်းဟနေတယ်။ တချို့က အရမ်းအော်ပြီး သေသွားတာလားလို့ ယူဆတာလေနော်။ ဆရာဝန်ခွဲစိတ်ပြီးပြောတာက ဦးနှောက်မှာ သွေးကြောတစ်ကြော ပေါက်တယ်တဲ့” ဟု ပြောသည်။

ဇူလိုင် ၁ ရက်နေ့တွင် အစိုးရစစ်တပ်များနှင့် ကချင်လွပ်မြောက်ရေးအဖွဲ့ KIO တိုက်ပွဲဖြစ်ပွားခဲ့စဉ် အနီးရှိ တောင်ယာလုပ်ကိုင်နေသူ ယိခူးကျေးရွာသား ၂၆ ဦးကို KIO နှင့်ပတ်သက်ဆက်သွယ်သူများအဖြစ် စစ်ဆေးမေးမြန်းရန် ပန်ဆိုင်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ရွာလူကြီး၏ အာမခံချက်ကြောင့် ၂၃ ဦးကို အရင်လွတ်ပေးခဲ့သည်။

ထို့နောက် ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) အပါအဝင် ၃ ဦးကိုမူ အစိုးရစစ်တပ်အခြေချစခန်း သို့ ဆက်လက်ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီး ရွာလူကြီး၏ ထပ်မံအာမခံပေးမှုကြောင့် ပြန်လည် လွတ်ပေးခဲ့ကြောင်း စစ်တပ်မှပြောဆိုခဲ့ပြီးနောက် ၂ ဦးသည်နေအိမ်သို့ရောက်ရှိလာခဲ့ပြီး မကြာသေးခင်ထိ ၄င်းသည် အတော်ကြာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ပျောက်ဆုံးနေရာမှ ဇူလိုင်လ ၂၂ ရက်နေ့တွင် ပန်ဆိုင်းမြိုနယ်ရှိ ယခင် အစိုးရစစ်တပ်ဟောင်းနယ်မြေတွင် ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) အား မြုပ်ထားသည်ကို ထိုနေရာတဝိုက် တောင်ယာ လုပ်ကိုင်နေသောသူများ မြေဆွနေစဉ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယိခူးဒေသခံမှဆက်ပြောသည်။

“တရုတ်အမျိုးသမီးက ၂၂ ရက်မှာ လူမြုပ်ထားသလိုတွေ့တယ်ဆိုပြီး အိမ်ကိုလာပြောတယ်တဲ့။ ဒါနဲ့ မိသားစုတွေက သွားကြည့်ပြီး အသင်းတော်က ဆရာတွေကို ပြန်လာပြောတယ်။ ဆရာတို့ကလည်း ကောင်းကောင်း ကြည့်အုံးပေါ့။ ဒါနဲ့ သူတို့က ၂၇ ရက် သောကြာနေ့မှာ မြေနည်းနည်း သွားတူးကြည့်တော့ လုံးဝသေချာတယ်ဆိုပြီး ပန်ဆိုင်းက အသင်းတော်ဆရာတွေ၊ ဌာနဆိုင်ရာ ရဲတွေ မီးသတ်တွေ ဆရာဝန်တွေနဲ့  ဇူလိုင်၂၈ ရက်နေ့မှာ သွားပြီး ဖော်ပြီး အဲဒီနေရာမှာ ပဲခွဲစိတ်တယ်။ တချို့က ရွာကို ပြန်ပြီး အခေါင်းတွေ သွားလုပ်ယူပြီး အဲဒီနားမှာပဲ ပြန်မြုပ်လိုက်တယ်။ ည ရ နာရီလောက်မှပြီးတာ။ ကျမတို့လည်းအဲဒီချိန်မှ ဓါတ်မီးနဲ့ပြန်လာတာ” ဟုပြောသည်။

မိသားစုဝင်များသည် အပြစ်မဲ့ သေဆုံးမှုနှင့်ပတ်သက်၍ အမှုဖွင့်ရန်ပြင်ဆင်နေချိန် ပန်ဆိုင်းရဲစခန်းမှ ၎င်းနှင့် အတူဖမ်းဆီးခံခဲ့သူများအား စစ်ဆေးမြေးမြန်းခြင်းပြုလုပ်ကာ  ဟုတ်မဟုတ် သက်သေအထောက်အထား ရှာဖွေနေဆဲဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သေဆုံးသူ၏ ဇနီးပြောသည်။

စစ်တပ်မှ လွတ်ပေးခဲ့ကြောင်းပြောဆိုပြီးနောက် ဇူလိုင်လလယ်ပိုင်းမှစ၍ မိသားစုဝင်များသည် နေရာအနှံ့ရှာဖွေခဲ့သော်လည်း မတွေ့သောကြောင့် စိုးရိမ်ပူပန်မှုအမျိုးမျိုးရှိခဲ့သည်ဟု ဇနီးဖြစ်သူ ဒေါ်ဖောင်ရယ်ခေါန်ဖန် (Hpaure Hkawn Hpang) KNG ကချင်သတင်းဌာနသို့ပြောသည်။

“ကျမက ဘယ်လိုမှ မပြောတတ်တော့ဘူး။ ဘာပဲဖြစ်ဖြစ်အခုတော့ အလောင်းလည်းတွေ့ပြီလေနော်။ သူ့ရဲ့ အလောင်းလည်း ကောင်းကောင်းပြန်မြုပ်လိုက်ပြီဆိုတော့ အခုတော့ သူ့ရဲ့ ဆုတောင်းပွဲကို ပျော်အောင် လုပ်လိုက်လို့ ရရင်တော့ ကျေနပ်ပါပြီ” ဟုပြောသည်။

ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) ၏ အောက်မေ့ဖွယ်ဆုတောင်းပွဲကို သြဂုတ်လ ၁ ရက်နေ့တွက် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

Most read this week