ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မောင်တောခရီးစဉ်တွင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများကိုင်ပြီး ဆန္ဒဖေါ်ထုတ်

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မောင်တောခရီးစဉ်တွင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများကိုင်ပြီး ဆန္ဒဖေါ်ထုတ်
by -
နိရဥ္စရာ

ယနေ့နေ့လည် ၁ နာရီကျော်က မြန်မာနိုင်ငံ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား မောင်တောသို့ ကားများဖြင့် လှည့်ပတ် ကြည့်ရှ့စဉ် ရခိုင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများ ကိုယ်စီ ကိုင်ဆောင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်ဟု သိရသည်။

Maungdaw-map-located
“ သူတို့က လူ့အခွင့်ရေး ကိုယ်စားလှယ် ကားတန်းနဲ့ မောင်တောမြို့ထဲကို လာရောက်ကြည့်ရှု့တဲ့ အခါ မြို့ထဲမှာ ပိုစတာတွေ ကိုယ်စီကိုင်ပြီး ဆန္ဒဖေါ်ထုတ်ကြတာကို တွေ့ရပါတယ်။ လူပေါင်းက ၂၀၀ ခန့်ရှိပါမယ်။ ဘေးပတ်ဝန်းကျင်က လာကြည့်တဲ့သူတွေကလည်း ၃၀၀- ၄၀၀ လောက်ရှိတာ ကို တွေ့ရပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒဖေါ်ထုတ်ကြတာပါ” ဟု လူမူရေး လုပ်ငန်း ဆောင်ရွက်နေ သူ ကိုကျော်အေးမောင်က ပြောသည်။

ပိုစတာများထဲတွင် မြန်မာလို  (၁) နိုင်ငံတော်သမ္မတကြီးဆုံးဖြတ်ချက်ကိုလေးစားပါ။ (၂) မြန်မာနိုင်ငံ ၏ အချုပ်အချာအာဏာကိုလေးစားပါ။ (၃) တိုင်းရင်းသားတို့၏ လူအခွင့် ရေးကို လေးစားပါ။(၄) မျှမျှတတ ဆက်ဆံပါ ဟု စာလုံးမဲများဖြင့် ရေးသားထားသည်ဟု သူက ပြောသည်။

“ ပိုစတာတွေကို ကိုယ်စီကိုင်ပြီး ငြိမ်းချမ်း သေဝပ်စွာနဲ့ ဆန္ဒ ထုတ်ဖေါ်ကြတာ ဖြစ်ပါတယ် ။ လူတွေ ကလည်းနိုင်ငံတော်အလံကိုလည်း  ကိုယ်စီကိုင်ထားကြပါတယ်။ ကားပေါ်က လူတွေက ဓါတ်ပုံတွေ ရိုက်ကြပါတယ်။ လူတွေ အများကြီးပါဘဲ။ သူတို့ ( ကင်တားနားနဲ့ အဖွဲ့) ဒီလို ဆန္ဒတွေ ဖေါ်ထုတ်တယ် ဆိုတာကို သိသွားပါတယ်” ဟု သူက ဆက်ပြောသည်။

လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား အဖွဲ့သည် ပြည်သူများ ဆန္ဒထုတ်ဖေါ်ပွဲအား အသွား တစ်ကြိမ်၊ အပြန်တစ်ကြိမ် မြင်တွေ့သွားခဲ့ပြီး ယခုအခါ ကားတန်းမှာ အလိုတော်ပြည့် ကျောင်းဘက်သို့ ဦးတည် သွားနေကြောင်း ကိုကျော်အေးမောင်က ပြောသည်။

(သတင်းပေးပို့ချိန် မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ ၄၅ မိနစ်)

Most read this week