ဒု-သမ္မတနေရာအတွက် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ရေပန်းစား

ဒု-သမ္မတနေရာအတွက် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ရေပန်းစား
by -
မဇ္စျိမ

လစ်ဟာနေသော ဒုတိယ သမ္မတနေရာသို့ အစားထိုး ခန့်ထားနိုင်မည့်သူနှင့် ပတ်သက်၍ ခန့်မှန်းချက် အမျိုးမျိုး ပေါ်ထွက်နေချိန်တွင် ယခုနောက်ဆုံး ရေပန်းစားလာသူမှာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်သည်။

စစ်တက္ကသိုလ် DSA အပတ်စဉ် ၁၆ ကျောင်းဆင်း ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ပြည်ထောင်စု လွှတ်တော်သို့ အမည်စာရင်း တင်သွင်းရန် အမျိုးသား ကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီဝင်များက သဘောတူပြီးဖြစ် သည်ဟု နေပြည်တော်ရှိ ထိပ်တန်း သတင်းရပ်ကွက်တခုက ပြောသည်။ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

ကျန်းမာရေးအကြောင်းပြချက်ဖြင့် အနားယူနုတ်ထွက်သွားသော သီဟသူရ ဦးတင်အောင်မြင့်ဦး နေရာတွင် အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်သော ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်များက အမည်စာရင်း တင်သွင်းကြောင်း သတင်းထွက်ပေါ်ခဲ့သေးသည်။ သို့သော်လည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုရန်မှာ ကြန့်ကြာနေခဲ့ပြီး အဘယ်အတွက်ကြောင့် ကြန့်ကြာနေသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပါ။

ကာကွယ်ရေးဦးစီးချုပ်က ချုပ်ထိန်းနိုင်သော တပ်မတော်သား ကိုယ်စားလှယ်များအစုမှ အမည်စာရင်း တင်သွင်းသော ဒု-သမ္မတလောင်းအတွက် ကာ/လုံ အဖွဲ့ဝင်များ၏ ဘုံသဘောတူညီချက်ကသာလျှင် အခရာ ဖြစ်ပေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် “မိမိကိုယ်တိုင် သော်လည်း ကောင်း၊ မိမိ၏ မိဘတပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာ ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည်နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော် လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရ သော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” ဟု ပါရှိသည်။

Most read this week