မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း ဝန်ကြီး ထပ်လောင်းပြောဆို

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း ဝန်ကြီး ထပ်လောင်းပြောဆို
by -
မဇ္စျိမ

မြန်မာနိုင်ငံရှိ တိုင်းရင်းလူမျိုးစု ၁၃၀ ကျော်တွင် ရိုဟင်ဂျာ ဟူ၍ မပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ထပ်လောင်း ပြောကြားလိုက်သည်။

ကိုလိုနီခေတ်အပြင် လွတ်လပ်ရေးရပြီးနောက် ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းများကို ကိုးကား၍ ဝန်ကြီး ဦးခင်ရီက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးဟောင်းတွင် ဇူလိုင်လ ၃ဝ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသွားခြင်း ဖြစ်သည်။

“ကျနော်တို့မှာ တရားဝင် လူမျိုးစုကြီး ရှစ်စု ရှိပါတယ်။ ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး လူမျိုးစု ၁ဝဝ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင် လူမျိုးစုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာကော၊ ဗြိတိသျှ အစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည် ကျနော်တို့ လူမျိုးထဲမှာ ပါဝင်တဲ့လူမျိုး မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံမှာ မရှိပါဘူး” ဟု ဆိုသည်။

ထို သတင်းစာရှင်းလင်းပွဲသို့ နယ်စပ်ရေးရာဝန်ကြီးနှင့် မြန်မာစက်မှု ဖွံဖြိုးရေး ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး၊
ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကို၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် တို့အပြင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနာ နှင့် သံတမန်များလည်း တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဖြစ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှာ နိုင်ငံရေး ဦးတည်ချက်ဖြင့် သွေးထိုး လှုံ့ဆော်မှုများ ပါဝင်နေကြောင်းလည်း ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး က ပြစ်တင် ပြောဆိုလိုက်သည်။ ဖြစ်စဉ်အချို့၏ အချိန်ကို ကြည့်ပါက တချိန်တည်း တပြိုင်တည်း ဖြစ်ခဲ့ပြီး အခြားပြင်ပမှ လူများ၏ သွေးထိုးလှုံ့ဆော်မှုနှင့် အားထုတ်မှု ရှိသည်ကို သက်သေပြနေသည်ဟု ဒု-ဗိုလ်ချုပ်ကြီးက ပြောသည်။

ပဋိပက္ခအတွင်း သေဆုံးခဲ့သည့် ရ၇ ဦးတွင် ရခိုင် ၃၁ ဦးနှင့် ဘင်္ဂါလီ ၄၆ ဦး ပါဝင်ပြီး စုစုပေါင်း လူနေအိမ် ၄,၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္စဘာသာ ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်းနှင့် စာသင်ကျောင်း သုံးကျောင်း မီးလောင်ပျက်စီီးခဲ့ရ သည်။ လက်ရှိ ဒုက္ခသည်များထဲတွင် ရခိုင် ၈,ဝ၃၁ ဦးနှင့် ဘင်္ဂါလီ ရွှေ့ပြောင်းနေထိုင်သူ ၅၃,၃၉ဝ ဦး ရှိသည်ပြီး ၎င်းတို့အတွက် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး က ပြောသည်။

ထို့ပြင် ပဋိပက္ခဖြစ်စေရန် သွေးထိုးလှုံ့ဆော်သော အထောက်အထားများ တွေ့ရှိရ၍ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ငါးဦး၊ AZG မှ တဦး၊ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (WFP)မှ တဦး တို့ကို တရားဥပဒေနှင့် အညီ စစ်ဆေးလျက် ရှိကြောင်းလည်း ထုတ်ဖော် ပြောကြားသွားသည်။

“ပဋိပက္ခတွေက ဘာသာရေး အစွန်းရောက်တွေရဲ့လှုံဆော်မှုကြောင့် ဖြစ်ပြီးတော့ ရခိုင် လူ့အဖွဲ့စည်းနဲ့ ဘင်္ဂါလီ လူ့အဖွဲ့အစည်းတွေက ငြိမ်းချမ်းစွာနဲ့ နေလိုကြပါတယ်” ဟု နယ်စပ်ရေးရာဝန်ကြီး က ပြောသည်။

မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာမှ ရခိုင်အမျိုးသမီးတဦးကို အဓမ္မ ပြုကျင့် သတ်ဖြတ်ခံရ ပြီးနောက် ဇွန်လ ၃ ရက်နေ့က တောင်ကုတ်မြို့တွင် မူဆလင် အမျိုးသား ၁ဝ ဦး သတ်ဖြတ်ခံရမှုတို့နှင့် ဆက်နွယ် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

“ပြည်နယ်တွင်းမှာတာ့ တည်ငြိမ်နေပါပြီ။ ဒါပေမယ့် သူတို့တွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ခံစားမှုတွေအတွက်တော့ အချိန်တခုထိတော့ ယူရမှာပါ” ဟု သတင်းစာရှင်းလင်းပွဲ အပြီးတွင် ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး က ပြောသည်။

ရွှေ့ပြောင်း အခြေချနေထိုင်သူများ၏ လူဦးရေ အလွန်အမင်း တိုးမြင့်လာမှု၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ မြေယာ အသုံးပြုမှုနှင့် လူမျိုးရေး ပဋိပက္ခများအပြင် ဆက်သွယ်သွားလာနိုင်မှု အကန့်အသတ်၊ တင်းကျပ်သည့် ဝန်းကျင်နှင့် စျေးကွက် အခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ ပညာရေး အဆင့်အတန်း နိမ့်ပါး၍ စာမတတ်မြောက်မှု၊ မဖွံ့ဖြိုးသည့် အခြေခံ အဆောက်အအုံများ စသည်တို့သည် ဒေသခံ တိုင်းရင်းသားများနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူ (ဘင်္ဂါလီများ)အတွက် ကြံုတွေ့နိုင်သည့် ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများ ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သံတမန်များက ရခိုင်ပြည်နယ်အတွင်းရှိ ကယ်ဆယ်စခန်းများသို့ သွားရောက် ကြည့်ရှု့ကြမည်ဟု ဦးခင်ရီ က ပြောသည်။

ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား က “အခု သတင်းစာရှင်းလင်းပွဲက ကျနော့်အတွက် အရေးကြီးတဲ့ အချက်တွေ ရရှိပြီးတော့ ဒီအချက်တွေကို ပြန်ပြီးတော့ သုံးသပ်နိုင်တယ်” ဟု သတင်းထောက်များကို ပြောကြားသွားသည်။

Most read this week