အပတ်စဉ်ထုတ်ဝေနေသော The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို ပြန်ကြားရေးဝန်ကြီးဌာန စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
သတ်မှတ် စည်းကမ်းချက်များ ချိုးဖောက်သည်ဟု ဆိုကာ အင်္ဂါနေ့ နံနက်ပိုင်းက ယင်းဂျာနယ်တိုက်များမှ တာဝန် ရှိသူများကို စာပေစိစစ်ရေးက ခေါ်ယူတွေ့ဆုံကာ လာမည့်အပတ်မှစတင်၍ ဂျာနယ်ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
“လောလောဆယ်တော့ အကန့်အသတ်မရှိ ယာယီထုတ်ဝေခွင့် ရပ်နားတယ်။ ဒီနေ့မနက်ပဲ ခေါ်ပြောတယ်။ အကြောင်း ကတော့ စိစစ်ရေးက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာလို့၊ ဘယ်အကြောင်း အရာကြောင့်ဆိုပြီး မပြောဘူး” ဟု The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က မဇ္စျိမကို ပြောသည်။
ထို့ပြင် “ကျနော်တို့ ရေးသားဖော်ပြမှုတွေကို မူဝါဒအရ သော်လည်းကောင်း၊ စည်းမျဉ်း စည်းကမ်းများအရ သော် လည်းကောင်း အရေးယူခွင့် ရှိပါတယ်။ ဒါပေမယ့် ဒီလောက်အထိ ဂျာနယ် ထုတ်ခွင့် ရပ်ဆိုင်းတဲ့အထိ အရေးယူ ရလောက်အောင် ပြင်းထန်သလားလို့ ကျနော်က ပြန်မေးပါရစေ” ဟု ဦးကျော်မင်းဆွေ ကပြောသည်။
ပိတ်ပင်ခံရသည့် အကြောင်းအရင်းကို အတိအကျ မသိရှိရသေးသော်လည်း ဦးကျော်မင်းဆွေ၏ ဖေ့စ်ဘွတ် စာမျက်နှာ တွင် “အဓိကအချက်ကတော့ ကျနော့်အထင် အခု နောက်ဆုံးထွက်ထားတဲ့ စာစောင် မျက်နှာဖုံးသတင်း နှစ်ပုဒ်ကြောင့် လို့ ဖြစ်မယ်။ တပုဒ်က ဝန်ကြီး အပြောင်းအရွှေ့သတင်းနဲ့၊ ကာတွန်းပြပွဲမှာ အပယ်ခံရတဲ့ပုံကို စာပေစိစစ်ရေးက လာစစ်နေတဲ့ ဓာတ်ပုံနဲ့ ကာတွန်းပြပွဲသတင်းပါ” ဟု ဖော်ပြထားသည်။
တနင်္လာနေ့ထုတ် The Voice ဂျာနယ် မျက်နှာဖုံးတွင် ဝန်ကြီးငါးဦး ဌာနပြောင်းရွှေ့ရန် သတင်းများ ထွက်ပေါ်နေဟုဖော်ပြခဲ့သည်။
စိစစ်ရေးမှာ ယနေ့အထိ ဆက်လက် တင်းကြပ်နေသဖြင့် ဒီမိုကရေစီ အပြောင်းအလဲနှင့် ဝိရောဓိဖြစ်နေသည့် အခြေအနေ ရှိနေသည်ဟု ဦးကျော်မင်းဆွေ က သုံးသပ်သည်။
“တခြားစာစောင်တွေလည်း ပိတ်တယ်ဆိုတော့ ဒီမိုကရေစီရဲ့ သဘောသဘာဝနဲ့ ဆန့်ကျင်ဘက် အသွင်မျိုး ဆောင် တာပေါ့။ ဖော်ပြတဲ့သတင်းတွေကလည်း တိုင်းပြည် ဆူပူအောင်တို့၊ တိုင်းပြည် လျှို့ဝှက်ချက် ဥပဒေ ဖောက်ဖျက်တာ တို့၊ တစုံတယောက်ကို ထိခိုက်တာတို့ မပါဘူးလေ။ အများအကျိုး၊ တိုင်းပြည်အကျိုး Good Gavernance ဖြစ်ဖို့၊ Clean Government ဖြစ်ဖို့ တနည်းတဖုံ ပ့ံပိုးကူညီပေးတဲ့ သတင်းတွေချည်းပဲ” ဟု The Voice အယ်ဒီတာချုပ်က ပြောသည်။
The Voice ဂျာနယ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်းမှာ ယခုအကြိမ်နှင့် ဆိုလျှင် ခြောက်ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
အလားတူ Envoy ဂျာနယ်နှင့် မြန်မာပို့စ် ဂျာနယ်များမှ တာဝန်ရှိသူများအားလည်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အင်္ဂါနေ့၌ပင် ခေါ်ယူ၍ သီးခြားစီ ပြောဆိုခဲ့သည်ဟု Envoy ဂျာနယ်မှ အယ်ဒီတာတဦးက ပြောသည်။
“ကျနော်တို့ထင်တာတော့ ဝန်ကြီးအပြောင်းအလဲသတင်း ပါလို့ပေါ့။ ဒီ့ပြင် ဂျာနယ်တွေလည်း အဲဒီသတင်းပါလို့ ပိတ်ခံရတယ်လို့ ပြောနေကြတယ်။ ဒါပေမယ့် ခေါ်ယူ စစ်ဆေးတဲ့အချိန်မှာတော့ အဲဒီကိစ္စ မပြောဘူး။ သူတို့ စည်းကမ်း မလိုက်နာလို့ ဆိုတဲ့ အကြောင်းပြချက် တခုနဲ့ပဲ ပိတ်လိုက်တယ်” ဟု ပြောသည်။
ထိုသို့ ဂျာနယ်တာဝန်ရှိသူများအား ခေါ်ယူတွေ့ဆုံရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနှင့် စာပေစိစစ်ရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်တို့ အပါအဝင် စိစစ်ရေးဌာနမှ ဝန်ထမ်းများ ပါဝင်သည်ဟု သူက ပြောသည်။
“ဒါက မဖြစ်သင့်တော့ဘူး။ အရင်တုန်းက စာပေကင်ပိုင်တိုင်ဆိုတဲ့ အခေါ်မျိုးလို အခု ပြန်ဖြစ်နေပြီ။ အခု သူတို့ အပြောင်းအလဲဆိုတဲ့ထဲမှာတော့ ဒါက အပြောင်းအလဲ မဟုတ်တော့ဘူးလို့ ကျနော်တို့ ယူဆတယ်” ဟု Envoy အယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။
မြန်မာမီဒီယာများသည် နှစ်ပေါင်းများစွာ အကန့်အသတ်များဖြင့် ဖြတ်သန်းခဲ့ရပြီး လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲ တွင် ဆက်လက် ကြံုတွေ့နေရခြင်း ဖြစ်သည်။
ဇူလိုင်လအတွင်းမှာပင် ဗီးနပ်စ်ဂျာနယ်နှင့် ရန်ကုန်တိုင်းမ် ဂျာနယ်တို့ကိုလည်း အငြိမ်းစား ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး ၏ ကျန်းမာရေးအခြေအနေကို သတင်းရေးသား ဖော်ပြခဲ့သဖြင့် စာပေစိစစ်ရေးက ဂျာနယ်တာဝန်ရှိသူများကို ဂျာနယ် ဖျက်သိမ်းသည်အထိ အရေးယူနိုင်သည်ဟု ခေါ်ယူသတိပေးမှုများ ရှိခဲ့သည်။