သောင်တင်နေသည့် မြန်မာလုပ်သားများ မြဝတီ ပြန်မည်

သောင်တင်နေသည့် မြန်မာလုပ်သားများ မြဝတီ ပြန်မည်
by -
မဇ္စျိမ

ထိုင်းနိုင်ငံ၊ ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၏ ယာယီစခန်း၌ သောင်တင်နေသည့် အလုပ်သမား ၃၅ ဦးအား ၎င်းတို့၏ ဆန္ဒအရ မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ ပြန်လည် ခေါ်ဆောင်မည် ဖြစ်ကြောင်း မြဝတီရှိ အေးဂျင့် ဦးအောင်နိုင်စိုး က မဇ္စျိမကို ပြောသည်။

“အလုပ်သမားတွေက ပြန်လာချင်နေကြတယ်။ သူတို့တွေကို ဒုက္ခမရောက်စေချင်ဘူး။ အပွင့်လင်းဆုံး ပြောရရင် သူတို့ အဲဒီမှာ ကြာကြာနေရင် တရားဝင် အလုပ်သမား အဖြစ်ကနေ နီးစပ်ရာ အလုပ်တွေကို ဖြစ်သလို လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြမယ့် တရားမဝင် အလုပ်သမားတွေ ဖြစ်ကုန်မှာ စိုးရိမ်တယ်” ဟု ပြောသည်။

အဆိုပါ အလုပ်သမားများသည် ဇူလိုင်လ ၂ဝ ရက်နေ့ မဲဆောက်မှ တဆင့် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား နားလည်မှု စာချွှန်လွှာ MOU ဖြင့် ဝင်ရောက်ခဲ့ကြသည့် အလုပ်သမား ၅၀ ထဲမှ ဖြစ်သည်။

ထိုင်းနိုင်ငံ KOSIT ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပွဲစား ဒေါ်မေကျော့ရှင်း တို့ အကြား၌ ဘတ်ငွေ ၉၀၀,၀၀၀ ဖြင့် အပြီးစီး ဆောင်ရွက်ရန် သဘောတူ ထားသည့် အပေါ် ထိုင်းပွဲစား အမျိုးသမီး တဦးမှ ဘတ်ငွေ ၄၀၀,၀၀၀ ကြိုတင် ထုတ်ယူကာ လိမ်လည် သွားခဲ့သည်။

အလုပ်သမားများအား မဲ့ဆောက်သို့ လာခေါ်စဉ်က ထိုအခြေအနေအား ဒေါ်မေကျော့ရှင်း က ပွင့်ပွင့်လင်းလင်း မပြောကြားဘဲ ထိန်ချန်ထားခဲ့သည်ဟု ဦးအောင်နိုင်စိုးက ဆိုသည်။

အလုပ်သမားများအား ခေါ်ယူသွားခဲ့ပြီး KOSIT ကုမ္ပဏီမှ လက်မခံဟု အကြောင်း ပြန်ခဲ့ပြီး ကုန်ကျစရိတ်များကို လည်း ထုတ်ပေးရန် ငြင်းဆိုခဲ့သည်။

“ကုမ္ပဏီက အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်ကို စည်းမျဉ်း စည်းကမ်းကို အတိအကျ ချိုးဖောက် တာပေါ့ဗျာ။ ဒါကိုလည်း သက်ဆိုင်ရာ အစိုးရတွေက တဆင့် ဖြေရှင်းကြပါလိမ့်မယ်။ ဒီလို ကုမ္ပဏီမျိုးလည်း ကျနော်တို့ နိုင်ငံကနေ အလုပ်သမား မခေါ်သင့်တော့ဘူးလို့ ပြောချင်တယ်” ဟု ဦးအောင်နိုင်စိုး က ပြောသည်။

ဒေါ်မေကျော့ရှင်းက ၎င်း၏မိတ်ဆွေ ထိုင်း ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း တဦး၏ ဆွေမျိုးများပိုင် ဆောက်လုပ်ရေး ကုမ္ပဏီတခု၌ အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမား ၁၅ ဦးအား သွင်းပေးခဲ့ပြီး ၎င်းအလုပ်ရှင် ဆီမှ ဘတ်ငွေ ၃၂ဝ, ဝဝဝ ထုတ်ယူသွားသည်။

ကျန်အလုပ်သမား ၃၅ ဦးမှာ ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် လူ့အခွင့်အရေး ဖောင်ဒေးရှင်းသို့ အကူအညီ
တောင်းခံ၍ ယာယီ စခန်း၌ပင် ယခုတိုင် ရှိနေဆဲ ဖြစ်သည်။

အလုပ်လုပ်မည့် အလုပ်သမား ၁၅ ဦးမှာလည်း အခြား အလုပ်သမား ၃၅ ဦးတို့နှင့်အတူ မြဝတီသို့ ပြန်လိုသော်လည်း အလုပ်ရှင်က ဘတ်ငွေ ၁၅ဝ,ဝဝဝ ပေးလျှင် အလုပ်သမား များကို သွားခွင့် ပြုနိုင်မည်ဟု ဆိုသည်။ ထိုကြောင့် ထိုငွေ အား ထုတ်ပေးရန် ဦးအောင်နိုင်စိုး အား ဒေါ်မေကျော့ရှင်းက တောင်းခံထားသည်။

ယခု အဖြစ်အပျက်များကို မြဝတီရှိ မြန်မာ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ အဖွဲ့ခေါင်းဆောင်၊ အလုပ်သမား ဝန်ကြီးဌာန အဖွဲ့ခေါင်းဆောင်၊ ရဲ သတင်းတပ်ဖွဲ့ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ တင်ပြထား ကြောင်း ဦးအောင်နိုင်စိုး က ပြောသည်။

လုပ်ငန်းခွင်ဝင် အလုပ်သမား ၁၅ ဦးနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ညွှန်ကြားချက် မပေးသေးသော်လည်း ၃၅ ဦးထဲမှ လူစု ထပ်မကွဲစေရန်နှင့် ပြန်လည် ခေါ်ဆိုနိုင်ကြောင်း မြန်မာအစိုးရ သက်ဆိုင်ရာများမှ ညွှန်ကြားချက် ပေးထားပြီး ဖြစ်သည်ဟု ဦးအောင်နိုင်စိုး က ပြောသည်။

Most read this week