အစိုးရတပ်နယ်မြေရှင်းလင်းရေးကြောင့် သျှမ်းပြည်တပ်မတော် စစ်ရေးလေ့ကျင့်

အစိုးရတပ်နယ်မြေရှင်းလင်းရေးကြောင့် သျှမ်းပြည်တပ်မတော် စစ်ရေးလေ့ကျင့်
by -
သျှမ်းသံတော်ဆင့်

အစိုးရတပ် နယ်မြေရှင်းလင်းရေး မကြာခဏလုပ်သောကြောင့် သျှမ်းပြည်တပ်မတော်နှစ်ခုလုံးနှင့် တိုက်ပွဲ များ ဖြစ်ပွားပြီးနောက်ပိုင်း RCSS/SSA ကလည်း ယခုအပတ်အတွင်း စစ်ရေးလေ့ကျင့်မှု ဆက်တိုက်ပြုလုပ်ခဲ့ ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။

ကျိုင်းတုံ စစ်ဒေသ တပ်မှူးကြီးကွဏ်းဇင့်
“အမှတ် ၁ ကျိုင်းတုံ စစ်ဒေသ လွယ်ကော်ဝမ်းဌာနချုပ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ရေးလေ့ကျင့်မှု အကြီး အကျယ်လုပ်တယ်။ လက်နက် ကြီးတွေလဲပစ်လို့  နယ်စပ်နေ ဒေသခံတွေ တော်တော်လှန့်သွားတယ်” - ဟု ဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ပြောပါသည်။

ဂျူလိုင် ၂၇-၂၉ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA အမှတ် ၁ စစ်ဒေသ ဌာနချုပ်၌ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း၊ စစ်သည်အင်အားရာချီသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် လက်နက်ကြီးငယ်မျိုးစုံပစ်ဖေါက်လေ့ကျင့်ခဲ့ကြကြောင်း RCSS/SSA အသိုင်း အဝိုင်း ကပြောပါသည်။

“အထူးအဆန်းကြီး မဟုတ်ပါဘူး။ ကျနော်တို့ ပုံမှန်လုပ်နေကျ စစ်ရေးလေ့ကျင့်မှုပါဘဲ” - ဟု ကျိုင်းတုံ စစ်ဒေသ တပ်မှူးကြီးကွဏ်းဇင့် ကပြောပါသည်။

“လွယ်ကော်ဝမ်းတခုတည်းမဟုတ်ဘူး၊ ထိုင်းနယ်စပ်မှာရှိတဲ့ RCSS/SSA ရဲ့ တပ်စခန်းကြီး ၅ ခုမှာ လုပ်တယ်။ အကြီးကျယ်ဆုံးစစ်ရေးလေ့ကျင့်တဲ့နေရာကတော့ လွယ်တိုင်းလျဲန်းဌာနချုပ်ပေါ့” - ဟု RCSS/SSA အရာ ရှိ တဦးကပြောပါသည်။

RCSS/SSA ၏ ယခုလ ၂၆-၂၇ ရက်နေ့က ကျင်းပသော ၆ လ ပတ်အစည်းအဝေး၌လည်း အစိုးရနှင့် ဆွေးနွေးထားသော ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်းဆက်လက်လျှောက်လှမ်းသွားမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောပြသည်။

သံလွင်အရှေ့ခြမ်း၌ အစိုးရ၏ နယ်မြေရှင်းလင်းရေးစီမံချက်ကြောင့် RCSS/SSA ၏ အမှတ် ၁ ကျိုင်းတုံ စစ်ဒေသတခုတည်းပင် အစိုးရတပ်နှင့် တိုက်ပွဲ ရ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်ဟု ပြောပါသည်။

သျှမ်းပြည်တပ်မတော်တောင်ပိုင်း တပ်ဖွဲ့ဟုလူသိများသည့် RCSS/SSA နှင့် မြန်မာအစိုးရတို့ အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည်ဆောက်ထားသည်ဟုဆိုသော်ငြားလည်း တိုက်ပွဲပေါင်း ၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ သည်။

Most read this week