လာမည့် ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation – PR စနစ်) ပြောင်းလဲ ကျင့်သုံးပါက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်အရေး ပိုမိုရှုပ်ထွေးလာဖွယ် ရှိသည့်အတွက် ၎င်းစနစ်ကို အချိန်ယူ လေ့လာ ဆန်းစစ်ရန် လိုကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP က ပြောသည်။
“တကယ်လို့သာ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီးတော့ သမိုင်းကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် အရင်လုပ်ရမယ်။ ဒီလို မဟုတ်ဘူးဆိုရင် အဲဒီ PR စနစ်ကို အသုံးချပြီးတော့ ရခိုင်ပြည်နယ် နိုင်ငံရေး ဇာတ်ခုံကို မသမာတဲ့ နည်းတွေနဲ့ တက်လာမှာလည်း စိုးရိမ်စရာ ရှိတယ်” ဟု RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော က မဇ္စျိမကို ပြောသည်။
ဇူလိုင် ၂၇ ရက်နေ့တွင် ဒီမိုကရေစီ မိတ်ဆွေများ ၁ဝ ပါတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော် တွင် တွေ့ဆုံခဲ့ပြီး ၂၈ ရက်နေ့က ၁ဝ ပါတီ ပူးတွဲထုတ်ပြန်သည့် သဘောထားနှင့် ပတ်သက်၍ ၁ဝ ပါတီ အဖွဲ့ဝင်ဖြစ်သည့် RNDP က သဘောမကျနိုင်ကြောင်း ဦးဦးလှစော က ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် လူဝင်မှုနှင့် နိုင်ငံသားဖြစ်မှု ပြဿနာကို အစိုးရက ထိရောက်စွာ မကိုင်တွယ်နိုင်သေးမီ ဘင်္ဂါလီ မွတ်ဆလင် လူဦးရေ တိုးပွားလာနိုင်ပြီး မဲဆန္ဒရှင် အရေအတွက်အပေါ် အခြေခံသည့် PR စနစ်ကို အသုံးပြုခြင်းအား ဖြင့် နိုင်ငံရေး ဇာတ်ခုံပေါ်သို့ ဘင်္ဂါလီ မွတ်ဆလင် ကိုယ်စားလှယ်များ တိုးပွားလာနိုင် ခြင်းကြောင့် ရိုဟင်ဂျာ ပြဿနာကို ဦးစွာ ကိုယ်တွယ် ဖြေရှင်းသင့်သည်ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် မြို့ကြီးများတွင် လူဦးရေအချိုးအစားအရ စစ်တွေမြို့တွင် ရခိုင်လူမျိုး ၅၂ ရခိုင်နှုန်းနှင့် ဘင်္ဂါလီလူမျိုး ၄၈ ရာခိုင်နှုန်းသည်ဟု အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည့် စာရင်းကို ကိုးကား၍ RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုး က မဇ္စျိမကို ပြောသည်။ ရသေ့တောင် မြို့နယ်တွင် ရခိုင်လူမျိုး ၆၅ ရာခိုင်နှုန်းနှင့် ဘင်္ဂါလီလူမျိုး ၃၅ ရာခိုင်နှုန်းရှိပြီး ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များ တွင် ရခိုင်လူမျိုး ၂ ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုသည်။
ဒီမိုကရေစီမိတ်ဆွေ ၁ဝ ပါတီ၏ ဇူလိုင်လ ၂၈ ရက် ထုတ်ပြန်ချက်တွင် “အနိုင်ရသူကို မဲပေးလိုက်ကြသူများ သည်သာ လက်တွေ့တွင် ကိုယ်စားပြုခြင်း ခံရပြီး ကျန် မဲဆန္ဒရှင်များမှာ ကိုယ်စားမပြုဘဲ ချန်ထားခံရသည်ဟု ခံစားရခြင်း၊ လွှတ်တော်တွင် ပြည်သူလူထု၏ ဆန္ဒသဘောထားကို တိကျမှန်ကန်စွာ ထင်ဟပ်ဖေါ်ပြနိုင်မှု မရှိခြင်း၊ အချိုးမညီသည့် ကိုယ်စားပြုမှုများ ဖြစ်ပွားရခြင်းတို့ ပေါ်ပေါက်ခဲ့ရသည်” ဟု လက်ရှိ ရွေးကောက် တင်မြှောက်ပုံ စနစ်အား ဝေဖန် ထောက်ပြထားပြီး PR စနစ်သစ်ကို ပြောင်းလဲကျင့်သုံးရန် ကြိုးပမ်းသွားမည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။
ထို့ပြင် ၁ဝ ပါတီ အဖွဲ့ဝင်တခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRDP ကလည်း အချိုးကျ ကိုယ်စားပြု စနစ်သည် ပါတီကို အခြေခံ၍ ရွေးကောက်ပွဲဝင်ရမည့် စနစ်ဖြစ်ပြီး လူပုဂ္ဂိုလ် အခန်းကဏ္ဍကို ပြည်သူများမှ တိုက်ရိုက် ရွေးချယ်ခွင့် မရှိသည့်အတွက် နှစ်သက်ခြင်း မရှိကြောင်း မဇ္စျိမကို ပြောသည်။
“ဒီစနစ်ကို သုံးရင် လွှတ်တော် ကိုယ်စားလှယ် အရေအတွက် ဖောင်းပွလာမယ်။ နောက်တော့ ပြည်သူတွေ အကြိုက် နှစ်သက်ဆုံး ပုဂ္ဂိုလ် မဟုတ်လည်းဘဲ ပါလာမယ်” ဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာဗညားအောင်မိုး က ပြောသည်။
အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေးနှင့် ပတ်သက်၍ ဒီမိုကရေစီ မိတ်ဆွေပါတီများက သမ္မတ ဦးသိန်းစိန်နှင့် ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဒေါက်တာသန်းငြိမ်း ကလည်း အကြံပြု တင်ပြခဲ့သေးခဲ့သည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က အချိုးကျ ကိုယ်စားပြုစနစ်သည် လက်ရှိ ကျင့်သုံးနေသည့်
ရွေးကောက်ပွဲစနစ်ထက် မဲပေးရ လွယ်ကူခြင်း၊ မဲဆန္ဒရှင်များ၏ ကွဲပြားသည့် ဆန္ဒများကို လွှတ်တော်၌ ထင်ဟပ်နိုင်ခြင်း၊ မဲများ အလဟဿ ဖြစ်မှု နည်းသည့်အတွက် ရွေးကောက်ပွဲတွင် ပြည်သူလူထု ပါဝင်မှု တိုးတက်လာခြင်း စသည်တို့ ကြောင့် ဒီမိုကရေစီစနစ် တည်တံ့မှုကို အထောက်အကူပြုနိုင်သည်ဟု ဆိုသည်။
“အကယ်၍ သုံးယောက်ပြိုင်တယ် ဆိုလည်းပဲ တယောက်က ၄ဝ ရာခိုင်နှုန်း ရတယ်။ နောက်နှစ်ယောက်က ၃ဝ ရာခိုင်နှုန်းစီ ရတယ်။ ၄ဝ ရာခိုင်းနှုန်းက သူက လွှတ်တော် ကိုယ်စားလှယ် ဖြစ်တယ်။ ဟိုကျန်တဲ့ ၆ဝ ရာခိုင်နှုန်းက မဲပေး လျက်သားနဲ့ ကိုယ်စားလှယ် မဖြစ်ဘူး။ အလဟဿမဲတွေ ဖြစ်သွားတာပေါ့” ဟု ဦးသုဝေ က အချိုးကျ ကိုယ်စားပြု စနစ်၏ အားသာချက်ကို ရှင်းပြသည်။
လွှတ်တော်တွင် ပါတီတခုတည်း ကြီးစိုးမည့် ယခုလက်ရှိ ရွေးကောက်ပွဲစနစ်ကို ကာကွယ်ရန်အတွက် ဒီမိုကရေစီ မိတ်ဆွေပါတီများအဖွဲ့က အချိုးကျစနစ်ကို ကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ အကြံပြုတင်ပြခြင်း ဖြစ်သည်ဟု ဆိုကြသည်။
လာမည့် ၂ဝ၁၅ ခုနှစ်၊ ရွေးကောက်ပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကြံ့ခိုင်ရေးပါတီတို့က လွှတ်တော်တွင် ကြီးစိုးနိုင်ဖွယ် ရှိသည်ဟု နိုင်ငံရေး လေ့လာသူများက ခန့်မှန်းနေကြသည်။
ပါတီ ၁ဝ ခုဖြင့် စုဖွဲ့ထားသည့် ဒီမိုကရေစီ မိတ်ဆွေပါတီများအဖွဲ့တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ တို့ ပါဝင်သည်။
‘အချိုးကျ ကိုယ်စားပြုစနစ်’ သည် ဥပမာအားဖြင့် ကိုယ်စားလှယ်လောင်း ၁ဝ ဦး ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် တွင် ဆန္ဒမဲ ၁ဝဝ,ဝဝဝ ရရှိပါက ကိုယ်စားလှယ်လောင်း တဦးစီအတွက် ခွဲတမ်းမဲ ၁ဝ,ဝဝဝ မဲစီ ရရှိမည် ဖြစ်သည်။ ပါတီ တခုချင်းအလိုက် ရရှိသည့် စုစုပေါင်း ဆန္ဒမဲကို ခွဲတမ်းမဲဖြင့် စားကာ ရလဒ် ကိန်းပြည့်သည် ကနဦးကိုယ်စားလှယ် အဖြစ် သတ်မှတ်ရွေးချယ်သည်။
ဥပမာအားဖြင့် A ပါတီအတွက် ထောက်ခံမဲ ၃၈,ဝဝဝ မဲရရှိပါက ကနဦး သတ်မှတ် ကိုယ်စားလှယ် သုံးယောက်ရှိပြီး မဲကျန် ၈ဝဝဝ မဲဖြစ်နေမည်။ B ပါတီအတွက် ထောက်ခံမဲ ၂၁ဝဝဝ မဲရပါက ကနဦး သတ်မှတ်ကိုယ်စားလှယ် နှစ်ယောက်နှင့် မဲကျန်မှာ ၁ဝဝဝ ဖြစ်နေသည်။ C ပါတီအတွက် ထောက်ခံမဲ ၉,ဝဝဝ မဲရရှိသည် ဆိုပါက ခွဲတမ်းမဲ ၁ဝ,ဝဝဝ ရရှိမည်ဖြစ်သော်လည်း ၁ဝ,ဝဝဝ မဲ မပြည့်ခြင်းကြောင့် မဲကျန်အဖြစ် သတ်မှတ်သည်။
ထောက်ခံမဲအလိုက် အများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းများကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ပြီးနောက် မဲကျန် အများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းကို ကိုယ်စားလှယ်ဦးရေ ၁ဝ ဦး ပြည့်သည်အထိ ရွေးချယ်သွားရန် ဖြစ်သည်။ ထိုစနစ်အရ အထက်ဥပမာတွင် C ပါတီသည် ထောက်ခံမဲ အနည်းဆုံး ဖြစ်သော်လည်း မဲကျန် ၉,ဝဝဝ မဲဖြင့် အများဆုံး ဖြစ်နေခြင်းကြောင့် ထိုပါတီအတွက် အမတ် ၁ နေရာရရှိမည်ဖြစ်သည်။
အဆိုပါနည်းဖြင့် ကနဦးသတ်မှတ် ကိုယ်စားလှယ်တွင် ကိုယ်စားလှယ် ၈ ဦးရှိပါက၊ ကျန်နှစ်ဦးအတွက် မဲကျန်များ အများဆုံးပါတီမှ ကိုယ်စားလှယ်နှစ်ဦးကို ထပ်မံ ရွေးချယ်စေခြင်းဖြင့် လိုအပ်သည့် ကိုယ်စားလှယ်ဦး ရေ ၁ဝ ဦးကို ဖြည့်စွက်ခြင်း ဖြစ်သည်