ကချင်လူထု ကန့်ကွက်သံကြောင့် အမျိုးသမီးများ ဆန္ဒပြမည့်အစီစဉ် ရပ်လိုက်ရ

ကချင်လူထု ကန့်ကွက်သံကြောင့် အမျိုးသမီးများ ဆန္ဒပြမည့်အစီစဉ် ရပ်လိုက်ရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ှ ငြိမ်းချမ်းရေးလိုလားသည့် ကချင်အမျိုးသမီးများမှ ဆန္ဒပြမည့်အစီအစဉ်ကို ပြည်သူလူထုဖက်မှ အထင်လွဲမှားသည့် ဝေဖန်သံများကြောင့် ရပ်ဆိုင်းလိုက်ရကြောင်း  ဦးဆောင်သူ ဒေါ်ဂျာခေါန် (Slgj. Ja Hkawn) ပြောသည်။

usdp-pati-rung-myitkyina
ငြိမ်းချမ်းရေးလိုလားသော အမျိုးသမီးများမှ စုဖွဲ့၍ ဆန္ဒထုတ်ဖော်စီတန်းလှည့်လည်မည်ဟု ပြင်ဆင်နေခြင်းကို ကချင်လူထုဖက်မှ ကန့်ကွက်သူများ၏ ဝေဖန်ပြစ်တင်သံများကြောင့် ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆွမ်ပရာဘွမ်မြို့နယ် (Sumprabum) ပြည်သူ့လွှတ်တော် ဦးခမိုင်တန် (Slg. Hka Mai Tang) ၏ဇနီးဖြစ်သူ ဒေါ်ဂျာခေါန် (Slgj. Ja Hkawn) ရှင်းပြခဲ့သည်။

“အထူးသဖြင့် RFA (ကချင်အသံလွှင့်သတင်း) အားလုံးနားထောင်တော့ သတင်းထဲမှာ ကျမတို့က ကချင်တွေကို မကြိုက်လို့ လုပ်သလိုမျိူး အင်တာနက် (internet) သတင်းတွေမှာလည်း ကျမတို့ကို ကြံ့ခိုင်ရေးကပဲ လုပ်ခိုင်းလို့ လုပ်သလိုလို ဖြစ်နေတယ်။ ဘယ်သူခိုင်းပြီးမှ လုပ်တာမဟုတ်ဘူး။ ဘယ်သူ့ကိုမှ မနှစ်သက်လို့ လုပ်တာမဟုတ်ဘူး။ နှစ်ဖက်စလုံးမှ စစ်ငြိမ်းချမ်းခြင်းကိုလိုချင်တာ ရစေချင်တာ။ အဓိက က ငြိမ်းချမ်းရေး လိုချင်တာ။ သတင်းတွေထဲမှာက ခေါင်းစဉ်တွေ လွှဲနေတော့ ခုလုပ်လိုက်ရင် ပြည်သူလူထု က အထင်မှားသွားမှာ စိုးလို့ ရပ်ဆိုင်းလိုက်တာ” ဟု ဒေါ်ဂျာခေါန် (Slgj. Ja Hkawn) ကပြောသည်။

ထိုသို့ ပြည်သူဖက်မှ ကန့်ကွက်သူအချို့သည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များ၏ ဇနီးများမှ ဦးဆောင်၍ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အား ရှုံ့ချဆန္ဒပြမည် ဟုပြောဆိုခဲ့ပြီး ဦးဆောင်မည့်နေရာတွင်ပါ၀င်သည်ဟု ပြောဆိုထားသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း (Slg. Lajawn Ngan Seng) ညီမဖြစ်သူ ဒေါ်လဂျွန်ဆိုင်းတောင် (Lajawn Seng Tawng) အား “ခြိမ်းခြောက်ပြောဆိုမှုများ” ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဟိုညကတောင် ကျမကို သတ်မယ် ဖြတ်မယ်ဆိုပြီး ဖုန်းတခုဝင်လာတယ်။ ကချင်ဘာသာနဲ့ လူကြီးတဦး အင်္ဂါနေ့ည ၈ နာရီ ၄၅ မိနစ်မှာ မင်းနဲ့အတူ ဒီလုပ်ငန်းလုပ်တဲ့ လူတွေအားလုံး ရပ် တဲ့။ မရပ်ဘူးဆိုရင် မင်းအသက်ကို ရုတ်သိမ်းမယ်။ မင်းနဲ့အတူပါတဲ့့ လူကြီးတွေအားလုံးလည်း သတ်မယ်ဆိုပြီး ဖုန်းဝင်လာလို့ ကျမအရမ်းအံ့သြသွားတယ်။ ဒီနံပါတ်ကို စုံစမ်းကြည့်တော့ အဲဒီညတော့ ခေါ်လို့မရခဲ့ဘူး။ နောက်နေ့ ပြန်ဆက်ကြည့်လိုက်တော့ ဖားကန့်၊ ဆိုင်းတောင် ဖားပင်က မရွှေ ဖုန်းဖြစ်တယ်ဆိုတာ စုံစမ်းလိုက်ရတယ်” ဟု ဒေါ်လဂျွန်ဆိုင်းတောင် (Lajawn Seng Tawng) ပြောသည်။

သို့ရာတွင် ၄င်းသည် ဆန္ဒဖော်ထုတ်မည့်အစီစဉ်ကို မသိရှိရကြောင်းနှင့် တစ်စုံတစ်ရာပါ၀င်ပတ်သက်မှုလည်း မရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။

ငြိမ်းချမ်းရေးအတွက် ဆန္ဒပြမည့်အစီစဉ်ကို ၅ ယောက်ဦးဆောင်ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဒေါ်ဂျာခေါန် (Slgj. Ja Hkawn) ပြောဆိုခဲ့သော်လည်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း (Slg. Lajawn Ngan Seng) ၏ညီမဖြစ်သူ လဂျွန်ဆိုင်းတောင် (Lajawn Seng Tawng) နှင့် တိုင်ပင်ခြင်းမရှိခဲ့သလို ဦးခက်ထိန်နန် (Slg. Hkyet Hting Nan) ၏ ဇနီးနှင့်လည်း သဘောတူညီမှုမရှိခဲ့သောကြောင့် ပါ၀င်ခြင်းမရှိကြောင်း ဇူလိုင် ၂၇၊ သောကြာနေ့က ပြောဆိုသည်။

အဓိကစီစဉ်သူများသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆွမ်ပရာဘွမ်မြို့နယ် (Sumprabum) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်တန် (Slg. Hka Mai Tang) ၏ဇနီးဖြစ်သူ ဒေါ်ဂျာခေါန် (Slgj. Ja Hkawn)နှင့် ဒေါ် ရှရာခေါန်ဘူ (Slgj. Shara Hkawn Bu) ၂ ဦးသာ ဖြစ်ကြောင်း ဒေါ်ဂျာခေါန်ပြောသည်။

ထိုသို့ အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားမှုကို ငြိမ်းချမ်းစေရန်ရည် ရွယ်ချက်ဖြင့် စီစဉ်ထားသော်လည်း ဝေဖန်သံများကြောင့် ဆန္ဒဖော်ထုတ်ခြင်းကို ရပ်ဆိုင်းလိုက်ရခြင်းအပေါ် ၀မ်းနည်းမိပါကြောင်းပြောဆိုသည်။

“မပြောပြတတ်လောက်အောင် ခံစားရတယ်။ ကျမတို့ ကချင်အမျိုးသမီးတွေစိတ်ထဲမှာ ငြိမ်းချမ်းရေး လိုချင်တယ်…ဒါကို ကျမတို့ စိတ်ခံစားမှုကို မဖော်ပြနိုင်တော့ စိတ်မကောင်းတာက အများကြီး ဟုတ်တယ်။”

ထိုသို့ ကချင်အမျိုးသမီးများ ဆန္ဒပြမည်ဟု သတင်းထွက်ပေါ်သောနေ့မှစ၍ အင်တာနက်ပေါ်တွင် ၄င်းတို့အား ကြံ့ဖွံ့ပါတီဝင်ခေါင်းဆောင်များ ဇနီးများ ကချင်လွပ်မြောက်ရေးတပ်ဖွဲ့ KIA အား ဆန့်ကျင်ဆန္ဒပြရန် ပြင်ဆင်နေသည်ဟု ဝေဖန်ပြစ်တင်မှုများကို ရေးသားဖြန့်ဝေခဲ့ကြသည်။

Most read this week