မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်များတွင် မူလတန်းနှင့် အလယ်တန်း ကျောင်းဆရာ/ဆရာမ တသိန်း နှစ်သောင်း အသုံးပြုသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ကြာသပတေးနေ့ ပြည်သူ့လွှတ်တော်တွင် ပြောကြားသွားသည်။
“မူလတန်းပြ ဆရာ/မ တသိန်းခန့်ကို လူဦးရေ စာရင်းကောက်ခံပြုစုရာမှာ အသုံးပြုသွားမှာဖြစ်ပြီး အလယ်တန်းပြ ဆရာ/မ နှစ်သောင်းခန့်ကိုတော့ စာရင်းတွေ စစ်ဆေးရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။
အဆိုပါ ကျောင်းဆရာ/မများမှာ တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃ဝဝ ကျော်မှ အိမ်ခြေ ၁၁ သန်းခန့်သို့ ကိုယ်တိုင်သွား ရောက်ကာ စစ်တမ်းများ လိုက်လံကောက်ခံရမည်ဖြစ်သည်။ ၎င်းတို့အား ညွှန်ကြားပေးမည့် သင်တန်းဆရာများကို ကုလသမဂ္ဂမှ သင်တန်းများပေးမည် ဖြစ်သည်။
နှစ်ပေါင်း ၃၀ အကြာတွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ခံရေးအတွက် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ သည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။ (ဓါတ်ပုံ - မဇ္စျိမ)
ထို့ပြင် အထူးသဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ၂ ရာခိုင်နှုန်းသော လူဦးရေမှာ
ကောက်ခံရာတွင် ကျန်ရစ်ခဲ့ဖွယ်ရှိကြောင်းလည်း ဝန်ကြီးက ပြောဆိုသွားသည်။
သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ ခေါ် မူဆလင်များကိစ္စကိုမူ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။ ကုလသမဂ္ဂကမူ မြန်မာနိုင်ငံရှိ ခန့်မှန်းခြေ ရိုဟင်ဂျာ ၈ သိန်းခန့်မှာ ကမ္ဘာပေါ်တွင် နှိပ်စက် အညှဉ်းပမ်းခံရဆုံး လူမျိုး တမျိုးဖြစ်သည်ဟု ဖော်ပြထားသော်လည်း မြန်မာအစိုးရကမူ ၎င်းတို့အား နိုင်ငံသားအဖြစ် အသိအမှတ်ပြုမထားပေ။
၃၁ နှစ်အကြာတွင် ပြန်လည်ကောက်ခံသည့် မြန်မာနိုင်ငံ လူဦးရေ သန်းခေါင်စာရင်းကို ၃ နှစ်နှင့် ၁ဝ လကြာ
ဆောင်ရွက်ရမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အပြီးထုတ်ပြန်မည် ဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသွား သည်။
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်း၏ ၂ဝ၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး မေးခွန်းနှင့် ပတ်သက်၍ ဦးခင်ရီ က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“သန်းခေါင်စာရင်း ကောက်ယူမည့် အစီအမံ တခုလုံးကို သုံးနှစ်နှင့် ၁ဝ လကြာ ဆောင်ရွက်ရမည်ဖြစ်ပြီး လာမည့် ၂ဝ၁၅ ခုနှစ်၌ လူဦးရေဆိုင်ရာ အခြေခံ အချက်အလက်များကို ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း” ဟု သောကြာနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိသည်။
၂ဝ၁၄ ခုနှစ်၊ စတင်ကောက်ယူမည့် လူဦးရေ သန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် လေးဆင့်ခွဲ၍ ဆောင်ရွက်နေပြီး ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ခြင်း၊ စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
၁၉၈၃ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့်အတွက် ယခု ပြည်လုံးကျွတ်အဆင့် သန်းခေါင် စာရင်းတွင် နှစ် ၃ဝ ကြာမှ ကောက်ယူရသည့် အတွေ့အကြံုပြတ်လပ်မှု ကြောင့် လစ်ဟာမှု မရှိစေရန် အချိန်ယူ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
၂ဝ၁၂ ခုနှစ်၊ ဧပြီလကုန်ပိုင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ခရီးစဉ်အတွင်း
မြန်မာနိုင်ငံ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ကုလမှ နည်းပညာ၊ အုပ်ချုပ်မှုနှင့် ငွေကြေးအရ ပံ့ပိုင်းကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
လူဦးရေစာရင်းများ တိကျမှု မရှိသဖြင့် ပြီးခဲ့သည့် ၂ဝ၁ဝ နှင့် ၂ဝ၁၂ ရွေးကောက်ပွဲများတွင် စာရင်း တိကျမှု မရသဖြင့် မဲပေးပိုင်ခွင့်များ ဆုံးရှုံးမှု အများအပြား ရှိခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံလူဦးရေ ခန့်မှန်းချက်များမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား တခုနှင့်တခု တူညီမှု မရှိခဲ့ကြပေ။ ကမ္ဘာ့ဘဏ် ကိန်းဂဏန်းအရ ၄၈ သန်းဟု ခန့်မှန်းပြီး အာရှဖွံ့ဖြိုးရေးဘဏ်က သန်း ၆ဝ ဟု ခန့်မှန်းကာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးကမူ ၆၄ သန်းဟု ခန့်မှန်းထားကြသည်။
ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) ကိုယ်စားလှယ် Mohamed Abdel-Ahad ကလည်း သန်းခေါင်စာရင်း၏ အရေးပါပုံကို “သန်းခေါင်စားရင်း ကောက်ယူမှုတွေဟာ လူဦးရေတိုးပွားမှုရဲ့ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ပေးပါတယ်။ ဒါ့အပြင် လတ်တလောနဲ့ အနာဂတ်မှာ ကျောင်းတွေ၊ ဆရာတွေ၊ ဆေးရုံတွေ၊ ဆရာဝန်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ လူမှုလုံခြံုရေးတွေ လိုအပ်မှုကိုလည်း ခန့်မှန်း တွက်ချက်နိုင်ဖို့ အထောက်အကူပြုပါတယ်” ဟု မေလအတွင်းက နေပြည်တော်အစည်းအဝေးတွင် ပြောကြားသွားသည်။