ကချင် စစ်ပြေးခြံများမှ ဒညှင်းသီး များကို မြန်မာအစိုးရစစ်သားများ ခူးယူ ရောင်းစားနေ

ကချင် စစ်ပြေးခြံများမှ ဒညှင်းသီး များကို မြန်မာအစိုးရစစ်သားများ ခူးယူ ရောင်းစားနေ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် လိုင်ဇာသွားလမ်းတစ်လျှောက်ရှိ ကျေးရွာဒေသခံများ၏ ဒညှင်းသီးခြံများတွင် မြန်မာအစိုးရစစ်သားများသည် အပင်ကိုခုတ်လဲပြီး အသီးများစိတ်ကြိုက် ခူးယူရောင်း စားနေကြောင်း ဒေသခံများ ပြောသည်။

myen-hpyen-mawdaw

အစိုးရထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ၀ိုင်းမော်မြို့နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာသွားလမ်းရှိ ဂါးရာယန် (Ga Ra Yang)၊ ကစူးယန် (Katsu Yang)၊ ဒဘတ်ယန် (Dabak Yang)၊ ဂျာပူ (Ja Pu)၊ ဆမ်ပိုင် (Sambai)၊ အောင်ဂျာယန် (Awng Ja Yang) စသည့် ကျေးရွာ ၆ ခုမှ ဒေသခံများ စိုက်ပျိုးထားသော ဒညှင်းပင်များကို အိမ်ခြံဝင်းနှင့် ဒညှင်းခြံများမှ အပင်များကိုခုတ်လဲကာ ရောင်းစားနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးပြောပြသည်။

“သူတို့က အသေးစိတ်တော့ မခူးယူဘူး။ အသီးပိုသီးတဲ့ အကိုင်းတွေကိုခုတ် အပင်လိုက်လိုက် သူတို့ကြိုက် သလို ခုတ်ယူတယ်။ သူတို့အဲလိုလုပ်ပေးလိုက်တော့ အရမ်းနာတယ်လေ။ အပင် တစ်ပင်ကြီးလာအောင် ပျိုးထောင်ဖို့ ရ နှစ် ၈ နှစ် စောင့်မှ အသီးသီးလာတာလေ။ အဲဒါတွေကို သူတို့ ပြန်ခုတ်ပေးလိုက်တော့။ အညောင့်ပြန်ထွက်လာရင်လည်း အသီးပြန်သီးဖို့ဆိုတာ မလွယ်တော့ဘူးလေ” ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုကျေးရွာများမှ ဒေသခံ ရွာသားများသည် ပြီးခဲ့သည့်နှစ်ဇွန်လ မြန်မာအစိုးရမှ KIO အား စတင်ထိုးစစ်ဆင် လာချိန်ကတည်းက လုံခြုံရာ တရုတ်နယ်စပ်အနီး KIO ထိန်းချုပ်ဒေသများနှင့် ၀ိုင်းမော်မြို့များသို့ထွက်ပြေး တိမ်းရှောင်ခဲ့ကြသောကျေးရွာသားများဖြစ်သည်။

ထိုသို့ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများကို အာဏာပိုင်များက ၀ိုင်းမော်မြို့နယ်ရုံးမှ ထောက်ခံစာဖြင့် ၎င်းတို့၏ ကျေးရွာ အိမ်၊ ခြံများကို မကြာခန သွားကြည့်နိုင်ကြောင်းခွင့်ပြုထားခြင်းလည်းဖြစ်ကြောင်း ဒေသခံများပြောသည်။

သို့ရာတွင် မြန်မာအစိုးစစ်သားများသည် ဒညှင်းသီးပေါ်လာချိန်မှစ၍ ရွာသားများ၏ အိမ်ဝင်း၊ ခြံများမှ ကြိုက်နှစ်သက်သလို ခုတ်ဖြတ်ခူးယူခဲ့သောကြောင့် ဒေသခံများ မျှော်လင့်ထားသည့်အတိုင်းဒညှင်းသီး ပေါ်ချိန်ဖြစ်သော်လည်း ၀မ်းရေးအတွက် ထောက်ပံ့ပေးနိုင်ရန်မလွယ်ကူတော့ကြောင်း ခြံပိုင်ရှင်တစ်ဦး ပြောသည်။

“တချို့က ၃-၄ ဧက လုပ်တယ်။ တချို့က ၄-၅ ဧကလုပ်တာလည်းရှိတယ်။ ကျနော်တို့ရွာဆို အိမ်ဝင်းမှာလည်း ပတ်ပတ်လည်စိုက်ထားတာလေ။ ဧက လိုက်စိုက်တဲ့သူတွေက သိန်း ၆၀နဲ့ ရ၀ ကြားရတယ်။ အိမ်ဝင်းမှာစိုက် တဲ့သူတွေတောင် အနည်းဆုံး ၄-၅ သိန်းရတယ်လေ။ အခုက သူတို့ခူးပြီး ကျန်နေတဲ့ တစ်လုံး နှစ်လုံးကို နည်းနည်ပါးပါး ရရင်ရဆိုပြီး သွားခူးယူတာကို ၂ သောင်းရဖို့တောင်မလွယ်တော့ဘူး” ဟု ဒဘတ်ယန် (Dabak Yang) ဒေသခံတစ်ဦးကပြောသည်။

ဒေသခံများသည် မိမိတို့ကျေးရွာသို့ ထောက်ခံစာနှင့် နိုင်ငံသားကပ်ပြားများကို အစိုးရ ဂိတ် ၉ နေရာတွင်ပြကာ လက်မှတ်ထိုးပြီး ပြန်ခွင့်ရသော်လည်း  တစ်ခဏသာအချိန်ရသောကြောင့် ဒညှင်းသီးများကိုခူး ရောင်းချနေ မည့်အချိန်လည်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ဒေသခံများမရှိသည်ကို အခွင့်ကောင်းယူ၍ အစိုးရအကျိုးတူများကသာ ထိုကျေးရွာတွင်လွပ်လပ် စွာသွားလာ၍ ဒညှင်းသီးများကို ခူးယူရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံမျက်မြင်တစ်ဦးပြောသည်။

“မဝင်းက စစ်သားတွေ ခူးထားတာကို လိုက်ဝယ်နေတယ်။ ဂါးရာယန် နဲ့ဆန်ပိုင်လမ်းခွဲက တိုက်အိမ်မှာတော့ ဒညှင်းသီးအိတ်တွေဆိုအများကြီးပဲ ပွဲရုံလိုပဲ။ ကျနော်တို့က ၃ နာရီခွဲကနေ ပြန်ရတော့မယ်။ ဂိတ်မှာ သတင်းလာပို့ရတော့မယ်။ နောက်မကျရဘူးပြောတယ်။ မဝင်းကတော့ မိုးချုပ်ရင်လည်း ထော်လာဂျီတွေနဲ့ သွားလို့ရတယ်” ဟု ဒေသခံတစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

ဒီချိန်တွင် ဒညှင်းသီး အမျိုးစားအလိုက် ၁ လုံးလျှင် ၁၀ ကျပ်နှင့် ၁၅ ကျပ်ကြားတွင် စျေးရှိနေကြောင်း သိရသည်။ ထိုဒေသသည် ဒညှင်းသီး၊ လိမ္မော်သီးများကို အဓိကထားစိုက်ပျိုးခြင်းဖြင့်အသက်မွေးဝမ်း ကျောင်းနေသောဒေသဖြစ်၍ နှစ်စဉ် စိုက်ပျိုးမှုထွန်းကားသော ဒေသလည်းဖြစ်သည်။

Most read this week