သျှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများဆက်ဖြစ် ဒေသခံများလူ့အခွင့်အရေးချိုးဖေါက်ခံရ

သျှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများဆက်ဖြစ် ဒေသခံများလူ့အခွင့်အရေးချိုးဖေါက်ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မန့်တုန့်မြို့နယ်အတွင်း ကချင်စစ်တပ်နှင့်တိုက်ပွဲဖြစ်ပွါးသော မြန်မာအစိုးရစစ်တပ်က ဒေသခံလူထု၏ ထော်လာဂျီ၊ ကားများချောဆွဲကာ တပ်ခြံစည်းရိုးကာခိုင်းကြောင်း ဒေသတွင်း သတင်းရပ်ကွက် ကဆိုပါသည်။

သျှမ်းပြည်တနေရာ၌ အစိုးရတပ်မှချောဆွဲထားသော ဒေသခံနွားလှည်းများ
“မန့်တုန့်မြို့နယ် မန်မောက်အုပ်စုမှာ စခန်းချတဲ့ ခမရ ၅၀၃ နဲ့ ကချင်တပ်မတော် တပ်ရင်း ၈ တို့ မနေ့ က တိုက်ပွဲဖြစ်တယ်။ ညနေ ၅ နာရီလောက်မှာပေါ့။ ကချင်ဘက်က သေကြေဒဏ်ရာရတာမရှိဘူး။ မြန်မာစစ်တပ် ဘက်က ၂ ယောက်သေတယ် လို့ ရွာသားတွေပြောတယ်” ဟု မန်မောက်အုပ်စု ဒေသခံ လုံးပီးကပြောသည်။

မန့်တုန့်မြို့နယ်  မုံးမော်ခေါ် မန်မောက်အုပ်စုသည် မိုင်းဝီးအုပ်စုနှင့် ၄၂ မိုင်၊ မူဆယ်မြို့နယ် မိုင်းယု အုပ်စုနှင့် ၅၂ မိုင်ခန့်ဝေးသည်။ ဒေသခံအများ စုမှာ သျှမ်းလူမျိုးဖြစ်ပြီး ကချင်နှင့် ပလောင်တို့နှင့်အတူ နေထိုင်ကြသည်။

အဆိုပါ ခမရ ၅၀၃ တပ်စခန်းသည် တိုက်ပွဲမဖြစ်ခင် တရက်က နောင်ဆန်းအုပ်စု ပန်ဝါရွာ ဘက်လှုပ် ရှားသည့် ခမရ ၅၀၄ နှင့်ပူးပေါင်းကာ ဒေသခံများ၏ ထော်လာဂျီ ကားများကိုချောဆွဲကာ  ဂက်စ်ပိုက် လိုင်းလုံခြုံရေးယူရာ၌ အသုံးပြုရန်အတွက်ဟုပြောကြောင်း ချောဆွဲခံရသူများနှင့် နီးစပ်သူများ ကပြောသည်။

“ဂက်စ်ပိုက်လိုင်းလုံခြုံရေးက အရင်က ၅၀၆ နမ့်လန်က တာဝန်ယူ စောင့်တာလေ။ အခု ၅၀၆ ကို မတွေ့ရတော့ ဘူး။  ပြန်သွားပြီနဲ့တူတယ်။  ၅၀၃ နဲ့ ၅၀၄ က အလှည့်ကျတာဝန်ယူရတယ်လေ။  ” ဟု နောင်ဆန်းအုပ်စုသား တဦး ကလည်းပြောသည်။

ဂျူလိုင် ၂၄ ရက်နေ့၌ပင် နမ့်ဟိုင်းအုပ်စုအခြေစိုက် ခမရ ၃၂၄ ကဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်မျိုးအောင်က တပ်ခြံ စည်းရိုးကာရာ၌  နမ့်ဟိုင်းအုပ်စုဒေသခံများ တပ်အတွက် အလှည့်ကျလုပ်အားပေးဆင့်ခေါ်ခံရသည့် အပြင် တပ်ရိက္ခာအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်၊ ဝက်၊ ကျွဲ၊ နွားတို့ကိုပါ ဒေသခံများထံ ဆင့်ဆိုခဲ့သေးသည်ဟုလည်း နမ့်ဟိုင်းအုပ်စုသား စိုင်းပီးကပြောသည်။

ယမန်နှစ်နှောင်းပိုင်းက ပန်ဝါရွာသူကြီးနှင့် ကုန်စုံဆိုင်ပိုင်ရှင်ဦးမာထွန်းတို့အား ကြိုးတုပ်နေလှန်း သေလုမျောပါး ရိုက်နှက်ခဲ့သည်မှာလည်း နမ့်ဟိုင်းအုပ်စုအခြေစိုက် ခမရ ၃၂၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်မျိုးအောင်၏ လက်ချက် ဖြစ်သည်ဟု ဒေသခံကချင်အမျိုးသားတဦးကပြောသည်။