KIA တပ်စခန်းတစ်ခု နောက်ဆုတ်လိုက်ရ

KIA တပ်စခန်းတစ်ခု နောက်ဆုတ်လိုက်ရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျေလမ်း စင်လွမ်အနီး လွယ်ယိန်း (Loi Ying)ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်စခန်းတခုကို မြန်မာအစိုးရတပ် ခမရ (၄၁၅) မှ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယမန်နေ့က နောက်ဆုတ်ပေးလိုက်သည်။

ဖါးကန့်ဒေသမှ ကေအိုင်အေ စစ်သားတဦး
လွယ်ယိန်း KIA တပ်မဟာ (၃)၊ တပ်ရင်း (၁၅) ရှေ့တန်းစခန်းကို ဇူလိုင်၂၅ ရက် ဗုဒ္ဓဟူးနေ့  ၁၂ နာရီခွဲခန့်တွင် မြန်မာအစိုးရတပ်မှ စစ်အင်အား များစွာဖြင့် ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင့် နောက်ဆုတ်ပေးလိုက်ရခြင်း ဖြစ်ကြောင်း ဗဟိုဌာနချုပ်လိုင်ဇာမှ အရာရှိများအတည်ပြုပြောဆိုသည်။

ယမန်နေ့ညနေတွင်လည်း ၎င်းနေရာတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“အားလုံးက အရေးကြီးတဲ့ တပ်စခန်းတွေပဲ။ အဲဒီအရေးကြီးတဲ့နေရာမှာ ကျနော်တို့ တပ်စခန်းအငယ်တွေ ထားတယ်။ ဒါမဲ့ အဲဒီနေရာမှာ ကျွန်တော်တို့ စစ်အင်အားက ၄၊ ၅ ယောက်ပဲရှိလို့.. သူတို့ မြန်မာတပ်က ရုတ်တရက်ဝင်လာတော့ ကျနော်တို့ဘက်က ခဏနောက်ဆုတ်ထားလိုက်ရတာ” ဟု ရှေ့တန်းမှအရာရှိတစ်ဦးပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချူပ် လိုင်ဇာ (Laiza) အနီး တပ်ဆုတ်ထားသည့် KIA တပ်စခန်း ဘွမ်ဆွန်ဘွမ် (Bum Sawn Bum)ကိုလည်း မရရှိသေးကြောင်းသိရှိရသည်။

ရှမ်းပြည်မြောက်ပိုင်း နမ္မတူအနီး လှုပ်ရှားနေသော မြန်မာအစိုးရတပ် ခလရ (၁၃၀) နှင့် KIA တပ်ရင်း (၃၄)တို့သည် မုန်မစ်တွင်လည်း ယမန်နေ့ သုံးနာရီကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့စဉ် အစိုးရတပ်မှ ၅ ဦးသေဆုံး၍  KIA ဖက်မှ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း တပ်မဟာ(၄) အရာရှိမှ အတည်ပြုပြောဆိုခဲ့သော်လည်း အစိုးရဖက်ကမူ အတည်ပြုခြင်းမရှိပေ။

ထိုသို့တိုက်ပွဲများဖြစ်ပွားချိန် မြန်မာအစိုးရတပ်ပေါင်းစုတပ်မှ ဇူလိုင် ၂၃ ရက်တွင် KIA တပ်ရင်း (၃၆) ဒေသရှိ မုန်ဂုံး-နမ်ဆူကျေးရွာရှိ ရွာသား ၄ ယောက်အား နေအိမ်ထဲမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

၎င်းဖမ်းဆီးထားသော ရွာသား ၄ ယောက်တွင် ၂ ဦးသည်မိန်းကလေးဖြစ်ကြောင်းသိရသည်။

မြန်မာတပ်ပေါင်းစုသည် ထိုအမျိုးသမီး ၂ ဦးကိုမူပြန်လွတ်ပေးခဲ့သော်လည်း အမျိုးသား ၂ ဦးကိုမူ မျက်နှာအုပ်ပြီး ညှင်းပန်းနှိပ်စက်မှုအမျိုးမျိုးပြုလုပ်နေကြောင်း သိရသည်။ ၎င်းကျေးရွာတွင် အိမ်ထောင်စု ၂၀ ကျော်ရှိသော ကျေးရွာဖြစ်သည်။

မြန်မာအစိုးရတပ်များသည် တိုက်ပွဲဖြစ်ပွားသည့်နယ်မြေနှင့် အစိုးရနယ်တွင်ရှိသော ဒေသခံများကို KIA နှင့် မသကာင်္မှုဖြင့် ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေသောကြောင့် ဒေသခံပြည်သူများသည် အစိုးရအုပ်ချုပ် နယ်မြေတွင်း နေထိုင်ရန်ပင် စိုးရိမ်ကြောက်လန့်နေကြကြောင်း ဒေသခံများပြောသည်။

Most read this week