“ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး” သူရဦးရွှေမန်း သတိပေး

“ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး” သူရဦးရွှေမန်း သတိပေး
by -
မဇ္ဈိမ

တနှစ်ကျော်ကြာ သက်တမ်းရှိပြီဖြစ်သည် ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးသည့် အကြောင်းအရာများအနက် ဆွေးနွေးသူ အမတ်ဦးရေ ၄၅ ဦးဖြင့် စံချိန်တင် အဆိုတခုဖြစ်သော “လယ်ယာမြေ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန်” အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမဆုံးအကြိမ် ဝင်ရောက်ဆွေးနွေးစဉ် ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး ထိန်းကျောင်းသင့်သည်ဟု ပြောဆိုသွားသည်။

“ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး” သူရဦးရွှေမန်း သတိပေး
ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းခဲ့သည့် တောင်သူလယ်သမား အရေး အဆိုကို လွှတ်တော်တွင် ဆွေးနွေးဆဲဖြစ်ပြီး ကြာသပတေးနေ့တွင် ဆွေးနွေးရန် အလှည့်ကျသည့် ဦးရွှေမန်းက ဆွေးနွေးမှုအတွင်း ထိုသို့ ပြောသွားခြင်း ဖြစ်သည်။

“ဒီမိုကရေစီဟာ အများကြိုက်တဲ့ အများပိုင်ပါ။ ပြည်သူများ ပိုင်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။ တဦးတယောက် တဖွဲ့ပိုင် မဟုတ်ပါ။ ဒီမိုကရေစီကို အကြောင်းပြကာ စည်းမဲ့ကမ်းမဲ့ လုပ်၍ မရနိုင်ပါ။ စနစ်မကျစွာ ဆောင်ရွက်၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီမှာ စည်းစနစ်ရှိပါတယ်။ ဒီမိုကရေစီ အနိုင်ကျင့်ခြင်း၊ ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေးကိုလည်း သတိပြု ထိန်းကျောင်းသွားရမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောသွားခဲ့သည်။

ဦးတင်ထွဋ်၏ အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် လယ်သမားများပိုင် လယ်ယာမြေများကို ကုမ္ပဏီအချို့နှင့် စစ်တပ်မှ သိမ်းပိုက်မှုများအား အဓိကထား ဆွေးနွေးခဲ့ကြသည်။

ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများကို ဦးရွှေမန်းက ခြံုငုံသုံးသပ်ပြရာတွင် မြေပုံ၊ စာရင်းဇယား တိကျမှန် ကန်မှု ရှိ/မရှိ၊ စီမံကိန်းနှင့် မူဝါဒများ ချမှတ်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများကအကောင်ထည်ဖေါ်ရာ တွင် တရားဥပဒေနှင့် ညီ/မညီ၊ ပွင့်လင်းမြင်သာမှု ရှိ/မရှိ၊ အပြန်အလှန် ထိန်းကျောင်းမှု ရှိ/မရှိ ဆိုတာတွေဟာ ပြဿနာ ရှိခြင်း/မရှိခြင်း စသည်တို့ ဖြစ်ပေါ်နေသည်ဟုလည်း ဆွေးနွေးသွားခဲ့သည်။

ထိုသို့သော အခြေအနေများကို သင်ခန်းစာယူကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် နောက်တွန့်ရန် မဖြစ်ကြောင်း ကို “ဒါတွေကို ကျနော်တို့အားလုံးက သတိနှင့်ဆင်ခြင်ကာ သင်ခန်းစာယူပြီး ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးခရီးကို ရဲရဲတင်းတင်း ဆက်လက် ချီတက်ရမှာ ဖြစ်ပါတယ်။ နောက်တွန့်နေလို့ မဖြစ်ပါဘူး” ဟုလည်း ပြောသွားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်ရာတွင် တာဝန်ရှိလာမည့် ပုဂ္ဂိုလ်အသီးသီးမှာ ဒေါသ၊ အာဃာတ၊ ရန်ငြိုးများ ကင်းကင်းဖြင့် တောင်သူလယ်သမားများ နစ်နာမှုမရှိစေ ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးကြပါရန်လည်း သူရဦးရွှေမန်း ကတိုက်တွန်းပြောဆို သွားသည်။