တိုင်းရင်းသားအခွင့်အရေး ကာကွယ်မည့် အဆိုကို ဒေါ်စု ထောက်ခံ

တိုင်းရင်းသားအခွင့်အရေး ကာကွယ်မည့် အဆိုကို ဒေါ်စု ထောက်ခံ
by -
မဇ္ဈိမ

စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေး အတွက် တိုင်းရင်းသား လူမျိုး များ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေးအဆိုကို ထောက်ခံပါကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ့လွှတ်တော်တွင် ပထမဆုံး ဆွေးနွေးမှုအဖြစ် ကြံ့ခိုင်ရေးပါတီမှ ဦးတီခွန်မြတ်၏ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး အဆိုကို ပါဝင်ဆွေးနွေး (ဓါတ်ပုံ မဇ္စျိမ)

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ့လွှတ်တော်တွင် ပထမဆုံး ဆွေးနွေးမှုအဖြစ် ကွတ်ခိုင် မြို့နယ် ကြံ့ခိုင်ရေးပါတီမှ ဦးတီခွန်မြတ်၏ အဆိုကို ပါဝင်ဆွေးနွေးခြင်း ဖြစ်သည်။

ပင်လုံစိတ်ဓာတ်ကို ညွှန်းဆို၍ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးသွားခြင်း ဖြစ်သည်။

“ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့၊ တန်းတူညီမျှရေး အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံ ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျမတို့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သလိုပြဋ္ဌာန်းခြင်းများ ဆောင်ရွက်စေရန်၊ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့ အဆိုကို ထောက်ခံပါတယ်” ဟု ဆွေးနွေးသွားသည်။

ထို့အပြင် ကိန်းဂဏန်း အချက်အလက်များ ကိုးကား၍ “ပြည်နယ်တွေမှာ ပျမ်းမျှခြင်း နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း
မြင့်နေတယ် ဆိုတာကို မြင်ရပါတယ်။ ဒီ ကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ကျမတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေဟာ ကျေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်” ဟုလည်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးမှု နိမ့်ကျနေခြင်းကို ထောက်ပြပြောဆိုခဲ့သေးသည်။

ဦးတီခွန်မြတ်၏ အဆိုကို ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ် (ခေါ်) ဒူဝါခမိုင်တန်ကလည်း “နိုင်ငံတော်အနေနှင့်လည်း တိုင်းရင်းသားပြည်သူနှင့် လူမျိုးစုများ၏ အခွင့်အရေးနှင့် အမျိုးသားရေး မပျက်ပြယ်အောင် ကာကွယ်စောင့်ရှောက် လက်တွဲဖော်ဆောင်ရန် တာဝန်ရှိတဲ့အတွက်” ဟု ထောက်ခံ ဆွေးနွေးသွားခဲ့သည်။

မဟာအောင်မြေ မဲဆန္ဒနယ်မှ ဦးအုန်းကြိုင်ကလည်း “ကျနော်တို့ရဲ့ ဘိုးဘေး ဘီဘင်များ ဖြစ်ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်များရဲ့မျှော်မှန်းချက်က ကျနော်တို့ တိုင်းရင်းသား အားလုံး အခွင့်အရေး တန်းတူညီမျှစွာနဲ့ ရရှိခံစားကြ ပြီးတော့ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နဲ့ ဥမကွဲ သိုက်မပျက်၊ အေးအတူ ပူအမျှ နေထိုင်သွားကြဖို့ ဖြစ်ပါတယ်” ဟု ဦးတီခွန်မြတ်၏ အဆိုကို ထောက်ခံ ဆွေးနွေးသွားခဲ့သည်။

ထို့အပြင် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဦးကျော်သီဟနှင့် ဥတ္တရသီရိမြို့နယ်မှ ဦးမင်းသူတို့က ထောက်ခံဆွေးနွေးသွားခဲ့ ကြသေးသည်။

ဥပဒေ မပြဋ္ဌာန်းမီ သက်ဆိုင်ရာ တိုင်းရင်းသားများ၊ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် တပ်မတော်သားများပါဝင်သည့် ညီလာခံတရပ် ကျင်းပ၍ သဘောထားရယူသင့်သည်ဟု ဦးမင်းသူ က ဆွေးနွေးသွား သည်။

တိုင်းရင်းသားအခွင့်အရေး ဥပဒေပြဋ္ဌာန်းပေးရန် အဆိုကို ဆွေးနွေးရန် လွှတ်တော်အမတ် ၂၇ ဦး စာရင်းပေးသွားထား ပြီး တနှစ်ကျော်ကြာ ပြည်သူ့လွှတ်တော်သမိုင်းတလျှောက် အမတ်ဦးရေ အများဆုံး ဆွေးနွေးသည့် အဆိုလည်း ဖြစ် သည်။