KIA ဗုံးခွဲတိုက်ခိုက်မှုကြောင့် အစိုးရစစ်သား ၅ ဦး ကျ

KIA ဗုံးခွဲတိုက်ခိုက်မှုကြောင့် အစိုးရစစ်သား ၅ ဦး ကျ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ နှစ်ဖက်တပ်များ လှုပ်ရှားနယ်မြေ ဘန်ကောင်မူ (Bankawng Mu) တွင် ဇူလိုင်၂၄၊ အင်္ဂါနေ့က မြန်မာအစိုးရ တပ်ဖွဲ့များကို ကချင်လွပ်မြောက်ရေးတပ်ဖွဲ့ (KIA) မှ ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အစိုးရစစ်သား ၅ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကေအိုင်အေ စစ်သား တဦး။

KIA တပ်မဟာ (၅) တပ်ရင်း (၂၄) နယ်မြေ ဘန်ကောင်မူတွင် မြန်မာအစိုးရတပ် ခလရ (၁၄၂) တပ်များ လှုပ်ရှားလာစဉ် MHH ခေါ် KIA ပြည်သူ့စစ်တပ်ဖွဲ့မှ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ဗုံးပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဌာနချုပ်လိုင်ဇာမှ အရာရှိတဦး အတည်ပြုပြောဆိုသည်။

“သေနတ်နဲ့ ပစ်ခတ်တာတော့မဟုတ်ဘူး။ သူတို့တပ်ဖွဲ့က အဲဒီပတ်ဝန်းကျင်မှာပဲ လှုပ်ရှားနေတဲ့ အဖွဲ့တွေဖြစ်တယ်။ ကျနော်တို့တပ်တွေက သူတို့လှုပ်ရှားဖို့ ထွက်လာတဲ့ အချိန်မှာ ပစ်လိုက်တာဖြစ်တယ်။”

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချူပ် လိုင်ဇာ (Laiza) အနီး ထိုနယ်မြေတဝိုက်တွင် နေ့စဉ် နှစ်ဖက်ရင် ဆိုင် တိုက်ပွဲဖြစ်ပွားသော နေရာများဖြစ်သည်။

ထို့ပြင် KIA တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေ ကားမိုင်းတွင်လည်း မြန်မာစစ်တပ်များနှင့် တိုက်ပွဲဖြစ်ပွား ခဲ့ရာ နှစ်ဖက်ကျဆုံးမှုကို အတိအကျ မသိရသေးပေ။

ထို ကားမိုင်းနယ်မြေတွင် လှုပ်ရှားနေသော အစိုးရ ခနီး္တတပ် ခလရ (၅၂) မှ တပ်သား ၂ ဦးသည် ဇူလိုင် ၁၉ ရက်နေ့တွင် KIO တပ်သို့ လက်နက်ချ ဝင်ရောက်လာခဲ့ကြောင်း KIO အရာရှိတစ်ဦးပြောသည်။

ကချင်ပြည်နယ်တွင်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေး ရန်အတွက် KIO ဘက်မှ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များကို တရုတ်ပြည်နယ်တွင် ထပ်မံတွေ့ဆုံရန် ကမ်းလှမ်းထားကြောင်းသိရသည်။

Most read this week