KIO နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလှမ်းဝေးနေအုံးမည်လော

KIO နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလှမ်းဝေးနေအုံးမည်လော
by -
သျှမ်းသံတော်ဆင့်

KIO နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့ နှစ်ဘက်ဆွေးနွေးပွဲ ကြန့်ကြာနေသည့် အပေါ် တရုတ်နယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော နှင့် သျှမ်းသံတော်ဆင့် တွေ့ဆုံမေးမြန်းချက် ဖြစ်ပါသည်။

တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦး အောင်ကျော်ဇော( ဓါတ်ပုံ- MG/SHAN)
မေး - KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်မဲ့ အလားအလာ အပေါ် ဘယ်လို မြင်သလဲခင်ဗျ ။
ဖြေ - အားလုံးမျှော်လင့်ထားတဲ့ အတိုင်းပဲပေါ့နော် ဒီလအတွင်းမှာ ကေအိုင်အေနဲ့ မြန်မာအစိုးရဆွေးနွေးပွဲဟာ ဖြစ်နိုင်ချေ သိပ်မရှိဘူးလို့ မြင်ရတယ်။ ဒီလ ၁၆ ရက်နေ့က ဦးအောင်မင်းအနေနဲ့ ကေအိုင်အေကို အကြောင်းကြားစာ တစ်စောင်ပို့တယ်၊ သူက ဗန်းမော်မှာတွေ့ဖို့ ပြောတယ်၊ ဒုကာချုပ်စိုးဝင်းလည်း လာမယ်လို့ ပြောတယ်၊ ဘာမှတိကျတဲ့ Agenda မပါဘူး၊ ခါတိုင်းလို Informal သဘော ပုံစံ မျိုးကို ဖေါ်ပြတာကို တွေ့ရတယ်။

မေး - KIO ဘက်ကရော ဒီအပေါ်မှာ ဘယ်လိုသဘောထား တုန့်ပြန်မှုတွေရှိပါသလဲ။
ဖြေ - KIO ရဲ့ ငြိမ်းချမ်းရေးအပေါ် သဘောထားကတော့ နေရာက ပြဿနာမဟုတ်ဘူး၊ အစည်းအဝေးကို ဘယ်လို ကျင်းပ မလဲဆိုတဲ့ ပြဿနာဖြစ်တယ်၊ မူရှိစွာဖြင့် ဆွေးနွေးရမှာ ဖြစ်တယ်၊ အပစ်အခတ်ရပ်ဆဲရေးကို ဆွေးနွေးမယ်၊ တပ်နှစ်တပ် ရွေ့ပြောင်းရေးကို ဆွေးနွေးကြမယ်ဆိုတဲ့ ခိုင်မာတဲ့ Agenda ပါဖို့လိုမယ်၊ မူအရဘာကို ဆွေးနွေးမှာလဲ ခိုင်မာတဲ့ Agenda လိုတယ်၊ အဲဒီအတိုင်းလည်း အကောင်အထည်ဖေါ်ဖို့ လိုတယ်ပေါ့ KIO က ဒီသဘောမျိုးရှိပါတယ်။

မေး - လတ်တလော စစ်ရေးအရ ဘာတွေထူးခြားမှု ရှိပါသလဲ။
ဖြေ - နှစ်ဘက် ဒီလိုပြောနေတဲ့ တစ်ချိန်တည်းမှာ တိုက်ပွဲတွေက မပြတ်ဖြစ်နေတာပေါ့၊ ဒီလိုင်ဇာဋ္ဌာနချုပ် ရှေ့တည့်တည့်က ဘွန်ဆွမ်ဘွမ် စခန်းကိုအရထိုးတယ်၊ ထိုးပြီးတော့ အဲဒီနေရာမှာ လက်နက်ကြီးတွေတင်လာတယ်၊ အဲဒီနေရာက လိုင်ဇာ ဋ္ဌာနချုပ်နဲ့ ၁၃ ကီလိုမီတာလောက်ပဲဝေးတယ်၊ ဋ္ဌာနချုပ်ကို ခြိမ်းခြောက်ပစ်ခတ်လို့ရတဲ့ အနေအထားကို သူရထားတာ ဖြစ်တယ်။
အဲလိုပဲ စစ်မျက်နှာ အသီးသီးမှာ ကေအိုင်အေကို အပြတ်ချေမှုန်းရေး နှစ်အချက်က ဒီလေးလပတ်ပြီးတဲ့ အချိန်မှာ ကိုယ်သတ်မှတ်ထားတဲ့ နယ်မြေတွေ ရရှိရေးအတွက်ပါ လုံးပန်းတိုက်ခိုက်သွားရမယ် ဆိုတာတွေ ညွန်ကြားထားတယ် ။

မေး - စစ်ပွဲတွေ မပြတ်ဖြစ်နေတယ်ဆိုတော့ အစိုးရတပ်တွေ ကချင်ပြည်နယ်ထဲမှာ ထပ်တိုးလာတာ ရှိပါသလား။
ဖြေ - KIO အနေနဲ့ ကြည့်မယ်ဆိုရင် ဇွန် ၂၀ ရက်နေ့ ဦးအောင်မင်းနဲ့ နောက်ဆုံးတွေ့ပြီး တစ်လမပြည့်ခင်မှာ တိုက်ပွဲအကြိမ် ပေါင်း ၁၆၀ ကျော်လောက် ဖြစ်ပွားတယ်။ ၁၅ ကြိမ်က ဗမာစစ်တပ်က လာထိုးတာဖြစ်တယ် ကရင်ပြည်နယ်မှာ လည်း သေနတ်ပေါက်နေတဲ့ အချိန်ကထက် လက်ရှိမှာ အစိုးရတပ်ဦးရေက ပိုများနေတယ် ကချင်မှာတော့ အထူးပြောစရာ မရှိတော့ဘူး။

မေး - အစိုးရသွားနေတဲ့ ငြိမ်းချမ်းရေးပေါ်လစီ အပေါ် ဘယ်လိုမြင်သလဲ ခင်ဗျ။
ဖြေ - သူ့ရဲ့အချက် ၃ ချက်ပေါ်လစီပေါ့နော် အပစ်အခတ်ရပ်မယ်၊ ဒေသဖွ့ံဖြိုးရေုးလုပ်မယ်၊ ပင်လုံကဲ့သို့သော ညီလာခံကြီးကို ခေါ်မယ်ဆိုတဲ့လမ်းကြောင်းပေါ့နော်၊ အရင် BGF (နယ်ခြားစောင့်တပ်) လမ်းကြောင်းလိုပဲ၊ အခု ဒီလမ်းကြောင်းကလည်း မဖြစ်နိုင်ဘူး ဆိုတာကို တဖြည်းဖြည်း ပေါ်လာပြီဖြစ်တယ်။
နောက်တစ်ခုက ကေအိုင်အေနဲ့လည်း အဆင်ပြေတော့မှာပါ ကြိုးစားနေတယ်၊ ထိတွေ့နေပါတယ်လို့ ပြောတယ်၊ အဲလို ပြောတဲ့ အတွက် နိုင်ငံတကာက သူ့တို့ရဲ့ Image ကို သိပ်ဆိုးဆိုးဝါးဝါး မဖြစ်သေးဘူးလို့ ထင်နေကြတယ်၊ သူတို့အတွက် လတ်တလော အကျိုးက နိုင်ငံတကာ Image  ကောင်းသလို ဖြစ်နေတာပေါ့။
ကချင်ကိစ္စမှာ အရင်ကတော့ စစ်တပ်က နားမထောင်လို့ ဆိုပြီးထင်နေကြတယ်။ အခုကတော့ လူတွေက တဖြည်းဖြည်းနဲ့ ပြဇါတ်ကြီးကနေတယ်လို့ မြင်လာကြပြီ ။

မေး - လက်ရှိ စစ်ဖြစ်နေတဲ့ အနေအထားမှာ စစ်တပ်ရဲ့ အခန်းကလည်း မပါရင် မဖြစ်ဘူးဆိုတော့ စစ်တပ်ရဲ့ အနေအထား ကရော ဘယ်လိုရှိလဲဗျ
ဖြေ - အခုအစိုးရနဲ့ စစ်တပ်နဲ့ လမ်းကြောင်းနှစ်ခုပုံစံမျိုးသွားနေတယ်၊ ဒါဟာ အန္တရာယ်အတော်ကြီးတဲ့ လမ်းဖြစ်တယ်၊ ဒီကို ပြန်မပြုပြင်နိုင်ဘူး ဆိုရင် အနောက်ကိုပြန်မလှည့်ဘူးလို့ ပြောနေတဲ့လူတွေကိုယ်တိုင်က အနောက်ကို ပြန်သွားကြလိမ့်မယ်။

ပြောရမယ်ဆိုရင် စစ်တပ်က ဗိုလ်သန်းရွေလက်ထက်ကလို ထူးမခြားနားတဲ့ လမ်းကြောင်းကိုလျှောက်နေတာ ဖြစ်တယ်၊ ဖက်ဒရယ်ကို ခွဲထွက်တယ်လို့ သဘောထားတုန်း၊ တပ်မတော်သာအမိ၊ တပ်မတော်သာ အဖလို့ သဘောထားတုန်း၊ အရင်အတိုင်းပါပဲ ဘာမှမပြောင်းပါဘူး။ သူတို့ကိုယ် သူတို့တိုင်းပြည်ရဲ့ ကယ်တင်ရှင်ကြီးလို၊ ရှင်ဘုရင်လို့ထင်နေတာ အဲဒါတွေကို မပြင်နိုင်ဘူးဆိုရင် တပ်မတော်ကို လမ်းကြောင်းမှန် ပေါ်ဆွဲတင်နိုင်မှာ မဟုတ်ဘူး။

မေး - ကချင်စစ်ပွဲမှာ အဆိုးဝါးဆုံး ဘာတွေဖြစ်နေပါသလဲ
ဖြေ - ဗမာစစ်တပ်ကလည်း ကေအိုင်အေ ပြုတ်အောင် မတိုက်နိုင်ဘူး၊ ကေအိုင်အေကလည်း ဗမာစစ်တပ်ကို ကချင်ပြည် နယ်ထဲကနေ မောင်းမထုတ်နိုင်ဘူး၊ အဲတော့ ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ တိုက်ခိုက်မှုဟာ ရေရှည်မှာ ဒေသတစ်လုံးရဲ့ စီးပွားရေး လူမှုရေး အဆောက်အဦတွေ အကုန်လုံးထိခိုက်နစ်နာသွားမယ်၊ အမျိုးသားရေးနဲ့ပတ်သက်တဲ့ ခံစားမှုတွေ ပြင်းထန်လာပြီ၊ ကချင်ဘက်က ဗမာစစ်သားနဲ့ အရပ်သားတွေ ခွဲမပြောနိုင်တော့ဘူး။ အဲတော့ရေရှည်မှာ ကျနော်တို့ အားလုံး မလိုလားတဲ့ အမျိုးသားရေး တိမ်းစောင်းမှုကြီး ဖြစ်လာတော့မယ်။

Most read this week