ရခိုင်တွင် ဖျက်ဆီးခံလိုက်ရသော လူနေအိမ်များကို အစိုးရ၊ UN နှင့် Care Myanmar တို့မှ တာဝန်ယူ တည်ဆောက်ပေးနေ

ရခိုင်တွင် ဖျက်ဆီးခံလိုက်ရသော လူနေအိမ်များကို အစိုးရ၊ UN နှင့် Care Myanmar တို့မှ တာဝန်ယူ တည်ဆောက်ပေးနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း မီးရှို့ဖျက်ဆီးခံလိုက်ရသော ရခိုင်ကျေးရွာများကို နိုင်ငံတော် အစိုးရ၊ UN နှင့် Care Myanmar တို့မှ  တာဝန်ယူ တည်ဆောက်ပေးနေကြောင်း သတင်း  ရရှိသည်။

ဆူပူ အကြမ်းဖက်မူ ရန်မှ ထွက်ပြေးလာကြသော စစ်တွေမှ ရခိုင်ဒုက္ခသည်များ။
မွတ်ဆလင် အကြမ်းဖက် ဆူပူသူများ၏ မီးရှို့ တိုက်ခိုက်မူကြောင့် ပြိုပျက်ခဲ့ရသော  ကင်းချောင်း၊ ခရေမြိုင်၊ ကိုင်းကြီး၊ ဗောဓိကုန်း၊ ကန်သာယာ၊ ဝေသာလီ ရွှေရင်အေး၊ ကန်ပြင်သာစည်ကျေးရွာနှင့် မြို့ပေါ် ရပ်ကွက် များတွင် အိမ်ရာ ၂၀၂ လုံးကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက်ပေးနေသလို   မောရဝတီ၊ ခရေမြိုင်၊ ကိုင်းကြီး၊ ဗောဓိကုန်းနှင့် ကန်သာ ကျေးရွာများတွင် အိမ်ရာ ၂၂၂ လုံးကို UN  လက်အောက်ခံ UNHCR မှ တာဝန်ယူ တည်ဆောက်ပေးနေသည်ဟု သိရသည်။

အလားတူ  CARE Myamar မှလည်း သရေကုန်ဘောင်နှင့် ကင်းချောင်း ကျေးရွာများတွင် မီးရှို့ဖျက်ဆီး ခံလိုက်ရသော အိမ်ရာ ၁၂၈ လုံးကို တည်ဆောက်ပေးသွားမည်ဟု သိရသည်။

အဆိုပါ အဖွဲ့ (၃)ဖွဲ့  အနေဖြင့် မောင်တောမြို့နယ်မှ စုစုပေါင်း မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် အိမ်ရာ ၅၅၂ လုံး ဆောက်လုပ် ပေးသွားမည်ဟု အမည် မဖေါ်လိုသူ မောင်တော ခရိုင် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းအပြင် မောင်တောမြို့နယ်ရှိ  ရွှေ့ပြောင်း ဒုက္ခသည်များ အတွက် မိသားစု အလိုက် ယာယီ နေထိုင်ရန် အတွက် UNHCR မှ လှူဒါန်းသော အကျယ် ၁၃ ပေ၊ အလျား ၁၃ ပေ၊ အမြင့် ရ ပေ ၆ လက်မ အကျယ် အဝန်းရှိသော ရွက်ဖျင်တဲ ၄၀၀ မှာလည်း မောင်တောမြို့သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သူက ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ  ကယ်ဆယ်ရေး စခန်းများတွင် ရခိုင်နှင့် မွတ်ဆလင်  ရွှေ့ပြောင်း ဒုက္ခသည် အိမ်ထောင်စု ပေါင်းမှာ ၈၂၆၆ စုရှိပြီး လူဦးရေ အားဖြင့့်  ၆၀၀၀၀ ခန့် ရှိကြောင်း သိရသည်။

သူတို့အား အမိုးအကာအောက် အမြန်ရောက်ရှိစေရေး အတွက် ယာယီစန်း ၁၂ ခုတွင် အလျား ၄၅ ပေ၊ အနံ ၃၄ ပေနှင့် အမြင့် ကိုးပေအရွယ်ရှိ မိုးလုံလေလုံ ယာယီတဲအလုံး ရ၇၀ တည်ဆောက်မည်ဟု သိရသည်။

ထိုအထဲမှ ရခိုင် ပြည်နယ်အစိုးရ အဖွဲ့မှ တဲအလုံးပေါင်း  ၁၇၀ ကို တာဝန်ယူဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် တဲအလုံး ၆၀၀ ကို ကုလသမ္မတဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဦးဆောင်ပြီး  ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးမဟုတ်သော အဖွဲ့အစည်းများမှ ဆောက်လုပ် ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံခြား  အန်ဂျီအိုများ  အနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးဝါးထောက်ပံ့မှုလုပ်ငန်း၊ ကလေးများ စောင့်ရှောက်ရေးနှင့် ပညာသင်ကြားရေးလုပ်ငန်း၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှု လုပ်ငန်းများကိုလည်း အစိုးရနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်များရှိ  ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိ နေကြသော ရွှေ့ပြောင်း ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ တစ်လလျှင် အမေရိကန်ဒေါ်လာ ခြောက်သိန်းခန့် သုံးစွဲသွားမည်ဟု ဆိုသည်။

WFP မှ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ရိက္ခာလေးမျိုးကို ထောက်ပ့ံ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဆန် ၁၃၇၈ တန်၊ ဆီ ၃၇ တန်၊ ဆား ၁၇ တန်၊ ပဲ ၈၃ တန် စုစုပေါင်း ၁၅၁၅ တန် ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဆက်လက် ဖြန့်ဝေနိုင်ရန် အတွက်လည်း စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ WFP သိုလှောင်ရုံများတွင် စုစုပေါင်း ဆန်နှင့် စားနပ်ရိက္ခာ တန်ချိန် ၂၁၃၅ အား ပို့ဆောင် သိုလှောင်ထားရှိပြီး ဖြစ်ကြောင်း မြန်မာ အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းပြင် UNHCR မှလည်း စားနပ် ရိက္ခာ မဟုတ်ဘဲ  မီးဖိုးချောင်သုံး ပစ္စည်း၊ စောင်၊ ခြင်ထောင်၊ ပလစ်စတိတ်ဖျာ၊ မျက်နှာသုတ်ပဝါနှင့် ဆပ်ပြာစသည်တို့ ပါ၀င်သော မိသားစု အသုံးအဆောင်ပစ္စည်း ၄၅၀၀ စုံကို လှူဒါန်း ခဲ့သည်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှ မိသားစုအသုံးအဆောင်ပစ္စည်း ၁၃၄၆ စုံနှင့် တာပေါ်လင် ၃၂၈၀ ချပ်ကိုလှူဒါန်းခဲ့ပြီး  နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ဖြစ်သော Maltesar International အပါအဝငါ  Save the  Children CARE၊ ACF၊ MSF-H နှင့် MRCS တို့မှ မိသားစု အသုံးအဆောင်ပစ္စည်း ၉၇၂ စုံနှင့် တာပေါ်လင် ၃၂ ချပ်အားလည်းကောင်း ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

ယနေ့အထိ UNHCR နှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ စားနပ်ရိက္ခာမဟုတ်သော မိသားစုအသုံးအဆောင်ပစ္စည်း စုစုပေါင်း ၆၈၁၈ စုံနှင့် တာပေါ်လင် ၂၄၁၂ ချပ်  ကူညီထောက်ပံ့ ပေးခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်၊ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှုရုံး(UNOCHA) မှ ဌာနေတာဝန်ခံ Ms.
Barbara Monzi က  မိမိတို့ အဖွဲ့အနေဖြင့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများကို  လူမျိုး၊ ဘာသာခွဲ့ခြားမှုမရှိဘဲ လိုအပ်မှုကို လိုအပ်ချက်အတိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တွင် ဇူလိူင်လ ၁၈ ရက်နေ့က ပြုလုပ်သော ညှိနိုင်း အစည်းအဝေး တစ်ခုတွင် ပြောကြားသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် အတွင်း  အရေးအခင်းဖြစ်ပြီး  အစောပိုင်းကာလတွင် ခွဲခြား ဆက်ဆံမူများ ရှိသည်ဟု ဆိုကာ နိုင်ငံံခြား အန်ဂျီအိုများကို ရခိုင်အမျိုးသားများက ဆန့်ကျင်သော ကန့်ကွက်မူများ နေရာ အနှံ့အပြားတွင် ပေါ်ပေါက်ခဲ့သည်။

Most read this week