ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများ အကူအညီပေးရန် မောင်တောသို့ ရောက်ရှိ

ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများ အကူအညီပေးရန် မောင်တောသို့ ရောက်ရှိ
by -
နိရဥ္စရာ

မြန်မာရုပ်ရှင် အစည်းအရုံးမှ နာယက ဦးအောင်လွှင်နှင့် အစည်းအရုံး မှ တွဲဘက် အတွင်းရေးမှူး ကိုဖြိုးတို့ ဦးဆောင်သော အဖွဲ့သည် ဒုက္ခရောက်နေကြသော ရခိုင်တိုင်းရင်းသားများကို အကူအညီများ ဆက်လက် ပေးအပ်ရန် အတွက် ယမန်နေ့က မောင်တောမြို့သို့ ရောက်ရှိလာသည်။

စစ်တွေမှ ဒုက္ခသည်များ ယခုလို ခိုလုံနေကြသည်။
ယခု ခရီးစဉ် အတွင်း မီးရှို့ခံရသော ဘုန်းတော်ကြီးကျောင်း (၈) ကျောင်း ပြန်လည် တည်ဆောက်ရေးနှင့် ဒုက္ခသည်များအတွက်် စားနပ်ရိက္ခာများ ကူညီပေးရေးတို့ကို ဆောင်ရွက် သွားမည်ဟု ရုပ်ရှင် အစည်းအရုံး နာယက ဦးအောင်လွှင်က ပြောသည်။

“ ဇူလိုင်လ ၁ ရက်နေ့မှာ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းနဲ့ ရုပ်ရှင် မင်းသား မင်းသမီး ၅၀ ခန့်က စစ်တွေကို ကိုယ်တိုင် လာရောက်ခဲ့ကြပြီး သိန်းပေါင်း ၂၀၀၀ ကူညီ လှူဒါန်းခဲ့ကြတယ်။ အခု ခရီးစဉ်မှာလည်း ကျွန်တော်တို့ ကျပ် သိန်းပေါင်း ၂၀၀၀ ကျော် ကူညီ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ အခုတခါတော့ ကိုယ်တိုင် ကိုယ်ကျ လာပြီး အဓိကတော့ မောင်တောမြို့နယ်က မီးရှို့ခံလိုက်ရတဲ့ ဘုန်းတော်ကြီးကျောင်း (၈) ကျောင်းကို ကျပ် သိန်း ၂၀၀ နဲ့ မတည်ပြီး ဆောက်ပေးပါမယ်။ နောက်ထပ် အလှူရှင်တွေ ပေါ်လာရင်လည်း ကျောင်းတွေကို ပိုမို ခိုင်ခန့် ကြီးကျယ်စွာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခု ခရီးစဉ်အတွင် ဦးအောင်လွှင် ဦးဆောင်သော ရုပ်ရှင် အစည်းအရုံး အဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများ အပါအဝင် မင်းဂံ၊အောင်ဒိုင်၊ ကူတောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များသို့ ကိုယ်တိုင် သွားရောက်ပြီး  လှူဒါန်းကူညီခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ရဲ့ ဒီခရီးစဉ်ကို အလိုတော််ပြည့် ဆရာတော်ကြီးက စီစဉ်ပေးတဲ့ အတွက် ဆရာတော်ကြီးရဲ့ အစီအစဉ်နဲ့ဘဲ လိုက်ပါပြီး ကူညီပေးနေတာ ဖြစ်ပါတယ်။ ရခိုင်က တေးသံရှင် မြတ်ခိုင်ကျော်တို့ အပါအဝင် ဗွီဒီယို အဖွဲ့တွေလည်း ကျွန်တော်တို့နဲ့ အတူ ပါလာကြပါတယ်။ မနေ့ကလည်း ဘူးသီးတောင်မှာ ဆန်အိတ်တွေ၊ ကလေးတွေ အတွက် စာအုပ် စာတန်းတွေ လှူဒါန်းကူညီခဲ့ပါတယ်” ဟု ပြောသည်။

ယနေ့့ ဇူလိူင်လ ၂၄ ရက်နေ့တွင်လည်း ရုပ်ရှင် အစည်းအရုံး တာဝန်ရှိသူများသည် မောင်တောမြို့ တောင်ပိုင်းရှိ အလယ်သံကျော် ကျေးရွာသို့ သွားရောက်ပြီး ဒုက္ခသည်များအား ဆန်အိတ် ၃၀၀ နှင့် တခြား လိုအပ်သော ပစ္စည်းများကို သွားရောက် လှူဒါန်းကြမည် ဟုဆိုသည်။

ရုပ်ရှင် အစည်းအရုံးအနေဖြင့် တိုင်းရင်းသားများ အကြားတွင် ချင်း၊ ရှမ်း၊ မြန်မာ၊ ကချင်၊ ရခိုင် မခွဲခြားဘဲ အခက်အခဲ ကျရောက်နေသော ဒေသများသို့  ကိုယ်တိုင်သွားရောက်ပြီး အကူအညီများ ပေးနေကြောင်း၊ ဇူလိုင်လ ၁ရက်နေ့ ရုပ်ရှင် အစည်းအရုံး၏  စစ်တွေ ခရီးစဉ်  အပြီး ဇူလိူင်လ ၂ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့သို့ သွားရောက်ပြီး အကူူအညီများ ပေးခဲ့ကြောင်း ဦးအောင်လွှင်က ပြောသည်။

ရုပ်ရှင် အစည်းအရုံး အဖွဲ့ဝင် လူကြီးများသာမက ငယ်ရွယ်သော ရုပ်ရှင် မင်းသား မင်းသမီးများ ကလည်း ဒုက္ခကျရောက်နေကြသော တိုင်းရင်းသား ဒေသများအတွက် စိတ်အား ထက်သန်စွာဖြင့် ရံပုံငွေများ ရှာဖွေခြင်း၊ ကိုယ််တိုင် အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်းများ ပြုလုပ်နေကြခြင်းမှာ အထူး အားရ ကျေနပ် စရာကောင်းကြောင်းနှင့် သူတို့၏ လုပ်ဆောင်ချက်များ အတွက်လည်း ကျေးဇူး တင်ကြောင်း သူက ပြောကြားသည်။

ရုပ်ရှင် အစည်းအရုံးအနေဖြင့် နောက်ထပ်လည်း အကူအညီများကို ရှာဖွေနေကြောင်း၊ ရရှိလာသော အကူအညီများကို ဒုက္ခကျရောက်နေကြသော တိုင်းရင်းသား ဒေသအသီးသီးသို့ ဆက်လက် ပေးပို့ ကူညီလှူဒါန်းသွားမည်ဟု သိရသည်။

Most read this week