ကချင်အမျိုးသမီးများ ဦးဆောင်၍ ငြိမ်း ချမ်းရေးအတွက် ဆန္ဒပြမည်

ကချင်အမျိုးသမီးများ ဦးဆောင်၍ ငြိမ်း ချမ်းရေးအတွက် ဆန္ဒပြမည်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်အမျိုးသမီးများအဖွဲ့မှ ကချင်ပြည်နယ်ငြိမ်းချမ်းရေးရရှိရေး ဆန္ဒဖော်ထုတ်တန်းစီလှည့်လည်ရန် ပြင်ဆင်နေကြောင်းသိရသည်။

ကြံဖွံ့ပါတီမှ ကျင်းပသည့် ၆၄ နှစ်ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် မြစ်ကြီးနားမြို့ ဒေသခံများ။

အဓိကဦးဆောင်သူအမျိုးသမီးများသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆွမ်ပရာဘွမ် ပြည်သူ့လွှတ်တော် ဦးခမိုင်တန်၏ ဇနီးဒေါ်ဂျာခေါန် (Ja Hkawng)၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးလဂျွန် ငန်ဆိုင်၏ ညီမဖြစ်သူ ဒေါ်လဂျွန်ဆိုင်းတောင် (Lajawn Seng Tawng) နှင့်စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ ကချင်ပြည်နယ်ပါတီမှ မြစ်ကြီးနားအမျိုးသားလွှတ်တော် ဦးခက်ထိန်န်၏ ဇနီးဖြစ်သူ ဒေါ်နန်ဆိုင်း (Nang Seng)တို့ ပါ၀င်ဦးဆောင်၍ ပြုလုပ်သွားမည်ကြောင်းသိရသည်။

ဆန္ဒပြဖော်ထုတ်မည့် အစီအစဉ်များကို ဆွေးနွေးပြီးဖြစ်သော်လည်းအမျိုးသမီးအဖွဲ့ဝင်အကြီးအကဲတစ်ဦး ခရီးလွန်နေသဖြင့် အစိုးရများထံသို့ စာမတင်ရသေး၍ စီတန်းလှည့်သွားမည့်နေ့ရက်ကို အတိအကျ မသိရှိသေးကြောင်း အမျိုးသမီးအဖွဲ့သိရသည်။

ထိုသို့ ငြိမ်းချမ်းရေးအတွက်ဆန္ဒထုတ်ဖော်ရန် ပါ၀င်လှုပ်ရှားသွားမည့်သူများတွင် အစိုးရ (သို့မဟုတ်) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် တစုံတရာဆက်စပ်မှုရှိမည်ကို စိုးရိမ်မှုများရှိနေကြောင်း ဆွမ်ပရာဘွမ်ပြည်သူ့လွှတ်တော် ဦးခမိုင်တန်ဇနီး အမျိုးသမီးအဖွဲ့ဝင် ဒေါ်ဂျာခေါန်ပြောသည်။

“အားလုံးက အခုချိန်ု ဆန္ဒဖော်ထုတ်နိုင်ပြီဆိုလို့ ငြိမ်းချမ်းရေးအတွက် ဖော်ထုတ်ကြမယ်ဆိုပြီးလုပ်တာ။ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ဆွေးနွေး တာကိုအမြန်ဆုံး ဆွေးနွေးပြီး ငြိမ်းချမ်းရေးကိုလုပ်ကြပါစေ။ ဆွေးနွေးတာကလည်း နည်းနည်းဝေးလာသလို ကျမတို့ကြားရတာကလည်း ဆွေးနွေးတာ နည်းနည်းဝေး လာသလိုပဲလေ..ကျမတို့ အမျိုးသမီးများအားလုံးကြိုးစား ကြည့်ရအောင်ဆိုပြီးခုလိုရည်ရွယ်ပြီးလုပ် တာဖြစ်တယ်။ လူအင်အားလည်း ဘယ်လောက်ထိဆိုတာမသိသေးဘူး။ တချို့က အစိုးရတွေများ ခိုင်းတာလား။ KIA ကဘဲ ခိုင်းတာလားဆိုပြီးကြောက်နေတဲ့သူလည်းရှိတယ်။ ဒါပေမယ့်လည်း ရဲရဲဆန္ဒပြမဲ့ သူလည်းအများရှိပြီ” အမျိုးသမီးအဖွဲ့မှ ဒေါ်ဂျာခေါန်ပြောသည်။

သို့ရာတွင် အမျိုးသမီးများဦးဆောင်၍ ဆန္ဒထုတ်ဖော်သွားမည့်အစီစဉ်ကို မြစ်ကြီးမြို့ပေါ်ရှိကချင်ပြည်သူ အချို့သည် အစိုးရနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီများပူးပေါင်း၍ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကို ရှုံ့ချရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ၄င်းတို့သည် ကချင်ပြည်သူများအတွက် အမှန်တရားဘက်ကို ရပ်တည်ပေးသူများ မဟုတ်ကြောင်း ဝေဖန်သံများလည်းထွက်ပေါ်နေသည်။

“အဲဒီအမျိုးသမီးများက ဘာမှမသိတဲ့သူတွေ ကြံ့ခိုင်ရေးတွေက ကလိထိုးလိုက်တာ။ အဲဒီအမျိုးသမီး ၅ ယောက်ပဲ တရုတ်ပြည်မန်ရှီ မနောပွဲကိုသွားတုန်းကပေါ့။ အဲဒီမှာကချင်အမျိုးသမီး ၁၈၀ ကျော်လည်းပါတယ်။ ကြံ့ဖွ့ံပါတီရဲ့ ဇနီးသည် ခြင်္သေ့မတွေ အားလုံးပဲ.. ထိန်ရှုံး (Tengchong) ရောက်တော့ ဦးဇခုန်တိန့်ယိန်းသမီး ဇခုန်ကော့နဲ့တွေ့ဆုံပြီး အတွင်းရေးကိစ္စ စစ်အေးတိုက်ပွဲ ပြုလုပ်နေတယ်လို့ မြင်ရတယ်။ ကြံ့ခိုင်ရေးတွေက နောက်ကနေ ဘက်ထရီသွင်းနေတာ ဖြစ်တယ်” ဟု မြစ်ကြီးနားမှ စာရေးဆရာ ဒေသခံတဦး အမြင်ပြောဆိုခဲ့ခြင်းဖြစ်သည်။

၄င်းတို့၏ လုပ်ဆောင်ချက်များအပေါ် ဝေဖန်သံများထွက်ပေါ်လာမှုကို အမျိုးသမီးအဖွဲ့မှ ထပ်မံရှင်းပြခဲ့သည်။

“ကျမတို့က နိုင်ငံရေး မလုပ်ဘူး။ ဒါပေမယ့် အမျိုးသားရေးမှာတော့ ဘယ်အချိန်ဖြစ်ဖြစ်ကြိုးစားသွားမယ်။ ကချင်စိတ်ဓာတ်က အပြည့်အဝရှိတယ်။ ကြံ့ခိုင်ရေးတွေလုပ်ခိုင်းလိ့ုလုပ်တာ မဟုတ်ဘူး။ ဘယ်သူခိုင်းပြီးမှလည်းလုပ်တာ မဟုတ်ဘူး။ ကျမစဉ်းစားတာက မနောပွဲမှာလည်း ကျမတို့ အမျိုးသမီးအဖွဲ့တွေပဲ ဦးဆောင်တာပဲများတယ်ဆိုတော့ ကျမတို့ ကချင်လူမျိုးများ အတွက် ကျမတို့ အမျိုးသမီးအဖွဲ့က လုပ်ဆောင်သွားမယ် ခုလိုမျိုးဆန္ဒထုပ်ဖော်တာ မမှားပါဘူး။ ကျမတို့ရဲ့အစွမ်းကို ပြပြီးအမျိုးသားရေးအတွက် မကြောက်မရွံ့ ကြိုးစားသွားမယ်” ဟု ဒေါ်ဂျာခေါန်ပြောသည်။

အစိုးရမှ အခွင့်ပေးမည်ဆိုလျှင် အဓိကထားပြီး ငြိမ်းချမ်းရေးအတွက် အဓိကစီမံခန့်ခွဲအုပ်ချုပ်နေသော ကချင်ပြည်နယ်အုပ်ချုပ်ရေးရုံးတွင် တောင်းဆိုဆန္ဒပြသွားမည်ဖြစ် ခွင့်မရလျင် မြစ်ကြီးနား မနောကွင်းမှ မြို့ထဲသို့ တန်းစီသွားရန်နှင့် စီစဉ်ထားကြောင်း အမျိုးသမီးအဖွဲ့မှ သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြိုပေါ်တွင် ပထမအကြိမ်ဆန္ဒထုတ်ဖော်ခြင်းအဖြစ် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)နှင့် ဂျန်မိုင်ကောင်းနှစ်ခြင်းအသင်းတော်တွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည်များပူပေါင်း၍ ဖမ်းဆီးနှိပ်စက်ခြင်းခံထားရသော ဒုက္ခသည် ဦးဘရန်ရှောင်ကို လွတ်ပေးရေးနှင့်ဒုက္ခသည်များအခွင့်အရေး အတွက်တောင်းဆိုမှုများကို ဇူလိုင်လ ၆ ရက်နေ့တွင် လူ ၁ ထောင်ခန့်ဖြင့် စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြသည်။

ငြိမ်းချမ်းစွာစုဝေးခွင့့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၄ အရ ငြိမ်ချမ်းစွာစုဝေးခွင့် ပြုနိုင်ပါရန် လျှောက်ထားနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နည်းဥပဒေများကို ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Most read this week