ပေါက်ကွဲ ၃ အမှုနှင့် ဖမ်းဆီးခံရသူ စစ်ပြေး ဦးလထော်ဘရန်ရှောင် အမှု တတိယကြိမ် စစ်ဆေး

ပေါက်ကွဲ ၃ အမှုနှင့် ဖမ်းဆီးခံရသူ စစ်ပြေး ဦးလထော်ဘရန်ရှောင် အမှု တတိယကြိမ် စစ်ဆေး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား ဂျန်မိုင်ကောင် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဒုက္ခသည်စခန်းမှ ဖောက်ခွဲရေးဆိုင်ရာအမှုနှင့် တရားစွဲဆိုခံထားရသော ဦးလထော်ဘရန်ရှောင် (Lahtaw Brang Shawng) ၏ အမှုကို ယမန်နေ့ တတိယအကြိမ် ကြားနာစစ်ဆေးမှုတွင် ရှေ့နေဦးမာခါး (Ma Hka) အား မှတ်တမ်းရေးမှတ်ခွင့် ပြုခဲ့ကြောင်းသိရသည်။

ကေအိုင်အို ဒေသမှ အစိုးရထိန်းချူပ်ဒေသသို့ ထွက်ပေးလာသော အဖမ်းခံနေရသူ စစ်ပြေး ဦးလထော်ဘရန်ရှောင်။

ပထမ ရုံးချိန်းတွင် ဒု-ရဲအုပ်ကြီး အောင်မြသန်းအား အမှုစစ်ဆေးချက်များကို ကချင်ဘလော့ဂ်တစ်ခုတွင် ဖော်ပြလာခြင်းကြောင့်ဟုဆိုကာ တရားသူကြီး ဦးမြင့်ထူးမှ ဒုတိယကြိမ် ကြားနာစစ်ဆေးချိန်တွင် တရားခွင်သို့ ရှေ့နေဦးမာခါးကို မှတ်တမ်းတင်ခွင့်မပြုခဲ့သည့်အပြင် အများပြည်သူအားလည်း နားထောင်ခွင့်မပေးခဲ့ကြောင်း သိရသည်။

ထိုကချင်ဘလော့ဂ်ဖြစ်သော Jinghpaw Kasa တွင် ဇွန်၁၁ ရက်နေ့က တရားရုံးကြားနာစစ်ဆေးမှုတွင် ရှေ့နေဦးမာခါးမှ ဒု-ရဲအုပ်ကြီး အောင်မြသန်းအား အမှုစစ်ဆေးချက် အမေးအဖြေများနှင့် ဦးလထော်ဘရန်ရှောင်၏ ဒဏ်ရာများကို ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

တရားလို ဗိုလ်ကြီးကျော်စွာလင်းအား ဒုတိယကြိမ် အမှုကြားနာစစ်ဆေးမှုတွင် ဦးဘရန်ရှောင်အား ရိုက်နှက်စစ်ဆေးခြင်းမရှိကြောင်း တရားခွင်သို့ ငြင်းဆိုခဲ့သေးသည်။

ယခုတဖန် တရားခွင်တွင် ဖမ်းဆီးခဲ့သူ ဒု-ရဲအုပ် ကျော်မျိုးနိုင်အား တရားလိုပြသက်သေအဖြစ် ယမန်နေ့ ကြားနာစစ်ဆေးခဲ့ရာ ဦးဘရန်ရှောင်အား ဖမ်းဆီးစဉ်က ဒဏ်ရာများ မတွေ့ရဟု ထွက်ဆိုခဲ့ကြောင်း ရှေ့နေဦးမာခါးကပြောသည်။

“ဗိုလ်ကြီးကျော်စွာလင်းကို မေးတဲ့အခါမှာတော့ ဦးဘရန်ရှောင်ရဲ့မျက်နှာမှာ ဒဏ်ရာရတာကို သူတို့ဖမ်းလာကတည်းက ပါတယ်လို့ပြောတယ်။ ဒါပေမဲ့ ပထမစစ်ဆေးတုန်းက ဒု-ရဲအုပ်ကြီး အောင်မြသန်းနဲ့ ဒီနေ့စစ်ဆေးတဲ့ ဒု-ရဲအုပ် ကျော်မျိုးနိုင်တို့ကတော့ သူတို့ဖမ်းတဲ့ အချိန်မှာတော့ ဘာဒဏ်ရာမှ မရှိဘူးလို့ပြောတယ်” ဟု ဦးမာခါးကပြောသည်။

ပထမကြိမ် ကြားနာစစ်ဆေးရာတွင် ဦးလထော်ဘရန်ရှောင်သည် သူ့၏ ကိုယ်ပေါ်ရှိဒဏ်ရာများကို တရားသူကြီးရှေ့ပြသခဲ့ရာ ပါးဘယ်ညာတွင် ဓါးကိုမီးအပူပေးပြီး ကပ်ထားပေးသောဒဏ်ရာ၊ ပေါင်တွင် ဓားဖြင့် လှီးထားပေးသောအရာ နှင့် ခြေတလုံးအရေခွံ ခွာထားပေးသောဒဏ်ရာအပြင် ချက်ပေါ်ရှိဒဏ်ရာများကို ပြသခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က ဦးလထော်ဘရန်ရှောင်အား ဖမ်းဆီးခဲ့သူ ခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ ဒု-ရဲအုပ် ကျော်မျိုးနိုင်အား စစ်ဆေးရာတွင် တရားခွင်သို့ အများပြည်သူနားထောင်ခွင့်ရခဲ့ကြောင်း နားထောင်ခဲ့သူတစ်ဦးကပြောသည်။

“ဒီနေ့တော့ ရှေ့နေဖက်က တစ်ယောက်ကိုတော့ ၀င်ခွင့်ပြုပြီ။ ပြီးခဲ့တဲ့တစ်ခေါက်က မဝင်ခိုင်းဘူးလေနော်။ ဒါပေမဲ့ ဒီနေ့တော့ ၀င်ခွင့်ပေးတယ်။ အပြင်မှာလည်းနားထောင်လို့ရတယ်။ ဒါပေမဲ့သိပ်တော့ မကြားဘူးလေနော်” ဟု ဆရာအောင်မြတ်ကပြောသည်။

လာမည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ထပ်မံရုံးချိန်းရှိပြီး ဦးဘရန်ရှောင်အမှုနှင့်ပတ်သက်ပြီး ကြားနာစစ်ဆေးရန် တရားလိုနှင့် တရားလိုပြသက်သေ ၁၇ ဦးဖြစ်ကြောင်း သိရသည်။

ဦးလထော်ဘရန်ရှောင်အား ၂၀၀၄ မှ ၂၀၁၁ ထိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လိုင်ဇာဌာနချုပ်တွင် ဒု-တပ်ကြပ် ရာထူးထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဆဒုံးဘက်သို့ ဘိန်းခင်းဖျက်ဆီးရှင်းလင်းရာတွင် လိုက်ပါခဲ့ကြောင်းနှင့် ၂၀၁၀ တွင် မိုင်းခွဲသင်တန်းတက်ခဲ့ပြီး ၂၀၁၁ တိုက်ပွဲဖြစ်ပွားချိန် ဒဏ်ရာရသူများအား ဆေးကုသပေးခဲ့ပြီးနောက် ဂျန်မိုင်ကောင် (Jan Mai Kawng) ဒုက္ခသည် စခန်းတွင် ခိုလှုံလာသည်ဟု ၀န်ခံခဲ့ကြောင်း တရားလိုဖက်မှ ထွက်ဆိုထားခဲ့သည်။

Most read this week