ဦး လဆန်အောင်ဝါ နှင့် ဦးမင်းညို ပူးပေါင်း၍ ဒေသခံများလယ်ယာမြေ အဓမ္မ သိမ်းဆည်း

ဦး လဆန်အောင်ဝါ နှင့် ဦးမင်းညို ပူးပေါင်း၍ ဒေသခံများလယ်ယာမြေ အဓမ္မ သိမ်းဆည်း
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ဆုံတဖက်ကမ်းရှိ နောင်းခိန်း (Nawng Hking) ကျေးရွာမှ ၈ မိုင်အကွာရှိဘွေဒေါ့ကျေး ရွာသားများ၏ လယ်ယာမြေများကို ဦးမင်းညို နှင့် လဆန်အောင်ဝါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အချို့လယ်မြေများကို သိမ်းဆည်းလိုက်ပြီး နောက်ထပ်ပြောင်းရွှေ့ပေးရန် ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း သိရသည်။

လဆန်အောင်ဝါ (ဘယ်)နှင့် ၎င်း၏ တပ်ဖွဲ့
အိမ်ခြေ ၃၀ ကျော်မှီခိုလျက်ရှိသော ဘွေဒေါ့ (Bwi Daw) ကျေးရွာတွင်  ဧပြီလကုန်ပိုင်းမှစ၍ ပြောင်းရွှေ့ရန် ပိုမိုဖိအားပေးခံခဲ့ရပြီး ယခုလအတွင်းမူ လက်နက်များဖြင့် လာရောက်ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းကြောင့်  ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်နေကြောင်းသိရသည်။

မုဆိုးမများ အများစုမှီခို၍ လယ်ယာ စိုက်ပျိုးရေးလုပ်ကိုင်နေသော ဘွေဒေါ့ကျေးရွာတွင် ထိုသို့ အဓမ္မခြိမ်းခြောက်ကာ ပြောင်းရွှေရန်ပြောဆိုချိန်တွင် လယ်ယာ အိမ်ခြံမြေတွက် ပြေစာမပြနိုင်ခြင်း ကြောင့်ဟုပြောဆိုကာ အိမ်ထောင်စု (၅) စုပိုင် လယ်ဧက ၃၀ ကျော်ကို ဦးလဆန်အောင်ဝါ အဖွဲ့မှ တူးဆွဖျက်ဆီးပေးလိုက်ကြောင်း ဘွေဒေါ့ဒေသခံ ကိုမနော် (Ma Naw) ပြောသည်။

“လယ်ကွင်းတွေကို မြေတူးစက်တွေနဲ့ တူးဖောက်ဖျက်ဆီးပေးလိုက်တယ်။ သွားပြောရင်တော့လဆန်အောင် ဝါနဲ့တော့လုံးဝ မတွေ့ဘူး။ သူဋ္ဌေးမင်းညို ပြောလိုက်တာက.. မင်းတို့ရဲ့ပြေစာတွေက နောက်ကျသွားပြီ။ ကျတော်တို့အရင်ဦးပြီးသားဟုတ်တယ်။ အဲလိုပြောလာတော့ ဘာမှမတတ်နိုင်ဘူး။ ဒီနှစ် လယ်ထွန်ဖို့က အရမ်းခက်နေတယ်။ အရမ်းစိတ်ဆင်းရဲတယ််” ဟု KNG ကချင်သတင်းဌာသို့ပြောသည်။

ဦးလဆန်အောင်ဝါနှင့် အကျိုးတူ ဦးမင်းညိုသည် ၎င်းကျေးရွာရှိ ရွာသားများ၏ လယ်ကွက်များကိုငါးမွေးမြူ ရေးစီမံကိန်းနှင့် တောင်ကုန်းများတွင် ဒညှင်းပင်စိုက်ပျိုးမည့်စီမံကိန်းအတွက် ရွာသားများ၏ ခြံမြေ၊ လယ်ယာများကို ပြေစာအကြောင်းပြု၍ အဓမ္မသိမ်းဆည်း ဖျက်ဆီးပေးခြင်းဖြစ်ကြောင်းသိရသည်။

“မင်းတို့ တောင်ယာတွေ လာမစိုက်နဲ့ မင်းတို့ လာစိုက်ရင်လည်းအလကားပဲ။ နှစ်ရှည်ပင်တွေ စိုက်ရင်လဲ အလကားပဲ။ အရှှုံးပဲ” ဟု ဦးမင်းညို ပြောဆိုကြိမ်းမောင်းခဲ့ကြောင်း ဒေသခံတစ်ဦးပြောပြခဲ့သည်။

ခြံမြေများကိုလည်း သိမ်းထားပြီးသားဖြစ်ကြောင်း စခန်းရုံးသို့ လက်မှတ်ထိုးပြီး အပြီးပြောင်းရန် ခြိမ်းခြောက်ခဲ့သောကြောင့် ယခုချိန် ဒေသခံအချို့သည် တောင်ယာ လယ်ယာများမလုပ်နိုင်တော့ပဲ အခက်ခဲရင်ဆိုင်နေရကြောင်း သိရသည်။

၎င်းနယ်မြေများကို လဆန်အောင်ဝါသည် ဦးမင်းညိုအားရောင်းထားပြီးဖြစ်ကြောင်းနှင့် လယ်ယာများကို ဖျက်ဆီးခြင်းဖြင့် ရွာသားများ အလိုလိုရှောင်တိမ်းသွားနိုင်ကြောင်း တိုက်တွန်းခဲ့သောကြောင့် ထိုသို့ လုပ်ဆောင်ခြင်းလည်းဖြစ်သည်ဟု ၄င်းတို့နှင့်နီးစပ်သော သူများမှသိရသည်။

လဆန်အောင်ဝါပြည်သူ့စစ်အဖွဲ့သည် ၂၀၀၇ ခုနှစ်မှစ၍ ဂွေထူပါ-ဘွေဒေါ့ကျေးရွာဘက်ရှိ တောင်ကုန်းတခု တွင် စခန်းချလျက်ရှိကြောင်း သိရှိရသည်။

၁၉၉၂ ခုနှစ်မှ မော်တောင်းကျေးရွာ၊ ဆယ်မိုင်၊ နောင်းခိန်းကျေးရွာများမှ ဒေသခံများသည် ထိုနေရာတွင်  တောင်ယာ လယ်ယာများ လုပ်ကိုင်ရင်း ဘွေဒေါ့ကျေးရွာအဖြစ် ရွာတည်ထောင်လာခြင်းဖြစ်သည်။

Most read this week