ဇေကမ္ဘာ ကုမ္ပဏီအား အသရေ ဖျက်မှုဖြင့် ကုမ္ပဏီ မန်နေဂျာက မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားမှုနှင့် ပတ်သက်ပြီး ၎င်းအား ထောက်ကြံ့ရဲစခန်းမှ တနင်္လာနေ့ နံနက်တွင် ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ က ပြောသည်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ စံပြကျေးရွာမှ လယ်သိမ်းခံ လယ်သမားများအရေး ကူညီဆောင်ရွက်ပေးနေ သည့် ဦးနေမျိုးဝေ က ပြည်တွင်းထုတ် ဂျာနယ်များတွင် ဇေကမ္ဘာ ကုမ္ပဏီနှင့် ပတ်သက်သည့် ပြောဆိုမှုများကြောင့် ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်သည် ဆိုပြီး ကုမ္ပဏီဘက်မှ လျှောက်ထားခြင်း ဖြစ်သည်။
“ရဲစခန်းက ကျနော့်ကို စစ်ဆေးမေးမြန်းတဲ့အခါမှာ ဇေကမ္ဘာ ကုမ္ပဏီက တင်ပြထားတဲ့ တိုင်ကြားထားတဲ့ စာကို ကိုင်ပြီးတော့ သူ့ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြော/မပြောပေါ့။ အဲဒါတွေ မေးပါတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။
ကျင့်ထုံးဥပဒေ ၂ဝ၂ (၁) အရ အသရေဖျက်မှု မြောက်/မမြောက် စစ်ဆေးရန် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တနင်္ဂနွေနေ့က ရဲစခန်းသို့ လာရောက်ရန် အကြောင်းကြားလာ၍ သွားရောက် စစ်ဆေးမေးမြန်းခံခြင်း ဖြစ်သည်ဟု ဦးနေမျိုးဝေ က ပြောသည်။
“ကျနော်နဲ့ ဇေကမ္ဘာကုမ္ပဏီတို့ အပြန်အလှန် ပြောဆိုထားတာ သက်သေ အထောက်အထား ရှိတယ်။ ၂၃ ရက် မတိုင်ခင် ရေးထားတဲ့ ဂျာနယ်မှန်သမျှကို ကျနော်ကလည်း ဖတ်ထားတော့ ကျနော့်တို့ မငြင်းဘူး။ အဲဒီဂျာနယ်တွေ မှာ ပြောထားတဲ့ဟာတွေကို ကျနော်တို့ လက်ခံနိုင်တယ်။ အဲဒီဂျာနယ်တွေကို သက်သေ တင်ပြီးတော့ သူ့ရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ပါတယ် ဆိုရင်တော့ ကျနော်လည်း မငြင်းဘူး” ဟု မဇ္စျိမကို ပြောသည်။
ဇေကမ္ဘာ ကုမ္ပဏီက ၂ဝ၁ဝ ပြည့်နှစ်က လယ်ယာမြေကို အခြား အသုံးပြုခွင့် (လန ၃၉) ဖြင့် စက်မှုဇုန် လုပ်ကိုင်ရန် အတွက် ရွှေနံ့သာ စံပြကျေးရွာမှ လယ်ယာမြေများကို သိမ်းယူခဲ့ပြီး ဦးနေမျိုးဝေကမူ ထိုလယ်ယာမြေများသည် အိုးအိမ်ဦးစီးဌာနမှ (လန ၃၉) မကျသေးကြောင်း ပြည်တွင်းဂျာနယ်များသို့ ပြောကြားခဲ့သည်။
“ဇေကမ္ဘာကုမ္ပဏီဟာ ခုထက်ထိ လန ၃၉ မကျသေးဘူး။ အဲဒီ မရှိတဲ့အပေါ်မှာ ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန်လို့ အကြိမ်ကြိမ် အဖန်ဖန် ပြောတယ်။ အိုးအိမ်ဦးစီးမှာ ကျနော်ကလည်း မေးပြီးပြီ။ လန ၃၉ မကျကြောင်း ကျနော်တို့လည်း သိထားပြီးပြီ။ ဒါတွေဟာ ဥပဒေနဲ့ မညီဘူးလို့ ကျနော် ပြောတာဟာ လုပ်ကြံတင်ပြတာ မဟုတ်ဘူး။ တမင် ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြောဆိုတာ မဟုတ်ဘူး” ဟု ဦးနေမျိုးဝေက ပြောသည်။
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရွှေနံ့သာ၊ အပေါင်၊ ပေါင်းကူ စသည့်ကျေးရွာများမှ လယ်သမား ၈ဝ ကျော်၏ လယ်မြေဧက ၈၅ဝ ကျော်ကို ၂ဝ၁ဝ ပြည့်နှစ်အတွင်းက သိမ်းယူခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဧပြီလတွင် လယ်ယာမြေ သီးစား လုပ်ကိုင်ခွင့် ရရန် လယ်သမားများနှင့် အပြိုင်လျှောက်ထားခဲ့ရာ ဇေကမ္ဘာဘက်က အနိုင်ရရှိခဲ့ သည်။
လယ်သမားများဘက်ကလည်း ပုဒ်မ ၄၁၇ လိမ်လည်မှု၊ နိုင်ငံတော်အာဏာ အလွဲသုံးစားမှုတို့ဖြင့် ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေကို တရားစွဲထားပြီးနောက် ယခုကဲ့သို့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ဦးနေမျိုးဝေကို ဇေကမ္ဘာဘက်က ပြန်လည် တရားစွဲဆိုရန် စီစဉ်ခြင်း ဖြစ်သည်။
တရားရုံး၏ ညွှန်ကြားချက်ကို ရဲစခန်းက စစ်ဆေးပြီးနောက် ရရှိသည့် အချက်အလက်အပေါ် အခြေခံကာ တရားစွဲဆိုရင် သင့်/မသင့် တရားရုံးဘက်က ဆုံးဖြစ်မည် ဖြစ်သည်။