အစားထိုး ခရီးသည်တင် ယာဉ်သစ်များ ပြေးဆွဲရန် မရေရာသေး

အစားထိုး ခရီးသည်တင် ယာဉ်သစ်များ ပြေးဆွဲရန် မရေရာသေး
by -
မဇ္စျိမ

သစ်တင်သွင်းလာသော ခရီးသည်တင် ယာဉ်များအား အထူးယာဉ်လိုင်းအဖြစ် ရန်ကုန်မြို့ တွင်း ပြေးဆွဲခွင့် ပြုရန် မသေချာသေးကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ (မထသ)က ဆိုသည်။ 

တင်သွင်းထားသည့် ကားများသည် စစ်ကျန်ဘတ်စ် အစားထိုးယာဉ်များ ဖြစ်သည့်အပြင် အခြေခံ လူတန်းစားများ အတွက် ရည်ရွယ်ထားပြီး အထူးယာဉ်လိုင်းအဖြစ် ပြေးဆွဲခွင့် မပြုကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က မထသ(ဗဟို)ကို အကြောင်းကြားစာ ပို့ထားကြောင်း ကော်မတီ အတွင်းရေးမှူး ဦးဘမြင့် က ပြောသည်။

“အစားထိုး တင်သွင်းလာတဲ့ ခရီးသည်တင် ယာဉ် အစီး ၃ဝ ကို အထူးယာဉ်လိုင်းတွေ အနေနဲ့ ပြေးဆွဲခွင့် ပြုခဲ့ပေမယ့် နောက်ပိုင်း ပြေးဆွဲဖို့ စီစဉ်နေတဲ့ အစားထိုး ယာဉ်တွေကို ပြေးဆွဲခွင့် ပြုနိုင်တယ်/မပြုနိုင်ဘူးဆိုတာ ပြောလို့ မရသေး ပါဘူး” ဟု ဆိုသည်။

အစားထိုး တင်သွင်းလာသည့် ခရီးသည်တင် ယာဉ်များအနက် CNG ဝယ်ယူခွင့် ပြန်လည်ရရှိထားသည့် ယာဉ်အစီးရေ ၃ဝ အနက် ၁၆ စီးကို (၃၁) သီးသန့်လိုင်းအဖြစ် ဇူလိုင်လ ၃ ရက်နေ့မှ စတင်၍လည်းကောင်း၊ ၁၄ စီးကို (၅၇) သီးသန့် လိုင်းအဖြစ် ဇူလိုင်လ ၅ ရက်နေ့မှ စတင်၍လည်းကောင်း စတင်ပြေးဆွဲစေခဲ့သည်။

ကျန်ရှိနေသေးသည့် ယာဉ်အသစ် ၂၃ စီးကိုလည်း စစ်ကျန် ဘတ်စ်လိုင်း ဖြစ်သည့် အမှတ် (၄ဝ) နှင့်(၃၆) လိုင်းတို့ နေရာတွင် အစားထိုးပြေးဆွဲရန် စီစဉ်လျက်ရှိသည်။

အစားထိုး ခရီးသည်တင် ယာဉ်အသစ်များကို ယခုနှစ် ဖေဖော်ဝါရီလ ဆန်းပိုင်းမှ စတင်၍ တင်သွင်းခဲ့ရာ ယနေ့အထိ ၅၃ စီး တင်သွင်းပြီးဖြစ်သော်လည်း အသုံးပြု မောင်းနှင့်ရမည့် CNG ကို မေလဆန်းပိုင်းမှသာ ဝယ်ယူခွင့် ရရှိခဲ့သည်။

ခရီးသည် တင်ယာဉ် ၂၇၂ စီးမှာ ယာဉ်ဟောင်း အပ်နှံချိန်တွင် CNG အိုးများ အပ်နှံခြင်း ပြုလုပ်ထားခဲ့သော်လည်း CNG ပြန်လည် ဝယ်ယူခွင့် ရရှိမှုမှာမူ ယခုအချိန်အထိ ယာဉ်စီးရေ ၃ဝ သာ ရှိသေးသည်။

“(၃၁) နဲ့ (၅၇)လိုင်းမှ ပိုင်ရှင်တွေက အသစ်တင်သွင်းလာတဲ့ သူတို့ရဲ့ကားတွေကို အထူးယာဉ်လိုင်း ပြေးဆွဲဖို့ သက်ဆိုင်ရာဌာနတွေကို အဆင့်ဆင့် တင်ပြထားတဲ့အတွက် ခွင့်ပြုချက် မကျခင် အဆင်သင့် ဖြစ်အောင် ကျပ်သိန်း ၅ဝ နီးပါး နောက်ထပ် အကုန်ကျခံပြီး အထူးယာဉ်လိုင်းမှာ ရှိသင့်တဲ့ အင်္ဂါရပ်တွေနဲ့ ညီအောင် ပြင်ဆင်မှုတွေ ပြုလုပ်ထားကြ ပါတယ်” ဟု ရန်ကုန်တိုင်း မထသမှ ဌာနမှူး ဦးဝင်းဇော် က ဆိုသည်။

သို့သော် ညွှန်ကြားချက် ထွက်ရှိလာချိန်တွင် အစားထိုး ခရီးသည်တင် ယာဉ်များကို အထူးယာဉ်လိုင်းအဖြစ် မပြေးဆွဲရန် နှင့် ခရီးစဉ်အပိုင်းလိုက် သတ်မှတ်၍ ယာဉ်စီးခ ကောက်ခံရန် ညွှန်ကြားလာသည့်အတွက် အကုန်အကျခံ ပြင်ဆင်ထားမှု များ အကျိုးမဖြစ်ခဲ့ကြောင်း ဦးဝင်းဇော် က ဆိုသည်။

“ဒါကြောင့် ကျန်ရှိနေတဲ့ စစ်ကျန် ဘတ်စ်ယာဉ်ပိုင်ရှင် အများစုကလည်း ယာဉ်အသစ်တွေ ထပ်သွင်းဖို့ကို အခြေအနေ အရပ်ရပ်ကို စောင့်ကြည့်နေပါတယ်။ ဝင်ငွေ/ထွက်ငွေ မျှတမှု ရှိမှပဲ အစားထိုးယာဉ် တင်သွင်းတော့မယ်လို့ ပြောနေကြပါ တယ်” ၎င်းက ဆိုသည်။