ဟိုဘက်ကမ်းခြေ မြစ်ရိုးမှာ မှောင်မိုက်နေပြီ

ဟိုဘက်ကမ်းခြေ မြစ်ရိုးမှာ မှောင်မိုက်နေပြီ
by -
M. ထက်ခေါင်

ဆွန်ဇူး၏ သေနင်္ဂဗျူဟာ စာအုပ်ကို ဟိုလှန်ဒီလျော ပြန်ကြည့်ဖြစ်ရင်း အထက်ပါ စာပိုဒ်ကလေးကို သွားတွေ့သည်။ တိုက်ပွဲတစ် ရာတိုက်လို့ အောင်ပွဲတစ်ရာရတာကို စစ်ရေးကျွမ်းကျင်မှုရဲ့ အထွဋ်အထိပ်လို့ မဆိုနိုင်၊ ရန်သူကို တိုက်ခိုက်ရခြင်းမရှိပဲ အောင်မြင်မှုရ အောင် လုပ်လိုက်တာကသာ စစ်ရေးကျွမ်းကျင်မှုရဲ့ အထွဋ်အထိပ် ဖြစ်တယ်ဟု ဆွန်ဇူးက ဆိုသည်။

(၁)

For to win one hundred victories in one hundred battles is not the acme

of skill. To subdue the enemy without fighting is the acme of skill.

Sun Tzu, The Art of War, chapter 3, paragraph 3

            ဆွန်ဇူး၏ သေနင်္ဂဗျူဟာ စာအုပ်ကို ဟိုလှန်ဒီလျော ပြန်ကြည့်ဖြစ်ရင်း အထက်ပါ စာပိုဒ်ကလေးကို သွားတွေ့သည်။ တိုက်ပွဲတစ် ရာတိုက်လို့ အောင်ပွဲတစ်ရာရတာကို စစ်ရေးကျွမ်းကျင်မှုရဲ့ အထွဋ်အထိပ်လို့ မဆိုနိုင်၊ ရန်သူကို တိုက်ခိုက်ရခြင်းမရှိပဲ အောင်မြင်မှုရ အောင် လုပ်လိုက်တာကသာ စစ်ရေးကျွမ်းကျင်မှုရဲ့ အထွဋ်အထိပ် ဖြစ်တယ်ဟု ဆွန်ဇူးက ဆိုသည်။

ထိုစာပိုဒ်ကလေးကို ဖတ်ရင်းမှာပင် ကျနော်တို့ တော်လှန်ရေး အဖွဲ့အစည်းများဘက်က စစ်ဦးစီးချုပ်များနှင့် နဝတစစ်အုပ်စု ကြံ့ဖွံ့ အစိုးရတို့ စစ်မြေပြင်မှာ မတိုက်ကြတော့ပဲ အောင်မြင်မှု အထွဋ်အထိပ်ကို ရရှိနိုင်ဖို့ရန် တဦးနှင့်တဦး အပြိုင်အဆိုင် ဆွေးနွေးပြောဆိုနေ ကြခြင်းများလားဟု ဆက်စပ် စဉ်းစားမိသည်။ ဆွေးနွေးမှုများ၏ အဆုံးတွင် ဘယ်သူတွေ ဘယ်လို အမြတ်ထွက်ပြီး ဘယ်သူတွေ ဘယ်လို ထိခိုက်နစ်နာကြမည် ဆိုသည်ကိုလည်း ဖြစ်နိုင်ချေ မဖြစ်နိုင်ချေကိစ္စများ တွက်ဆကြည့်မိသည်။ သူရှုံးကိုယ်နိုင်၊ သူနိုင်ကိုယ်ရှုံး၊ သူရှုံး ကိုယ်ရှုံး နည်းလမ်းတွေထက် သူနိုင်ကိုယ်နိုင် နည်းလမ်းကိုပဲ ရွေးချယ်ကြမည်လား။ ဆွေးနွေးနေကြသည့် အဆင့်ကတော့ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီမှုအဆင့်က မတက် သေး။ ရရှိထားသည့် ပဏာမ သဘောတူညီချက်များကို ပိုမိုခိုင်မာအောင် ထပ်မံ တွေ့ဆုံဆွေးနွေးကြရဦးမည့် အဆင့်တွေ ရှိနေသေးသည်။ နိုင်ငံရေးအရ ဖြစ်လာခဲ့သည့် ပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာရမည့်အဆင့်ကမူ အတော်ကလေး အလှမ်းဝေးနေပေသေးသည်။

            ကချင်ပြည်နယ်မှာတော့ နေ့စဉ်နှင့်အမျှ တိုက်ပွဲတွေ ဆက်နေ၏။ စစ်အုပ်စုနှင့် အပစ်အခတ်ရပ်ရေးမှာ လွန်ခဲ့သည့် ၁၈နှစ်က တည်းက လုပ်ခဲ့ပြီးဖြစ်ပြီး မနှစ်ကစ၍ ပျက်ပြယ်သွားခဲ့သောကြောင့် ခိုင်မာမှုမရှိသော အပစ်အခတ်ရပ်ရေးကို ထပ်မံလုပ်နေစရာမလိုပဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆွေးနွေးအဖြေရှာဖို့ ကချင်က တောင်းဆိုထားသည်။ စစ်အုပ်စုကမူ ချိန်းဆိုတွေ့ဆုံမှုများအတွင်း အပစ်ရပ်ရေး သာ တွင်တွင်ပြောကာ မရပ်မနား ထိုးစစ်ဆင် တိုက်ခိုက်နေ၏။ စစ်ပြေးဒုက္ခသည်များအဖြစ် ကချင်လူထု အများအပြား တရုတ်နယ်ထဲ ပြေးရှောင်ရသည့်တိုင် စစ်အုပ်စု၏ ထိုးစစ်များမှာ ရပ်မသွားပဲ တိုက်ခိုက်နေဆဲ ဖြစ်သည်။

ကိုမြအေးနှင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့အချို့ ကချင်တော်လှန်ရေးသမားတွေနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ကချင်တို့၏ သဘောထားရပ်တည်ချက်ကို နားလည်သွားခဲ့သည်။ ကချင်တွေက မိမိနယ်မြေတွင်းမှာပဲနေကာ မိမိအမျိုးသားအတွက် ခုခံတော်လှန် စစ်ကို ဆင်နွဲနေကြခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးကို တကယ်ပင် မြတ်နိုးသူများဖြစ်သည်။ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကလည်း တကယ် ပင် ငြိမ်းချမ်းလိုသူတွေ ဖြစ်သောကြောင့် ဒီကိစ္စ အဆင်ပြေသွားလိမ့်မည်ဟု ကိုမြအေးက ဆိုသည်။

မကြာသေးမီက အွန်လိုင်းပေါ်တွင် တွေ့ရသော ကချင်တွေ ဘာလို့ လက်နက်ကိုင် တော်လှန်လဲ ဆိုသည့်ဆောင်းပါးကို ဖတ်ရှုရ သူတို့အနေဖြင့်လည်း ဘာသာရေးလူမျိုးရေးအရ ခွဲခြားဖိနှိပ်မှု၊ စာပေနှင့် အမျိုးသားယဉ်ကျေးမှု ရိုးရာပွဲလမ်းများ ဖိနှိပ်ပိတ်ပင်ခံရမှု၊ ကချင်တို့ပိုင်သော နယ်မြေဒေသ အစိတ်အပိုင်းအချို့ကို ကချင်များ ကန့်ကွက်နေသည့်ကြားက ဦးနုက တရုတ်ပြည်သို့ ပေးလိုက်မှု၊ ကချင်နယ်ထဲမှ ရှိထားပြီးဖြစ်သည့် ပညာရေး၊ ဘာသာရေး အဆောက်အဦများကို မောင်ပိုင်စီးသိမ်းယူကာ နယ်မြေ တိုးတက်ရေး အတွက် ဘာမျှမလုပ်ပဲ လက်နက်အားကိုး အနိုင်ကျင့် ခြိမ်းခြောက်မှုများကို မခံမရပ်နိုင်သောကြောင့် တော်လှန်ရေး လုပ်လာခဲ့ခြင်းဖြစ် ကြောင်း၊ စဉ်းစားဆင်ခြင်မှုကင်းမဲ့သည့် လူမိုက်တွေမဟုတ်ပဲ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သည့် ဘွဲ့ရပညာတတ် လူကြီးလူငယ်များက ကေအိုင်အိုနှင့် ကချင့်လွတ်လပ်ရေး တပ်မတော်ကို ဦးဆောင်လာခဲ့ခြင်းဖြစ်ကြောင်းများအပြင် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ကိုယ်ပိုင်ပြ ဌာန်းခွင့်ရရှိရေး၊ လွတ်လပ်ရေးတို့အတွက် တိုက်ပွဲဝင်နေခဲ့ခြင်းဖြစ်ကြောင်း သိရှိလာကြပြီ ဖြစ်သည်။

(၂)

            စစ်အုပ်စုနှင့် အပစ်ရပ်ရေး ပဏာမ သဘောတူညီချက် ယူထားသည့် အဖွဲ့အစည်းတွေထဲမှာလည်း တိုက်ပွဲများ ဆက်ဖြစ်နေ သည့် နေရာအချို့ ရှိသည်။ ရှမ်းပြည်ထဲမှာကော၊ ကရင်နီပြည်ထဲမှာပါ တိုက်ပွဲတွေ ဖြစ်နေသည်။ အဖွဲ့ဝင်များအတွင်း အပစ်အခတ်ရပ်ဖို့ သဘောတူညီမှုမရပဲ ဆက်လက် တိုက်ပွဲဝင်နေကြသူတွေလည်း ရှိနေသောကြောင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (ယူအဲန်အက်ဖ်စီ) တွင် နိုင်ငံရေးအရ ဆွေးနွေးရမည့် ရပ်တည်ချက်ကို တပြေးညီ မချမှတ်နိုင်သေးပဲ ဖြစ်နေကြောင်း ကြားသိရ သည်။ စစ်အုပ်စု၏ သမ္မတအဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးကိစ္စကို တဖွဲ့ချင်းစီနှင့် ဆွေးနွေးနိုင်မည်ဖြစ်သော်လည်း နိုင်ငံရေးအရ ဆွေးနွေးမည့်အဆင့်ကိုတော့ ယူအဲန်အက်ဖ်စီနှင့်သာ ဆွေးနွေးရမှာ ဖြစ်သည်။ ယူအဲန်အက်ဖ်စီအနေနဲ့ကလည်း တယောက်တပေါက် လုပ်၍မရ။ အားလုံး တညီတညွတ်တည်း ဆုံးဖြတ်ထားသည့်မူ ရှိထားနှင့်ရမည်ဖြစ်ပြီး ထိုမူပေါ်တွင် ခိုင်မာစွာ ရပ်တည် ဆွေးနွေးကြရမည် ဖြစ်သည်။

ယူအဲန်အက်ဖ်စီမှာ စတင်ဖွဲ့စည်းလိုက်ကတည်းက အဖွဲ့အစည်းတခု၏ ရည်ရွယ်ချက်၊ ရပ်တည်ချက်ရှိထားနှင့်ပြီးဖြစ်သော်လည်း စစ်အုပ်စု ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ၏ တဖွဲ့နှင့်တဖွဲ့ မတူညီသော ဆက်ဆံရေးများကြောင့် အဖွဲ့အစည်းများအတွင်း အနည်း ငယ် ပြောင်းလဲလာသည်ဟု ထင်ရသည့် အခြေအနေများအပေါ် ရှိထားပြီး လုပ်နည်းလုပ်ဟန်နှင့် မူဝါဒများပါ စဉ်းငယ်မျှ လှုပ်ရှားယိုင်နဲ့ လာခဲ့ပုံရလေသည်။ လောလောဆယ် ထစ်နေသည်မှာ အားလုံးနှင့် အပစ်အခတ် ရပ်စဲရေးဖြစ်ပြီး အပစ်အခတ် ရပ်စဲရေး တပြေးညီ ဖြစ် သွားပြီးမှသာ နိုင်ငံရေး ဆွေးနွေးမည့်စားပွဲဝိုင်းကို  လှမ်းတက်ကြရမှာ ဖြစ်သည်။

            အပစ်အခတ်ရပ်စဲရေးကိစ္စနှင့် ပတ်သက်၍ စဉ်းစားစရာ အနည်းငယ် ရှိသည်။ အပစ်အခတ် ရပ်စဲရေးကြောင့် မည်သူတွေ အကျိုးရှိပြီး မည်သူတွေ အကျိုးယုတ်နိုင်သလဲ ဆိုသည်ကို တွေးဆကြည့်ဖို့လိုသည်။ အပစ်အခတ်ရပ်စဲရေးသည် ထာဝစဉ် တည်တံ့ခိုင်မြဲ မည့် ငြိမ်းချမ်းရေးသို့ ဦးတည်သည့် ခြေလှမ်းတရပ်ဆိုပါက နှစ်လိုဖွယ်ကောင်းသော ထိုအပစ်အခတ်ရပ်စဲရေးကို လှိုက်လှဲစွာ ကြိုဆိုကြရ မည် ဖြစ်သည်။

သို့ရာတွင် အပစ်အခတ်ရပ်စဲရေး လုပ်ပြီး စီးပွားရေး လုပ်ပိုင်ခွင့်များဖြင့် မက်လုံးပေးမြူဆွယ်လျက် သဘောတူညီမှုများ ခိုင်မြဲ အောင် အကြိမ်ကြိမ်အလီလီ ဆွေးနွေးနေစဉ်အတွင်း တဘက်က နယ်မြေတွင်း ရှိ တပ်များကို ကျူးကျော်နေရာချထားခြင်း၊ ရိက္ခာများ စုဆောင်းသိုလှောင်ခြင်း၊ တပ်အပြောင်းအလဲ လုပ်သည်ဟုဆိုကာ တပ်များတိုး၍ပို့ခြင်း၊ နယ်မြေတွင်းမှ ကျေးရွာလူထုများ ကူးသန်းသွား လာမှု အဆင်ပြေ ချောမွေ့စေရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ လမ်းများဖောက်ခြင်း၊ တံတားများ ဆောက်ခြင်း စသည့် လုပ်ရပ် များကို လုပ်လာပြီးနောက်၊ ဆွေးနွေးနေဆဲ အပစ်အခတ်ရပ်စဲရေးမှ သဘောတူညီချက် တရပ်ရပ်ကို အကြောင်း တစုံတရာဖြင့် ချိုးဖောက် ငြင်းပယ်ခဲ့ပါက မိမိတို့ လုပ်ထားသည့် အပစ်အခတ် ရပ်စဲရေးမှာ ပျက်ပြယ်သွားမည်ဖြစ်ပြီး တဘက်ရန်သူ၏ အစီအစဉ်တကျ စစ်ရေးပြင် ဆင်ထားမှုအောက်၌ မိမိတို့ အထိနာကြလိမ့်မည် ဖြစ်သည်။ တိုင်းရင်းသားတို့ဘက်က ငါးကြင်းဆီနှင့် ငါးကြင်းအကြော်ခံရသော စီးပွား ရေးလုပ်ငန်းများ လုပ်ကာ ပွပေါက်တိုးသွားသူအချို့မှလွဲ၍ အဖွဲ့အစည်းတိုင်းပင် နာလံမထူနိုင်အောင် နစ်နာကြရပေလိမ့်မည်။

ရန်သူအနေဖြင့်မူ အပစ်အခတ် ရပ်စဲလိုက်ပြီဆိုကတည်းက နိုင်ငံတကာက  ဖိအားများ၊ စီးပွားရေး၊ သံတမန်ရေး ပိတ်ဆို့မှု စန်ရှင်များ တဆင့်ပြီးတဆင့် ရုတ်သိမ်း လျော့ပါးကုန်ကြမည်ဖြစ်ပြီး နိုင်ငံတကာမှ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ လူမှုရေး စသဖြင့် ခေါင်းစဉ်အမျိုးမျိုးဖြင့် ပေးအပ်လာသည့် ထောက်ပံ့ကူညီမှုများကိုလည်း ရရှိသွားမည် ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသားတို့ ဒေသအ တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တိုင်းရင်းသားနယ်မြေများသို့ ထိုးစစ်ဆင်မှုများကြောင့် ပိတ်ဆို့ခဲ့သည့် စန်ရှင်များမှာ တိုင်းရင်း သားတို့နှင့် အပစ်အခတ်ရပ်ရေး ဆွေးနွေးကတည်းကပင် လျှော့ချလာခဲ့ကြပြီး ဖြစ်၏။

မည်သို့ပင်ဖြစ်စေ အရပ်သားအရေခြံု စစ်အုပ်စုအစိုးရအတွက်ကတော့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ တက်လှမ်းလာ ပြီ၊ ဒီမိုကရေစီရေးကို ဦးတည်လာပြီဟုဆိုကာ ၀ုိင်းဝန်း ထောက်ခံအားပေးကြသော နိုင်ငံများ၊ စန်ရှင် လျှော့ပေါ့ပေးခြင်းများ၊ ၂၀၁၄ခုတွင် အာစီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခွင့်ရလာခြင်းများဖြင့် အသိအမှတ်ပြုမှုတွေ အတော်ပင် ရရှိလာခဲ့သည်။ ဒေါ်အောင်ဆန်းစု ကြည်နှင့် မကြာခဏ ဆွေးနွေးကာ ပူးပေါင်းလုပ်ဆောင်နေသည်ဟု ကမ္ဘာ့နိုင်ငံကြီးများက အမြင်ရှိလာသည့်နောက်မှာတော့ ၎င်းတို့၏ ခြေလှမ်းကလည်း ပို၍သွက်လာသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်စေပြီး လွှတ်တော်ထဲသို့ တွန်းပို့ခဲ့ သည်။ (တွန်းပို့ခဲ့သည်ဟု ဆိုရခြင်းမှာ ၎င်းတို့လုပ်ချင်တိုင်းလုပ်နိုင်သည့် နေပြည်တော်တွင်ပင် အောင်ပွဲခံနိုင်ခဲ့သော အဲန်အယ်လ်ဒီ၏ ယုတ္တိမဲ့ အနိုင်မဲများကြောင့် ဖြစ်သည်။) ထိုသို့တွန်းပို့ခဲ့ခြင်းဖြင့် ၎င်းတို့အပေါ် ချမှတ်ထားသည့် စန်ရှင်များ ရုတ်သိမ်းသွားမည်ဟု ၎င်းတို့ မျှော်လင့်သည်။ ကမ္ဘာ့နိုင်ငံကြီးများဘက်က စန်ရှင်များ လျှော့ချရေးကိစ္စ နှောင့်နှေးနေသောအခါမှာလည်း ၎င်းတို့က ခပ်ပြောင်ပြောင်ပင် တောင်းဆိုကြလေသည်။

(၃)

အခြေခံလစာ နည်းပါးမှုကြောင့် စက်ရုံပေါင်း ၅၇ရုံမှ အလုပ်သမား ၃၆,၀၀၀ကျော် မေလတွင်းက ဆန္ဒပြခဲ့ကြရာ အချို့မှာ အနည်းငယ် လိုက်လျောမှုများဖြင့် ကျေနပ်လိုက်ကြပြီး ဇွန်လထဲမှာ ၁၅ရုံခန့် ကျန်ရှိနေခဲ့သည်။ လယ်သမားအရေးတွေက ဆက်လက် ပေါ်ပေါက်လာပြန်၏။

ထိုသို့ရှိနေစဉ်မှာပင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်မှ ဆယ်ကျော်သက် ရခိုင််မိန်းကလေးတဦးကို ရိုဟင်ဂျာလူငယ် သုံးယောက်က မုဒိမ်းကျင့်စော်ကား သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်နှင့် ၎င်းကိစ္စအပေါ်  လက်တုန့်ပြန်သည့်အနေဖြင့် သံတွဲ တောင်ကုတ် ပြေးဆွဲနေသော ကားကို တားကာ ဒရိုင်ဘာနှင့် စပယ်ယာ အပါအဝင် ရိုဟင်ဂျာ ၁၀ဦးကို ရိုက်သတ်လိုက်သည့်ဖြစ်ရပ် ဇွန်လထဲမှာ ဖြစ်ပွားခဲ့သည်။ လူမျိုး ရေး ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေ တစခန်းထ လာခဲ့ပြန်သည်။

နိုင်ငံရေးအကြပ်အတည်း၊ စစ်ရေးအကြပ်အတည်းနှင့် အလုပ်သမား လယ်သမားဆန္ဒပြမှုများအကြား ထွက်ပေါက်ရရှိရန်အ တွက် ရိုဟင်ဂျာနှင့်ရခိုင်လူထု၊ ဗမာပြည်သူလူထုတို့အကြား လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ပေါ်ပေါက်စေရန်  လုပ်ဆောင်လိုက် ခြင်းသာဖြစ်သည်ဟု နိုင်ငံရေးကျွမ်းကျင်သူများက မြင်၏။ ၁၉၉၇ ခုနှစ်တုန်းက ကမ္ဘာအေးလှိုဏ်ဂူ ဗုံးပေါက်မှု၊ ဗိုလ်ချုပ်တင်ဦးအိမ် ဗုံး ဖောက်ခွဲမှု၊ မဟာမြတ်မုနိဘုရား ဗိုက်ဖောက်ကာ ဌာပနာများ ခိုးခံရမှုတို့ဖြင့် လူတွေရုတ်ရုတ်သဲသဲ မကျေမနပ်ဖြစ်နေစဉ် မန္တလေးမှာ မြန်မာမိန်းကလေးတယောက် ကုလားတွေ အစော်ကားခံရသည့် ကိစ္စတခုကို ဖန်တီးလျက် ဘုန်းကြီးတုတွေက ကုလားဗလီတွေကို ဖျက်၊ အရပ်ဝတ်ဒလန်တွေပါ ၀ရုန်းသုန်းကားဝင်ပါပြီး၊ ကုလား ဗမာ အဓိကရုဏ်းတခု ပေါ်ပေါက်ဖို့ရန် စစ်အုပ်စုက စီစဉ်လုပ်ဆောင်ခဲ့သည်ကို သတိရဖွယ် ဖြစ်လေသည်။

စစ်အုပ်စုတို့အနေဖြင့် အလုပ်သမားလယ်သမားအရေးကိစ္စများကို လမ်းလွှဲသည့်အနေဖြင့် ရိုဟင်ဂျာကိစ္စကို ဖန်တီးပြီး ဘာသာ ရေးလူမျိုးရေးအဓိကရုဏ်းကို ကြီးထွားအောင်လုပ်ကာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းမှ နောက်ပြန်လှည့်သွားဖို့ရန် ပြင်ဆင်လာခဲ့ ခြင်းဖြစ်ကြောင်း ရွှေညဝါဆရာတော်က မိန့်၏။ လူထုကလည်း စစ်အုပ်စု၏ ထောင်ချောက်သို့ မဝင်။

            စစ်အုပ်စု၏ ကလိန်ကကျစ် လုပ်နည်းလုပ်ဟန်များကို ဖန်တရာတေအောင် ကြံုခဲ့ဘူးသော ပြည်သူလူထုနှင့် နိုင်ငံရေး စောင့် ကြည့်လေ့လာသူများက စစ်အုပ်စုတို့ခြေလှမ်းကို ကောင်းစွာ မြင်နေကြရသည့်တိုင် စစ်အုပ်စုနှင့် အနီးကပ် ဆက်ဆံလာရသည့် အပစ်ရပ် အဖွဲ့အချို့ကမူ စစ်အုပ်စု ခြေလှမ်း ဘယ်သို့ ဘယ်ဆီ လှမ်းလိမ့်မည်ကို ယခုထိ မခန့်မှန်းနိုင်ကြ။

            တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်လျက် အခွင့်အခါကောင်းကို မလွတ်တမ်း ဆုပ်ကိုင်နိုင်ဖို့လိုသည်။ တပ်ပေါင်းစုဖြစ်သည့်တိုင် အဖိနှိပ်ခံ ပြည်သူများ၏ ပူးပေါင်းကူညီမှုကို မရပဲ အောင်ပွဲခံနိုင်မည် မဟုတ်။ အဖိနှိပ်ခံ ပြည်သူများသာမက စစ်အုပ်စုလက်အောက်မှ အဖိနှိပ်ခံ၊ အသုံးချခံ တပ်မတော်သားတို့၏ ပူးပေါင်းပါ၀င်မှုကိုလည်း မလွဲမသွေ လိုအပ် မည် ဖြစ်သည်။

ပြီးခဲ့သော အရေးတော်ပုံကြီးများအတွင်း စစ်အုပ်စုတို့ အကြပ်အတည်းကြံုစဉ် ဒီမိုကရေစီရေး တောင်းဆိုသော လူထုနှင့် တိုင်း ရင်းသားအင်အားစုများဘက်က အတွင်း အပြင် ပေါင်းစည်းညီညွတ်စွာဖြင့် ကိုယ့်ထောင့်နှင့်ကိုယ် ဟန်ချက်ညီညီ လှုပ်ရှားမှု မပြုနိုင်ခဲ့ကြ။

            ၈၈အရေးအခင်းတုန်းက ၀င်မပါခဲ့သည့်အဖြစ်နှင့် ပတ်သက်၍ ကေအဲန်ယူသည် ပွဲလန့်ဖျာခင်းသော အလုပ်မလုပ်ပဲ မိမိအမျိုး သားရေးအတွက် သိက္ခာရှိစွာ တောင်းဆိုတိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်း ပဒိုတဦးက ဂုဏ်ယူစွာ ပြောဖူး၏။ စစ်အုပ်စု၏ ဥပဒေမဲ့လုပ်ရပ်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကမ္ဘာက ပိတ်ဆို့ အရေးယူရေး လော်ဘီတွေလုပ်၊ နိုင်ငံရေးအတိုက်အခံတွေလုပ်နှင့် ကမ္ဘာ့နိုင်ငံ တွေကပါ ဖိအားပေးလာ၊ ပိတ်ဆို့မှုများလုပ်လာကြသောကြောင့် စစ်အုပ်စုတို့  အကြပ်အတည်း တွေ့နေရချိန်၊ တပ်တွင်း အထက်အောက် မညီမျှသော ဆက်ဆံမှုများ နှင့် ပတ်သက်၍ ၎င်းတို့အချင်းချင်း ညီညွတ်မှု ပြိုကွဲစပြုလာချိန်၊  အရာရှိငယ်များနှင့် အကြပ်တပ်သားများ၏ လုပ်ခလစာများကို ဦးပိုင်စီးပွားရေးလုပ်ငန်းထဲ မထည့်မနေရ ရှယ်ယာထည့်ခိုင်းပြီး စာရင်းမရှင်းနိုင်သောကြောင့် မကျေမနပ် ဆန္ဒပြ အုံကြွမှုကလေးများ ဖြစ်လာကာ တပ်တွင်းပုန်ကန်မှုတွေပါ ပေါ်ပေါက်လာတော့မည့်အချိန်များတွင်လည်း လူထုနှင့် တိုင်းရင်းသားတွေ ဘက်က လှုပ်ရှားမှု မရှိ။ သံဃာတော်များ လမ်းပေါ်ထွက် ဆန္ဒပြသည်ကို နှိမ်နင်းတုန်းကလည်း တိုင်းရင်းသားတို့ဘက်က မိမိတို့ ဒေသ များအတွင်းမှာပင် တိုက်ပွဲအရှိန်အဟုန်ကို  မတိုးမြှင့်နိုင်ခဲ့။

            ရန်သူကို အနားမပေးပဲ တိုက်ရမည့်အချိန်တွေမှာ မတိုက်ခဲ့သောကြောင့် ရန်သူ့အဖို့ ထွက်ပေါက်တွေ တခုပြီးတခု ပွင့်သွားခဲ့ သည်။ မိမိတို့အချင်းချင်း စည်းလုံးညီညွတ်မှု မရှိ၊ တဦးကိုတဦး တကယ်တမ်း ယုံကြည်မှု မရှိသည့်အပေါ်တွင်လည်း ရန်သူ့ဖဲ့ထုတ်စည်းရုံး မှုများကို ကြံုခဲ့ကြရသည်။

အပစ်ရပ်အဖွဲ့အများစုမှာ စစ်အုပ်စုတို့ ယခင်ကတည်းက အဖန်တလဲလဲ လုပ်ခဲ့သော နည်းလမ်းဟောင်းကြီးကို လောဘ မောဟ ပိတ်ဖုံးစွာ လိုက်လျှောက်ခဲ့ကြသူများ ဖြစ်၏။ အပစ်ရပ်ပြီး စီးပွားရေးလုပ်၊ ဒေသဖွံ့ဖြိုးရေးလုပ်သည့်နည်းမှာ ယခင် ကေအဲန်ယူမှ ခွဲထွက် မည့် ဒီကေဘီအေအဖွဲ့ကို ဖဲ့ထုတ် စည်းရုံးခဲ့စဉ်ကတည်းက ဖြစ်သည်။ ဒီကေဘီအေကို နှစ်အနည်းငယ်မျှ စီးပွားရေးလုပ်ပိုင်ခွင့်များပေးပြီး နောက် နယ်ခြားစောင့်တပ် လုပ်ခိုင်းခဲ့သည့်နည်းတူ ကေအိုင်အေကိုလည်း လုပ်ခိုင်းခဲ့သည်။ ဒီကေဘီအေ ကလိုထူးဘောဗျူဟာနှင့် ကေအိုင်အေတို့က နားမထောင်ခဲ့။ နားမထောင်သူများနှင့် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ကြသည်။ ကေအဲန်ယူ၏ အနာဂတ်အရေးသည်လည်း မည်သို့ရှိချိမ့်မည်နည်း။ စီးပွားရေးလုပ်ငန်းများနှင့် အပစ်အခတ်ရပ်စဲရေးသည် ဘီဂျီအက်ဖ် သောင်ကမ်းသို့ပင် ဆိုက်လေမည်လား။ ကရင် ပြည်သူတို့ အားကိုးအားထားပြုရာ ကရင့်တော်လှန်ရေးအနေဖြင့် ကရင်လူထု၏ အသံအစစ်အမှန်ကို နားစွင့်ကြရမည် ဖြစ်၏။

(၄)

            ရခိုင်ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှာ အတော်ပင် ခရီးပေါက်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်ကစ၍ ဗမာနိုင်ငံ ဘက်အခြမ်းကော တရုတ်နိုင်ငံဘက်အခြမ်းမှာပါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းများကို ဖောက်လုပ်ခဲ့သည်။ကုဗမီတာ သန်း ၁၂,၀၀၀ရှိသည့် သဘာဝဓာတ်ငွေ့များကို နှစ်စဉ် တရုတ်ပြည်သို့တင်ပို့ရမည် ဖြစ်ပြီး တရုတ်တို့က လျှပ်စစ်ဓတ်အားများ ထုတ်လုပ် ကာ တရုတ်ပြည် အနောက်တောင်ပိုင်း ဒေသဖွံ့ဖြိုးရေးအတွက် ဖြန့်ဖြူးပေးဝေမည် ဖြစ်သည်။ ရေနံပိုက်လိုင်းကတော့ အဓိကအားဖြင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တင်သွင်းလာသော ရေနံများကို နှစ်စဉ် တန်ချိန် ၂၂သန်းမျှ ကူမင်း ရေနံချက်စက်ရုံသို့တင်ပို့မည် ဖြစ် သည်။ ရွှေသဘာဝဓာတ်ငွေ့လိုင်းနှင့် တပြိုင်တည်း ကပ်၍ ဖောက်လုပ်လိုက်သော ရေနံလိုင်းကြောင့် တရုတ်အဖို့ မလက္ကာရေလက်ကြား ကို ဖြတ်သန်းစရာ မလိုတော့ပဲ စရိတ်စက များစွာ သက်သာသွားပေတော့မည်။ ယခုအချိန်မှာ လုပ်ငန်းလေးပုံသုံးပုံနီးပါး ပြီးစီးနေပြီဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ စတင်လည်ပတ်တော့မည် ဖြစ်သည်။

 ဟတ်ကြီး ရေကာတာ ဆောက်လုပ်ရန် ဦးသိန်းစိန်က မီးစိမ်းပြလိုက်ပြီဆိုသောသတင်းနှင့် ဟတ်ကြီးသာမက မြစ်ဆုံစီမံကိန်းပါ ပြန်စနေပြန်ပြီ ဟူသောသတင်းကို သဲ့သဲ့ ကြားရသည်။ ယခင်က ၎င်းတို့ ကြွေးကြော်ခဲ့ဘူးသော သံလွင်မြစ်ကြောင်း ကောင်းစားရေး စီမံ ချက် မဟုတ်တော့ပဲ သံလွင်မြစ်ကြောင်း ပျက်စီးရေး အစီအစဉ် ဖြစ်နေ၏။ ဗမာပြည်အတွင်း မွေးဖွားပေါ်ပေါက်လာခဲ့ပြီး အထင်ကရ စီးဆင်းလျက်ရှိသော ဧရာဝတီမြစ်ကြီး၏ အနာဂတ်အရေးနှင့် မြစ်ရိုးတလျှောက် မြို ့ရွာများ၏ ကံကြမ္မာသည်လည်း မှောင်မိုက်လျက် ရှိချေပြီကော။

အင်းလေးကန်ကြီးကောကာ ကန်၏အစိတ်အပိုင်းအချို့မှာ လူနေရပ်ကွက်များဖြစ်ကုန်ကြပြီ ဖြစ်၏။  အင်းလေးကန်၌ ယခင်က လှေများဖြင့် ရေပေါ်စျေး ရောင်းခဲ့သော နေရာတွင် မြေပေါ်ချရောင်းရသည့် စျေးကွက်များ ဖြစ်သွားသလို၊ မြစ်ဝကျွန်းပေါ် ညောင်တုန်း ခတ္တိယနယ်ထဲမှ ဧရာဝတီမြစ်၏ မြစ်ခွဲတခုအဖြစ် လှိုင်မြစ်အတွင်း စီးဝင်သော ပန်းလှိုင်မြစ်သည်လည်း စစ်အုပ်စုတို့၏ ငါးမွေးကန်များ စိုက်ပျိုးခြံများကြောင့် မြစ်ကြောင်း ပိတ်ဆို့ကာ ကျွန်းများ သောင်များ ပိုမိုပေါ်ထွန်းပြီး မြစ်၏ သုံးပုံနှစ်ပုံမှာ ကောသွားခဲ့ပြီ ဖြစ်သည်။

ယခင်တုန်းက သင်္ဘောများသွားလာ၍ရခဲ့သောနေရာတွင် မြက်များ ထူထပ်စွာ ပေါက်နေသော မြေပြင်ကြီးဖြစ်လျက် အနီးအနား အရပ်ဒေသများသို့ ကုန်းကြောင်းခရီးဖြင့် ဖြတ်သန်းသွားလာ၍နေကြလေပြီ။ ဒေသခံတို့အဖို့ ထိုနေရာ၌ ရေစီးအားကောင်းပြီး ငါးပုဇွန် လှိုင်လှိုင်ပေါများသော ပန်းလှိုင်မှာ လွန်ခဲ့သော လေးငါးနှစ်တွင် လွမ်းမောဖွယ် ကျန်ရစ်ခဲ့ပြီဖြစ်ပြီး နောက်မျိုးဆက်တခုမှာတော့ ပန်းလှိုင် သည် မြစ်ဝကျွန်းပေါ်၏ ပုံပြင်ထဲ၌သာ ကျန်ရှိခဲ့တော့မည် ဖြစ်လေသည်။

အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးအတွင်း ရာနှင့်ချီသော စီမံကိန်းများကို ထိုင်းလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ရာ ထိုအထဲတွင် ရေကာတာတည်ဆောက်မှု လုပ်ငန်းများလည်း ပါ၀င်သည်။ ထိုင်းနိုင်ငံတွင်း၌ ရေကာတာများစွာ ဆောက်ပြီးခဲ့ပြီဖြစ်ပြီး ဘန်ကောက်လို မြို့တော်မှာပင် နှစ်စဉ် မိုးတွင်းကာလ ရေလျှံမှုများဖြစ်သောကြောင့် နောက်ထပ် ရေကာတာများ ထပ်မံ ဆောက်လုပ်ဖို့မရှိ။ ပြီးခဲ့သည့်နှစ်ကလည်း လအတော်ကြာ ရေကြီးခဲ့သဖြင့် သန်းပေါင်းထောင်နှင့်ချီ၍ နစ်နာဆုံးရှုံးခဲ့ကြရသည်။ ထိုင်းနိုင်ငံထဲမှာ လုပ်မရသည့်ကိစ္စကို ဗမာပြည်မှာ လုပ်ခြင်းဖြစ်၏။ စီမံကိန်းတိုင်းမှာ ဗမာ့မြေက သယံဇာတများကို စျေးပေါပေါဖြင့် ရယူ မည်ဖြစ်ပြီး ထိုင်းအတွက် အကျိုးအမြတ် ကြီးစွာ ရနိုင်သော်လည်း ဗမာနိုင်ငံစစ်အုပ်စုအနေဖြင့် ထိုအကျိုးအမြတ်၏ အရိုးအရင်းမျှလောက် သာ ရရှိကြမည် ဖြစ်သည်။ ဗမာပြည်သူလူထုအတွက်ကတော့ ဆုံးရှုံးပြီးရင်း ဆုံးရှုံးသည့် အခြေအနေမှနေ၍ အနည်းငယ်မျှ တက်နိုင်လိမ့် မည် မဟုတ်ချေ။

ပြည်တွင်းမှ ဆန်၊ သစ်၊ ကျောက်မျက်၊ ဓာတ်သတ္တုများသာမက၊ အရှေ့အနောက်တောင်မြောက် တိုင်းပြည်ပတ်လည် မြစ် ချောင်းပင်လယ်များမှ သဘာဝအရင်းအမြစ်များကိုပါ ကိုယ်ကျိုးအတွက် လက်ညှိုးထိုး ရောင်းစားခဲ့သူများအနေဖြင့် ကိုယ်နင်းထားသည့် သစ်ကိုင်း ကိုယ်ပြန်ချိုင်သော သစ်ခုတ်သမားအဆင့်မျိုး ရောက်နေပြီဆိုသည်ကို သိဖို့သင့်ပြီ ဖြစ်၏။ ဧရာဝတီ မရှိပါက ဗမာပြည် မည် သည့်အခြေသို့ ဆိုက်လိမ့်မည်နည်း။

(၅)

ပြီးခဲ့သည့်လ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်မှာ ဘယ်သူတွေ ဘယ်လောက် အကျိုးအမြတ် ရှိကြသလဲ။ ဆွစ်ဇာလန် ဂျီနီဗာမှာ ကျင်းပခဲ့သော ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အို ညီလာခံသို့ ဇွန်လ ၁၄ရက်နေ့ တက်ရောက်ပြောကြားခဲ့သည့် မိန့် ခွန်းကိုကော၊ နော်ဝေးနိုင်ငံ အော်စလိုမှာ ငြိမ်းချမ်းရေး နိုဗယ်ဆုကို လက်ခံရယူအပြီး ပြောကြားခဲ့သည့် မိန့်ခွန်းများကိုပါ အွန်လိုင်း၌ တွေ့ မြင်ကြားသိ ဖတ်ရှုခဲ့ရသည်။

မိမိအသိုင်းအဝိုင်းမှ ဝေးရာ ဆွဲထုတ်ခံလိုက်ရသလိုဖြစ်သော ရွှေ့ပြောင်းအလုပ်သမားများ၊ လူကုန်ကူးခံရသူများ၊ ဒုက္ခသည်များ ၏ အခြေအနေ။ လူ့အခွင့်အရေး ကာကွယ်ပေးရန်ကိစ္စ၊ နိုင်ငံ့အနာဂတ်ကို ယုံကြည်စွာတည်ဆောက်ဖို့ရန် စစ်မှန်သော ပြည်ထောင်စုစိတ် ဓာတ် လိုအပ်ကြောင်း ၊ ဒုက္ခသည်တွေကို ကူညီဖို့၊ ဒုက္ခသည်တွေအနေနဲ့လည်း မိမိနေထိုင်ရာနိုင်ငံကို ၀န်ပိုမပိစေရေးကိစ္စများကို နော် ဝေးမှာပြောခဲ့ပြီး ဂျီနီဗာ အိုင်အယ်လ်အို ညီလာခံမှာတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ လူမှုရေး၊ စီးပွားရေးနှင့် ဒီမိုကရေစီရေး လုပ်ငန်း စဉ်များအပေါ် အားဖြည့်ပေးနိုင်မည့် အကူအညီများ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လိုကြောင်း၊ အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းရေး၊ လူငယ်တို့၏ အရည်အချင်းအတွက် လုပ်ငန်းခွင် သင်တန်းကျောင်းများဖွင့်ရေး၊ ပြည်ပရောက် အလုပ်သမားများအရေး၊ ကလေးပညာရေး စနစ်၊ အိမ်ပြန်လိုသူတွေ လုံခြံုစိတ်ချစွာ ပြန်လာနိုင်ရေး စသည်တို့ကို ပြောသွားခဲ့သည်။ ကချင်ဒေသမှ စစ်ပွဲနှင့်ပတ်သက်၍မူ တစွန်းတစ မျှ မပါရှိချေ။

            စစ်မှန်သော ဒီမိုကရေစီကို လက်ဖြန့်တောင်းခံ၍ မရနိုင်။ စစ်မှန်သော ငြိမ်းချမ်းရေးကိုလည်း စစ်အာဏာရှင်များထံမှ မျှော်လင့်၍ မရနိုင်။ ၎င်းတို့ကိုယ်တိုင်ပင် ဒီမိုကရေစီ၏ အနှစ်သာရကို သဘောပေါက် နားလည်ခြင်း မရှိကြ။ ငြိမ်းချမ်းရေး၏ အရသာကိုလည်း မခံစား တတ်။ ပေးစရာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးသည်လည်း ၎င်းတို့ထံတွင် မရှိ။