နောင်တောင်း ကချင်စစ်ပြေးစခန်းအား တရုတ်အစိုးရမှ ထပ်မံပြောင်းရွှေ့ခိုင်းမည်ကို စိုးရိမ်

နောင်တောင်း ကချင်စစ်ပြေးစခန်းအား တရုတ်အစိုးရမှ ထပ်မံပြောင်းရွှေ့ခိုင်းမည်ကို စိုးရိမ်
by -
ကချင်သတင်းဌာန

တရုတ်-မြန်မာနယ်စပ် ဗန်းမော်ခရိုင် မန်ဝိန််းမြို့ တရုတ်ဖက်ခြမ်းတွင်ခိုလှုံနေသော နောင်တောင်း (Nongdao) ခရိုင်ရှိ ကချင်စစ်ပြေးဒုက္ခသည်စခန်းများကို ပြောင်းရွှေခိုင်းမည်ဟု သတင်းများ ပြန်လည်ထွက်ပေါ်လာသော ကြောင့် စစ်ပြေးဒုက္ခသည်များ စိုးရိမ်နေကြသည်။

ကချင်ပြည်နယ် လွယ်ဂျယ် မျက်နှာချင်းဆိုင် တရုတ်နယ်စပ်အထဲ လားယိန်းရှိ ကချင်စစ်ပြေးဒုက္ခသည်များ။
ကချင်ပြည်နယ်တွင်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြားတိုက်ပွဲများဖြစ်ပွားမှုကြောင့် တရုတ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံနေသော အိမ်ထောင်စု ၉၀၀ ခန့်ရှိ စစ်ပြေးဒုက္ခသည်များကို KIA တပ်မဟာ (၅) နယ်မြေ လနာ့ဇွပ် (Lana Zup) ဒုက္ခသည်စခန်းဘက်သို့ ပြောင်းရွှေခိုင်းမည်ဟု ထပ်မံကြားရခြင်းဖြစ်ကြောင်း စခန်းတာဝန်ရှိသူတစ်ဦးပြောသည်။

ထိုသို့ နေရပ်ပြန်ခိုင်းမည်ဟုသတင်းများထွက်ပေါ်ချိန် တရုတ်အာဏာပိုင်များမှ စာဖြင့်သော်လည်းကောင်း လူကိုယ်တိုင်ဖြင့်သော်လည်းကောင်း လာရောက်ပြောဆိုခြင်းမရှိသေးသော်လည်း မြန်မာပြည်ဖက်ခြမ်းရှိ ဒုက္ခသည်စခန်းတွင် လူသစ်များအတွက်နေရာပြင်ဆင်မှုများ ပြုလုပ်ခိုင်းနေကြောင်း နောင်တောင်း ဒုက္ခသည်ကူညီရေး ကော်မတီဝင် ဆရာခွန်ထွန်းပြောသည်။

“လနာ့ဇွပ်ဒုက္ခသည်စခန်းမှာ ကူညီနေတဲ့ အမူထမ်းတွေကို နောင်တောင်းမှ စစ်ပြေးဒုက္ခသည် အိမ်ထောင်စု ၉၀၀ လောက် ရောက်လာမယ် ဆိုပြီး နေရာတွေလုပ်ခိုင်း စီစဉ်ထားခိုင်းတယ်လို့ပြောလာတယ်။ ဒီဇုံကလူကြီးတွေလည်း ဒီအတောအတွင်း ရောက်လာမယ်လို့ပြောနေတယ်။ ဒီနေ့တောင်မှ ရောက်မယ်လို့ ပြောတယ်။ ဒါပေမဲ့အခုထိတော့ ရောက်မလာသေးဘူး။ ကျနော်တို့က ဟိုကိုပြောင်းခိုင်းဖို့လာပြောမယ်လို့ ထင်တယ်လေ” ဟု ဆရာခွန်းထွန်းကပြောသည်။

တရုတ်အုပ်ချုပ်ပိုင်းဆိုင်ရာများသည် တရုတ်ပြည်နယ် နောင်တောင်း (Nongdao) ခရိုင်ရှိ ဒုက္ခသည်စခန်း ၂ခုဖြစ်သော ယန်လု (Yang Lu)နှင့် လော့ဖိုင် (Law Hpai) စခန်းကို ပြီးခဲ့သည့် ဇူလိုင် ၆- ၈ ရက်နေ့တွင် မိမိ်နေရပ် (သို့) လနာ့ဇွပ် (Lana Zup) ဘက်သို့ ပြောင်းရွှေ့ပေးရန် ပြောဆိုခဲ့သည်။

သို့သော် တရုတ်အစိုးရထံ KIO ခေါင်းဆောင်ပိုင်းများမှ ညှိနှိုင်းဆွေးနွေးပြီးနောက် ဇူလိုင် ၁၁ ရက်နေ့တွင် ရွှေလီမြို့မှ တရုတ်အုပ်ချုပ်မှုပိုင်းဆိုင်ရာအကြီးအကဲများရောက်ရှိလာပြီး ပြန်လည်နေထိုင်ခွင့်ပြုထားချိန် ယခုတဖန် ပြောင်းရွှေ့ရန် သတင်းများထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

နောင်တောင်းဒုက္ခသည်များကို တာဝန်ယူကြည့်ရှုပေးနေသော ဇင်လွမ်း(Zin Lum) အဖွဲ့ကော်မတီဝင်များ မှလည်း သတင်းမှန်ကို သေချာမပြောနိုင်သေးသောကြောင့် ဆက်လက်၍ စခန်းတွင် မည်သို့ပြင်ဆင်ရမည်ကို မသိရသေးကြောင်း ဇင်လွမ်းကော်မတီခေါင်းဆောင် ဆရာ ဇော်ဘောက် ပြောသည်။

“ကျနော်တို့လည်း ကြားပြီးအံ့သြနေပါတယ်။ တရုတ်အစိုးရကလည်း ကျနော်တို့် (KIO) ဘက်ကလည်း အတိအကျလာပြီးတော့ ဒီလိုလုပ်ရအောင် ဒီလိုလုပ်ပါဆိုပြီးလာပြောတာလည်းမရှိသေးဘူးဆိုတော့ ကြားတာနဲ့ပဲ အံ့သြနေပါတယ်” ဟု ဆရာဇော်ဘောက်ကပြောသည်။

မည်သည့်အကြောင်းကြောင့် ထိုသို့ပြောင်းရွှေ့ခိုင်းသည်ကိုမူ မသိရသော်လည်း ဒုက္ခသည်များသည် နေရပ်ပြန်ရမည်ကို စိုးရိမ်ပူပန်နေကြသည်။

Most read this week