နာကောင်ကောင့် ဒုက္ခသည်စခန်းရှိ ကလေးများတွင် သွေးလွန်တုတ်ကွေး ရောဂါကူးစက်မှုများလာ

နာကောင်ကောင့် ဒုက္ခသည်စခန်းရှိ ကလေးများတွင် သွေးလွန်တုတ်ကွေး ရောဂါကူးစက်မှုများလာ
by -
ကချင်သတင်းဌာန

တရုတ်ပြည်နယ်တွင်ရှိသော နောင်တောင်းခရိုင်မှ နာကောင်ကောင့် (Na Kawng Kawng) ဒုက္ခသည်စခန်းအတွင်း ကလေးများ (၁၀) ဦးခန့်တွင် သွေးလွန်တုတ်ကွေး ကူးစက်မှုဖြစ်ပွားနေကြောင်း ဒုက္ခသည်စခန်းမှ တာဝန်ရှိသူများပြောသည်။

တရုတ်နယ်စပ် တရားမဝင် လားယိန်းစခန်းမှ ကချင်ဒုက္ခသည် အမျိုးသမီးတဦး။
ဗန်းမော်ခရိုင် မန်ဝိန််းမြို့ တရုတ်ပြည်ဖက်တွင်ရှိသော နာကောင်ကောင့်စခန်းတွင် ဇူလိုင်လမှစပြီး လသားအရွယ်ကလေးငယ်များမှစ၍ အသက် (၈) နှစ်ရွယ်ကလေးငယ်များ သွေးလွန်တုတ်ကွေးရောဂါ ကူးစက်ခံနေရခြင်းဖြစ်ကြောင်း စခန်းတွင် ကျမ်းမာရေးကူညီစောင့်ရှောက်ပေးနေသူ ဆရာခေါင်ဇောင်း (Sara Hkawng Zawng) ကပြောသည်။

“အခုတလော မိုးလေဝသအခြေအနေလည်းမကောင်းဘူး။ နေကလည်းအရမ်းပူလိုက် မိုးကလည်း အရမ်းရွာလိုက်နဲ့ လူကြီးက တစ်ယောက်နှစ်ယောက်ဖြစ်တယ်။ ကလေးတွေမှာပိုဖြစ်တယ်။ မူကြိုအရွယ်နဲ့ (၁) တန်း (၂) တန်းအရွယ်တွေလေ။ အဲဒီရောဂါက ခြင်ကိုက်တာကနေဖြစ်တာလေ အဲဒါဖြစ်တဲ့လူက နာစည်းချောင်းဆိုး ချေလက်တွေမှာ အနီရောင် အကွက်အကွက် ကပ်လာတယ်။ ဒီရောဂါက ကူးစက်လာတဲ့မျိုးလေ တစ်ယောက်ဖြစ်ရင် မိသားစုလိုက်ဖြစ်တဲ့ဟာမျိုးပေါ့။ အဲဒါကြောင့် အဲလိုမျိုးဖြစ်တဲ့ ကလေးတွေကိုဆိုရင် ကျောင်းမသွားခိုင်းဘူး အိမ်မှာပဲထားထားတယ်” ဟု ဆရာကပြောသည်။

ထိုရောဂါကူးစားမှုမှကာကွယ်ရန် စခန်းရှိဒုက္ခသည်များအား ချောင်းဆိုးရာတွင် ပဝါဖြင့် ပါစပ်ပိတ်ခိုင်းခြင်း၊ ရေများကို ကျိုချက်၍သောက်သုံးခိုင်းခြင်း၊ ခြင်ကိုက်ခြင်းမှ ကာကွယ်မှုများပြုလုပ်စေကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်များတွင်လည်း နောင်တောင်းမြို့ရှိ ကချင်စစ်ပြေးဒုက္ခသည်စခန်းအချို့တွင် အသားဝါရောဂါများဖြစ်ပွားခဲ့ပြီး မန္တလေးဆေးရုံကြီးမှ ဆရာဝန်အောင်မိုင် (Awng Mai) ဦးဆောင်သော ကချင်ဆရာဝန်များ ၁၀ ဦးရောက်ရှိလာကာ ဒုက္ခသည်စခန်တိုင်းတွင် လိုအပ်သောဆေးဝါးများကို ကုသပေးခဲ့ကြောင်း နောင်တောင်း ဒုက္ခသည်ကူညီရေး ကော်မတီဝင် ဆရာမနန်ဘောက် (Nang Bawk) ပြောသည်။

“အားလုံး ၁၀ ယောက်ဟုတ်တယ်။ ဆရာဝန်က ၃ ယောက် သွားဆရာဝန်လည်းပါတယ်။ သွားတွေလည်းနုတ်ပေးတယ်။ စခန်းတစ်ခုမှာ ၃ ရက်စီနေပြီး ဆေးတွေကုပေးတယ်။ သူတို့က မန္တလေးမှာရှိတဲ့ ခရစ်ယာန်အသင်းတော်တွေကနေ အလှူငွေကောက်ပြီး အခုလိုလိုက်ကုပေးတာဟုတ်တယ်တဲ့” ဟု ဆရာမနန်ဘောက်ကပြောသည်။

နာကောင်ကောင့် (Na Kawng Kawng) ဒုက္ခသည်စခန်းသည် နောင်တောင်းခရိုင်ရှိ ကချင်စစ်ပြေးဒုက္ခသည် စခန်း ၆ ခုထဲမှ ၁ခုဖြစ်ပြီး အိမ်ထောင်စု ၉၇ ရှိပြီး လူဦးရေပေါင်း ၃၇၉ ဦးရှိကြောင်း သိရသည်။

Most read this week